‘သူငယ်ကို ဆုံးမသွန်သင်လော့’
အောင်မြင်သောဥယျာဉ်စိုက်ပျိုးရာ၌ မျိုးကြဲပြီး လအနည်းငယ်အကြာတွင် ပြန်လာ၍ရိတ်သိမ်းခြင်းထက်မက ပါဝင်သည်။ မြေကြီးကိုအသင့်ပြင်ဆင်၍ မျိုးစေ့ကြဲပြီးနောက် အပင်များကြီးထွားလာနိုင်စေရန် ရေလောင်း၍ ပြုစုပျိုးထောင်ပေးခြင်းစသည့် ခက်ခဲပင်ပန်းသောအလုပ်များရှိ၏။
ဤလုပ်ဆောင်မှုများက “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်” ဟုဆိုသော နယပုံပြင် ၂၂:၆ ၏မှန်ကန်မှုကို ကောင်းစွာဖော်ပြနိုင်သည်။ မှန်ပါသည်၊ သားသမီးကိုအောင်မြင်စွာမွေးမြူပြုစုခြင်းတွင် မိဘ၏လေ့ကျင့်ပေးမှုသည် အဓိကအချက်ဖြစ်သည်။
သို့သော် ပေါက်လွှတ်ပဲစားဖြစ်နေသည့် မျက်မှောက်ခေတ်လောကတွင် ဤအကြံပေးချက်ကို လိုက်နာဖို့ပျက်ကွက်သည့် မိဘများစွာရှိသည်။ အခက်အခဲများကို ကိုယ့်ဘာသာကိုယ်ဖြေရှင်းရမည်ဟူသော အများလက်ခံသည့်အယူအဆကို သူတို့လိုက်လျှောက်ကြသောအခါ သားသမီးများကို ကိုယ့်အားကိုယ်ကိုးစေလေ့ရှိကြသည်။ ယင်းသို့သောလမ်းစဉ်က လူငယ်တို့ကို အကျင့်သိက္ခာမဲ့၍ မသမာသူများ၏ မကောင်းသောသြဇာလွှမ်းမှုကို အလွယ်တကူခံရစေသည်။—သု. ၁၃:၂၀။
မိဘများသည် သားသမီးများငယ်ရွယ်စဉ် စောစောကတည်းက ဘုရားရေးရာလေ့ကျင့်မှုပေးခဲ့ခြင်းဖြင့် ခရစ်ယာန်မူများကိုသွတ်သွင်းပေးလျှင် အလွန်ကောင်းလိုက်မည်ဖြစ်ခြင်း! မည်မျှစောစောကတည်းကနည်း။ တမန်တော်ပေါလုက “နို့စို့အရွယ်မှစ၍” ဟုဆိုသည်။ လူငယ်တိမောသေကိစ္စ၌ ထိုသို့ ဖြစ်ခဲ့သည်။ တိမောသေ၏မိခင်ဥနိတ်နှင့် အဖွားလောဣတို့သည် သူ့အား “ဓမ္မကျမ်းစာ” ကိုသွန်သင်ပေးခဲ့သဖြင့် သူသည် “နည်းခံ” ခဲ့ပြီးထိုအယူဝါဒကို ‘နှလုံးသွင်း၍ယုံကြည်’ ခဲ့သည်။ အကျိုးဆက်ကား အဘယ်နည်း။ ယင်းလေ့ကျင့်မှုက ‘ကယ်တင်ခြင်းရရန်’ သူ့ကို ‘ဉာဏ်ပညာရှိစေ’ ရာတွင် အရေးပါခဲ့သည်။—၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅။
အလားတူ ယနေ့လည်း “အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြ” မည်ဆိုလျှင် ကြွယ်ဝသောကောင်းချီးများကို ရိတ်သိမ်းကြရပါလိမ့်မည်။ (ဂလာတိ ၆:၉) ပညာရှိရှောလမုန်ဘုရင်က ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်းမြောက်လိမ့်မည်။ ပညာရှိသောသားကို ဖြစ်ဖွားစေသောသူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။”—သု. ၂၃:၂၄။