အတိတ်ကအမှားများမှ သင်ယူခြင်း
ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ အကျင့်ဆိုင်ရာပညတ်ချက်များသည် အမြဲတည်ပြီး မပြောင်းလဲပါ။ ယင်းကြောင့် ဂလာတိ ၆:၇ တွင်တွေ့ရသောမူသည် ယနေ့တွင်သက်ဆိုင်သည်– “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။” မှန်ပါသည်၊ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ထံစာရင်းရှင်းရမည်ကို ငြင်းဆိုကောင်းငြင်းဆိုပေမည်၊ သို့သော် ဘုရားသခင့်ဥပဒေသည် တစ်သမတ်တည်းရှိနေသည်။ နောက်ဆုံးတွင် မည်သူမျှ မိမိအပြုအမူများ၏အကျိုးဆက်ကို မခံရဘဲနေမည်မဟုတ်ပေ။
ထင်ရာစိုင်းခဲ့ပြီးနောက်ပြောင်းလဲကာ ဘုရားသခင့်ကျေးကျွန်တစ်ဦးဖြစ်လာသူကော အသို့နည်း။ သူသည် ယခင်ဘဝလမ်းစဉ်၏ အကျိုးဆက်များကို ခံနေရဆဲဖြစ်ပေမည်။ သို့သော် ယင်းကြောင့် သူ့ကို ဘုရားသခင်ခွင့်မလွှတ်ဟု မဆိုလိုပါ။ ဘုရင်ဒါဝိဒ်သည် ဗေသရှေဘနှင့် သူ့သားအိမ်ရာပြစ်မှားခဲ့ခြင်းကြောင့် ဆင်းရဲခြင်းဘေးများစွာခံခဲ့ရသည်။ သူသည် ၎င်းကို မလွတ်မြောက်နိုင်ခဲ့ပါ။ သို့သော် သူနောင်တယူခဲ့ပြီး ဘုရားသခင့်ခွင့်လွှတ်မှုကို ခံစားခဲ့ရသည်။—၂ ဓမ္မရာဇဝင် ၁၂:၁၃-၁၉; ၁၃:၁-၃၁။
သင်ပြုမိခဲ့သည့်အမှားများ၏ အကျိုးဆက်ကိုခံရသောကြောင့် စိတ်ဓာတ်ကျဖူးခဲ့ပါသလော။ မှန်ကန်စွာကြည့်မည်ဆိုလျှင် ဝမ်းနည်းခြင်းက ကျွန်ုပ်တို့အား ‘မကောင်းမှုဘက်သို့မလှည့်ရန် သတိရှိ’ ဖို့နှိုးဆော်မှုအဖြစ် လုပ်ဆောင်ပေးနိုင်သည်။ (ယောဘ ၃၆:၂၁) မှန်သည်၊ ဝမ်းနည်းစိတ်က အမှားကို ထပ်မံမပြုလုပ်မိရန် ကူညီနိုင်သည်။ ထိုထက်ကား ဒါဝိဒ်သည် အပြစ်ပြုမိ၍ရရှိခဲ့သော အတွေ့အကြုံကို မိမိတစ်ဦးတည်းအတွက်သာမဟုတ်ဘဲ အခြားသူများအတွက်ပါအကျိုးရှိစေရန် အသုံးပြုခဲ့သည်။ သူဤသို့ဆိုခဲ့သည်– “အပြစ်ပြုသူများသည် ကိုယ်တော်ထံ ပြန်လာကြမည်အကြောင်း ဥပဒေချိုးဖောက်သူတို့အား ကိုယ်တော်၏လမ်းစဉ်ကို ပြသသွန်သင်ပါမည်။”—ဆာလံ ၅၁:၁၃၊ ကဘ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဗေသရှေဘနှင့် ပြစ်မှားခြင်းမှ ဒါဝိဒ်သင်ခန်းစာရခဲ့