ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
‘အဆင်သင့်သည့်အချိန်၌ဖြစ်စေ၊ မသင့်သည့်အချိန်၌ဖြစ်စေ’ ဟောပြောခြင်း
ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံများတစ်လျှောက် စစ်ဖြစ်ခဲ့သောအခါ ထောင်ပေါင်းများစွာသောသူတို့သည် အကြီးအကျယ်ဆင်းရဲကျပ်တည်းခဲ့ကြသည်။ ထိုဆင်းရဲကျပ်တည်းချိန်အတွင်း ယေဟောဝါသက်သေများသည် လူတို့ကိုအားပေး၍ မျှော်လင့်ချက်ရှိစေရန် အဘက်ဘက်မှကြိုးပမ်းခဲ့ကြ၏။ အောက်ပါစကားများမှာ ဆာရာယေဗိုမြို့တွင် ခေတ္တအမှုဆောင်ခဲ့ဖူးသူ သက်သေခံတစ်ဦး၏စာမှ ကောက်နုတ်ချက်များဖြစ်သည်။
“ဤနေရာတွင် ဘဝမှာခက်ခဲသော်လည်း လူတို့သည် ကျမ်းစာအမှန်တရားကို အတော်များများလက်ခံကြသည်။ ဒေသခံသက်သေခံများသည် ဇွဲရှိရာတွင် အလွန်ကောင်းသော ပုံသက်သေဖြစ်ကြသည်။ ရုပ်ပစ္စည်းအားဖြင့် ဆင်းရဲကြသော်လည်း မြင့်မြတ်သည့်စိတ်ဓာတ်ရှိကြသည်။ အသင်းတော်ရှိလူငယ်အားလုံးနီးပါးမှာ အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်ကြသည်။ သူတို့၏ဇွဲက ကြေညာသူအသစ်များကို အားပေးမှုဖြစ်စေပြီး လုပ်ငန်းတော်၌ဦးဆုံးပါဝင်သည့်လမှစ၍ နာရီ ၆၀ သို့မဟုတ် ထို့ထက်ပို၍သွင်းကြသည်မှာ အံ့ဩစရာမဟုတ်ပါ။
“တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းအပြင် အခြားနည်းအမျိုးမျိုးဖြင့် လူတို့ထံရောက်ရှိရန် ကျွန်ုပ်တို့ကြိုးပမ်းခဲ့ကြသည်။ ဥပမာ၊ မြို့တွင်းမှသင်္ချိုင်းများစွာတွင် ကျမ်းစာစာပေများစွာဝေငှနိုင်သည့် အကျိုးကျေးဇူးများခံစားခဲ့ရကြပြီ။
“ဆေးရုံများ၌လည်း သက်သေခံခဲ့ကြသည်။ ဆာရာယေဗိုဆေးရုံတစ်ခုရှိ နှလုံးရောဂါဌာနမှ အထူးကုဆရာဝန်တစ်ဦးသည် မျက်နှာဖုံးတွင် ‘နှလုံးရပ်တန့်ခြင်း—ဘာပြုလုပ်ပေးနိုင်မည်နည်း’ ဟူသည့်အကြောင်းရေးထားသော ၁၉၉၇၊ ဒီဇင်ဘာ၊ ၈ နိုးလော့! ကိုလက်ခံခဲ့သည်။ အခြားဆရာဝန်များကိုလည်း ဝေမျှပေးနိုင်ဖို့ နောက်ထပ်မှာယူခဲ့သည်။ ထို့နောက် သူ့ ဌာနရှိလူနာအားလုံးထံ သက်သေခံများလည်ပတ်ရန် ခွင့်ပြုခဲ့သည်။ ထို့ကြောင့် တစ်နာရီကျော်လေးအတွင်း တစ်ခုတင်မှတစ်ခုတင်သွားကာ မဂ္ဂဇင်း ၁၀၀ ကျော်ကိုဝေငှခဲ့ကြရသည်။ လူနာများစွာက မိမိတို့ကိုအားပေး၍ မျှော်လင့်ချက်ပေးရန် ဆေးရုံသို့လာရောက်ကြခြင်းမှာ ယင်းသည် ဦးဆုံးအကြိမ်ဖြစ်သည်ဟုဆိုကြသည်။
