အိမ်ထောင်ရေးအကြောင်း သင်စဉ်းစားနေသလော
ကမ္ဘာချီဖြစ်ပျက်နေသော ကွာရှင်းခြင်းကို မြေငလျင်လှုပ်ခြင်းနှင့်နှိုင်းမည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုသည် ငလျင်ဗဟိုချက်တွင်ရှိပေလိမ့်မည်။ မကြာသေးမီနှစ်တစ်နှစ်က ထိုနိုင်ငံတွင် အိမ်ထောင်မင်္ဂလာတစ်သန်းကျော်—ပျမ်းမျှအားဖြင့် တစ်မိနစ်လျှင်နှစ်အိမ်ထောင်—ပြတ်စဲခဲ့သည်။ သို့သော် အိမ်ထောင်ရေးစိတ်ဆင်းရဲမှုကို အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင်သာ ကြုံနေရခြင်းမဟုတ်ကြောင်း သင်ကောင်းစွာသတိပြုမိပေမည်။
လေ့လာချက်တစ်ခုအရ ကနေဒါ၊ အင်္ဂလန်နှင့် ဝေးလ်စ်၊ ပြင်သစ်၊ ဂရိနှင့် နယ်သာလန်တို့တွင် ကွာရှင်းမှုနှုန်းသည် ၁၉၇၀ မှစ၍နှစ်ဆကျော်တိုးများလာခဲ့ပြီ။
မောင်နှံစုံအများစုသည် တစ်ဦးကိုတစ်ဦးချစ်မြတ်နိုးကြပြီး တစ်သက်လုံးအတူနေလိုကြသည့်အတွက် လက်ထပ်ထိမ်းမြားကြခြင်းဖြစ်သည်ဟု ယုံကြည်နိုင်စရာအကြောင်းများစွာရှိသည်။ သို့သော် ဝမ်းနည်းစရာကား ပျော်ရွှင်သောအိမ်ထောင်ရေးဖြစ်ဖို့ရည်မှန်းချက်မှာ—စိတ်ကူးယဉ်မျှသာဖြစ်လေ့ရှိသည်။ တကယ့်အဖြစ်မှန်ကိုသိလာချိန်တွင် လူအများက မိမိတို့အလျင်စလိုအိမ်ထောင်ပြုခဲ့ကြောင်း သို့မဟုတ် အိမ်ထောင်ဖက် အရွေးမှားခဲ့ကြောင်း သို့မဟုတ် နှစ်မျိုးစလုံးကိုပြုမိခဲ့ကြောင်း ပြောဆိုခဲ့ကြပြီ။
အိမ်ထောင်အတော်များများ အဘယ်ကြောင့်မအောင်မြင်ရသနည်း။ “ပြင်ဆင်မှုမရှိခြင်းသည် အဓိကအကြောင်းရင်းဖြစ်သည်” ဟု ပိုးပန်းခြင်းအကြောင်းရေးသားသူတစ်ဦးကဆိုသည်။ သူကဤသို့ထပ်ဆင့်ခဲ့သည်– “အိမ်ထောင်ရေးစိတ်ဆင်းရဲမှုဝေဒနာခံနေရသော မောင်နှံစုံတို့၏ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးသည့်အခါ သူတို့ကို ကရုဏာသက်၍ ဒေါသထွက်မိသည်။ သူတို့မျှော်မှန်းခဲ့သည့် နှစ်ဦးနှစ်ဖက်ကျေနပ်ဖွယ်ကောင်းသောဆက်ဆံရေးကို သူတို့မရရှိခဲ့သောကြောင့် ကျွန်မကရုဏာသက်မိသည်။ အိမ်ထောင်ရေးတာဝန်ကြီးမားကြောင်းကို သူတို့ဘာမျှနားမလည်ကြခြင်းကြောင့် ဒေါသထွက်မိသည်။”
အမှန်မှာ လူများစွာသည် အိမ်ထောင်ရေးအောင်မြင်ဖို့ မည်သို့ပြုလုပ်ရမည်ကို အနည်းငယ် သို့မဟုတ် လုံးဝမသိဘဲ အိမ်ထောင်ပြုခဲ့ကြသည်။ သို့သော် ယင်းသည်အံ့သြဖွယ်မဟုတ်ပါ။ ပညာပေးသူတစ်ဦးက ဤသို့ဆိုသည်– “ကြွက်များနှင့် အိမ်မြှောင်များ၏အမူအကျင့်ကိုလေ့လာရန် ကောလိပ်ကျောင်းတက်ခဲ့ကြသော်လည်း လင်နှင့်မယားဟုခေါ်သော လူနှစ်ဦး၏အမူအကျင့်ကိုကား မလေ့လာကြသည့် လူငယ်များစွာရှိ၏။”
အိမ်ထောင်ရေး—သင်ပြုမည့်အိမ်ထောင် သို့မဟုတ် ယခုလက်ရှိသင့်အိမ်ထောင်—အကြောင်း သင်စဉ်းစားနေသလော။ သို့ဆိုလျှင် တကယ့်ဘဝဆက်ဆံရေးသည် ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် အချစ်ဝတ္ထုများတွင် သရုပ်ဖော်ထားရာများနှင့် အလွန်ကွာခြားကြောင်း သတိပြုသင့်သည်။ တစ်ချိန်တည်းတွင် အမှန်တကယ်ချစ်မြတ်နိုးကြသော ရင့်ကျက်သူနှစ်ဦး၏အိမ်ထောင်ရေးကို ဘုရားသခင်ထံမှကောင်းချီးတစ်ခုဟု ယူမှတ်ရပေမည်။ (သု. ၁၈:၂၂; ၁၉:၁၄) သို့ဖြစ်လျှင် သင်သည် အိမ်ထောင်ရေးတာဝန်များကိုထမ်းဆောင်ရန် အသင့်ရှိနေကြောင်း မည်သို့သေချာနိုင်မည်နည်း။ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် အဘယ်အကြောင်းရင်းများကို သင်သုံးသပ်သင့်သနည်း။ သို့မဟုတ် အိမ်ထောင်ပြုပြီးပြီဆိုလျှင် သင့်အိမ်ထောင်၏ အစဉ်ပျော်ရွှင်သာယာမှုကို မည်သို့တိုးပွားစေနိုင်မည်နည်း။