အဆိုးကိုအောင်နိုင်ခြင်း
“ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကိုဖြတ်ပါရစေ။” ဤသို့ဣသရေလစစ်ဗိုလ်ချုပ် အဘိရှဲတောင်းဆိုခဲ့သည်။ မိမိ၏သခင် ဘုရင်ဒါဝိဒ်ကို ဗင်ယာမိန်အမျိုးသားရှိမိက မုန်းတီးစွာဆဲဆိုသည်ကိုကြားသည့်အခါ ဒေါသဖြင့် သူတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။—၂ ဓမ္မရာဇဝင် ၁၆:၅-၉။
အဘိရှဲသည် ယနေ့လူအများ ထောက်ခံလေ့ရှိကြသော အတွေးအခေါ်တစ်ခုဖြစ်သည့် မီးကိုမီးဖြင့်သတ်ခြင်းမူကို ကျင့်သုံးနေခြင်းဖြစ်သည်။ မှန်ပါသည်၊ ဒါဝိဒ်ကိုစော်ကားခဲ့သည့်အတွက် ရှိမိကို အဘိရှဲဆုံးမလိုသည်။
သို့သော် ဒါဝိဒ်မည်သို့တုံ့ပြန်ခဲ့သနည်း။ ဒါဝိဒ်က “သူ့ကိုရှိပါလေစေ” ဟုဆိုလျက် အဘိရှဲကိုတားမြစ်လေ၏။ ရှိမိ၏စွပ်စွဲချက်များသည် မှားနေ၍ ဒါဝိဒ်မှာအပြစ်မရှိသော်လည်း သူသည် နှိမ့်ချမှုပြပြီး မတုံ့ပြန်မိရန် ကြိုးစားခဲ့သည်။ သို့ပြုမည့်အစား ယေဟောဝါ၏လက်တွင် အပ်လိုက်သည်။—၂ ဓမ္မရာဇဝင် ၁၆:၁၀-၁၃။
သားဖြစ်သူ၏ မအောင်မြင်သော ဆန့်ကျင်ပုန်ကန်မှုမှထွက်ပြေးခဲ့ပြီးနောက် နန်းတော်သို့ဒါဝိဒ်ပြန်လာသောအခါ ဦးဆုံးခရီးဦးကြိုပြု၍ ခွင့်လွှတ်မှုတောင်းခံသူများထဲတွင် ရှိမိပါဝင်သည်။ တစ်ဖန် အဘိရှဲကသူ့ကိုသတ်လိုသော်လည်း ဒါဝိဒ်ခွင့်မပြုပြန်ပေ။—၂ ဓမ္မရာဇဝင် ၁၉:၁၅-၂၃။
ဤအဖြစ်အပျက်တွင် ဒါဝိဒ်သည် “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ . . . တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏” ဟုတမန်တော်ပေတရုရေးသားဖော်ပြခဲ့သူ ယေရှုခရစ်ကို လျောက်ပတ်စွာပုံတင်ပြခဲ့သည်။—၁ ပေတရု ၂:၂၃။
ယနေ့ ခရစ်ယာန်တို့သည် “စိတ်နှိမ့်ချခြင်းရှိ . . . ၍၊ အချင်းချင်းရန်တုံ့မမူ” ကြဖို့တိုက်တွန်းခံရကြသည်။ (၁ ပေတရု ၃:၈၊ ၉) ဒါဝိဒ်နှင့် ယေရှုခရစ်တို့ပြသခဲ့သောလမ်းစဉ်ကိုလိုက်ခြင်းဖြင့် ကျွန်ုပ်တို့လည်း “အကောင်းအားဖြင့် အဆိုးကိုနိုင်” နိုင်ပါသည်။—ရောမ ၁၂:၁၇-၂၁။