မျက်မှောက်ခေတ် ဂရိဖြင့် ကျမ်းစာအသစ်
ဂရိနိုင်ငံတွင် “ဘုရားသခင့်စကားတော်၌ ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီးကိုတက်ရောက်ခဲ့ကြသူတို့အတွက် ၁၉၉၇ ဩဂုတ်လ ၂၃ ရက်နေ့သည် ထူးခြားသောနေ့တစ်နေ့ဖြစ်ခဲ့သည်။ မွန်းလွဲပိုင်းအစီအစဉ်အဆုံးတွင် မျက်မှောက်ခေတ်ဂရိဘာသာစကားဖြင့် ကျမ်းစာအုပ်အသစ်ဖြစ်သည့် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကျမ်းစာအုပ်အသစ်ကို ထုတ်ဝေခဲ့သည်။ အံ့အားသင့်နေကြသည့် ပရိသတ်သည် ဝမ်းသာမျက်ရည်များကျပြီး မတ်တတ်ရပ်လျက် ရှည်လျားစွာလက်ခုပ်တီးသြဘာပေးခဲ့ကြသည်။
ယေဟောဝါသက်သေများသည် ၁၉၀၅ ခုနှစ်ကတည်းက ဂရိသြသဒေါက်စ်ဓမ္မဆရာတစ်ဦးထုတ်ဝေခဲ့သည့် ၁၉ ရာစုကျမ်းစာဘာသာပြန်တစ်အုပ်ကို အသုံးပြုခဲ့ကြရသည်။ ၎င်းကျမ်းစာသည်နှစ်များစွာပင် သူတို့အတွက်အသုံးဝင်ခဲ့သည်။ သို့သော် ပို၍တိကျပြီး နားလည်ရလွယ်ကူသည့် ကျမ်းစာဘာသာပြန်တစ်ခုလိုအပ်သည်ဟု ယေဟောဝါသက်သေများ တစ်ခါတစ်ရံခံစားခဲ့ကြရသည်။ ၁၉၉၃ ခုနှစ်၌ ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၏ ဂရိဘာသာပြန်ကျမ်းကိုရရှိခဲ့ကြသည့်အတွက် သူတို့ဝမ်းမြောက်ခဲ့ကြသည်။ သို့သော် ယခုမူ မျက်မှောက်ခေတ်ဂရိဘာသာစကားဖြင့် ကျမ်းစာတစ်အုပ်လုံးကိုရရှိကြသည့်အတွက် အလွန့်အလွန်ဝမ်းသာကြရသည်။
ကျေးဇူးတင်သည့်သက်သေခံတစ်ဦးက ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို “ကျွန်ုပ်တို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် ပထမဆုံးအကြိမ် ရှင်းလင်းစွာနားလည်နိုင်သည့် ယေဟောဝါ၏အသံတော်ကိုသယ်ဆောင်ပေးသော လင်္ကာတစ်ပုဒ်၊ လေပြည်လေညင်းဖြစ်သည်” ဟုတင်စားခေါ်ဆိုခဲ့သည်။ အချို့သည် မိမိတို့၏အိမ်သို့ရောက်ရောက်ချင်းပင် ၎င်းတို့၏ကျမ်းစာအသစ်ကို စတင်ဖတ်ရှုကြသည်။ စိတ်ဓာတ်တက်ကြွနေသော စည်းဝေးကြီးတက်ရောက်သူတစ်ဦးသည် ယောဘကျမ်းတစ်စောင်လုံးကိုဖတ်ပြီးသည့် နံနက်တစ်နာရီတိုင်အောင် သူ၏ကျမ်းစာအုပ်ကို လက်ထဲကမချခဲ့ပါ!
ဂရိဘာသာစကားဖြင့် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် ခုနစ်နှစ်ခန့် အပင်ပန်းခံလုပ်ဆောင်ခဲ့ခြင်း၏ အကျိုးရလဒ်ဖြစ်သည်။ “ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် စိတ်ရင်းမှန်သူများကို ယေဟောဝါအကြောင်းသင်ယူရန် အကူအညီပေးရာ၌ ကျွန်ုပ်တို့တွက် များစွာအကူအညီဖြစ်မည်ကို သင်စိတ်ချနိုင်ပါသည်” ဟုရရှိခဲ့သည်စာတစ်စောင်ကဆိုသည်။