“အခြားတစ်ကြိမ်တွင် ကလေးများအတွက်သင့်တော်သည့် မဂ္ဂဇင်းဆောင်းပါးများနှင့် ကလေးရောဂါဌာနသို့ လည်ပတ်ခဲ့သည်။ အထူးကုဆရာဝန်သည်လည်း စာကြည့်ခန်းအတွက် ကျွန်ုပ်၏ကျမ်းစာပုံပြင် စာအုပ်အနည်းငယ် လက်ခံယူခဲ့သည်။ ယခု ဆေးရုံမှမိမိတို့သားသမီးများထံ သွားကြသည့်မိခင်များသည် ကျမ်းစာပုံပြင်များကို သူတို့အား နေ့စဉ်ဖတ်ပြကြသည်။ ထိုဆရာဝန်၏အိမ်သို့လည်ပတ်သွားဖို့လည်း စီစဉ်ပြီးဖြစ်သည်။
“ဆာရာယေဗိုမြို့တွင် လူမျိုးကွဲပြားသည့် နေတိုး [မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ ] စစ်သားထောင်နှင့်ချီရှိသည်။ ဤသူတို့သည်လည်း သတင်းတရားကို ကောင်းစွာကြားနာခဲ့ရကြပြီ။ တစ်ခါတစ်ရံ ဘာသာအသီးသီးဖြင့်ထုတ်ဝေထားသော လူမျိုးအပေါင်းတို့အတွက် သတင်းကောင်းများ ဟူသည့်စာအုပ်ကလေးနှင့် ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းများကို သံချပ်ကာကားတစ်စီးမှ တစ်စီးသို့သွားကာဟောပြောကြသည်။ အီတာလျံစစ်တန်းလျားများတွင် မဂ္ဂဇင်း ၂၀၀ ကျော်ဝေငှနိုင်ခဲ့သည်။ အီတာလျံစစ်သားများစွာက ယခင်က ယေဟောဝါသက်သေများနှင့် တစ်ခါမျှစကားမပြောခဲ့ဖူးကြောင်း သိရှိခဲ့ရခြင်းသည် ထူးဆန်းအံ့သြစရာဖြစ်သည်။ နောက်ဆုံးတော့ ဆာရာယေဗိုမြို့တွင် သူတို့နှင့်တွေ့ဆုံခဲ့ကြရလေသည်။
“တစ်နေ့သောအခါ သံချပ်ကာကားတစ်စီးသည် လမ်းဘေး၌ရပ်ထားသည်။ ကျွန်တော့်ထီးနှင့်ကားကိုခေါက်လိုက်ရာ စစ်သားတစ်ဦးထွက်လာသည်။ ‘ငြိမ်သက်ခြင်း၏တမန်များ—မည်သူများနည်း’ ဟူသောမျက်နှာဖုံးခေါင်းစဉ်ရှိ ကင်းမျှော်စင် တစ်အုပ်ကိုပေးလိုက်သည်။ စစ်သားက ကျွန်တော့်ကိုကြည့်ပြီး ‘ခင်ဗျား၊ ယေဟောဝါသက်သေတစ်ယောက်လား’ ဟူ၍မေးသည်။ ကျွန်တော်သက်သေခံတစ်ဦးဖြစ်ကြောင်းသိပြီးနောက် သူက ‘မယုံနိုင်စရာပဲ၊ ဒီမှာလည်းခင်ဗျားတို့ရှိတာပဲကိုး! ကမ္ဘာပေါ်မှာ သက်သေခံတွေမရှိတဲ့နေရာ ရှိမှရှိသေးရဲ့လား’ ဟုပြန်ပြောသည်။”
တမန်တော်ပေါလုက ‘နှုတ်[မြွက်စကား] တော်ကိုဟောပြောလော့။ အဆင်သင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့’ ဟူ၍တိုက်တွန်းခဲ့သည်။ (၂ တိမောသေ ၄:၂၊ သမ္မာ) ကမ္ဘာတစ်ဝန်းရှိ သူတို့၏ယုံကြည်သူချင်းတို့ကဲ့သို့ ဆာရာယေဗိုမြို့မှ ယေဟောဝါသက်သေများသည် တစ်ခုတင်မှတစ်ခုတင်၊ သံချပ်ကာကားတစ်စီးမှတစ်စီးသို့ပင်သွားကာ ဟောပြောနေကြပါသည်တကား!