ဆရာဝန်များ၊ တရားသူကြီးများနှင့် ယေဟောဝါသက်သေများ
လွန်ခဲ့သည့် ၁၉၉၅၊ မတ်လက ယေဟောဝါသက်သေတို့သည် နှီးနှောဖလှယ်ပွဲနှစ်ခုကို ဘရာဇီးတွင် ကမကထပြု၍ကျင်းပခဲ့ကြသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်နည်း။ ယေဟောဝါသက်သေတစ်ဦး ဆေးရုံတက်ပြီး သွေးသွင်းခြင်းကို လက်မခံသောအခါ ဆေးဘက်ဆိုင်ရာနှင့် ဥပဒေဆိုင်ရာဝန်ထမ်းများ၏ ပူးပေါင်းဆောင်ရွက်မှုကိုရရှိဖို့ ကြိုးစားကြရန်ဖြစ်သည်။—တမန်တော် ၁၅:၂၉။
ဝမ်းနည်းစရာကား၊ အချို့ကိစ္စများတွင် ဆရာဝန်တို့သည် သက်သေခံလူနာတို့၏ဆန္ဒကို လျစ်လျူရှုခဲ့ပြီး အတင်းအကျပ်သွေးသွင်းရန် တရားရုံးအမိန့်များရရှိဖို့ ကြိုးစားခဲ့ကြသည်။ ဤကဲ့သို့သောအခြေအနေမျိုးများ၌ သက်သေခံတို့သည် ကိုယ့်ကိုယ်ကိုကာကွယ်ရန် ဥပဒေဆိုင်ရာ မည်သည့်နည်းလမ်းကိုမဆို အသုံးချခဲ့ကြသည်။ သို့သော် သူတို့သည် ထိပ်တိုက်ဆန့်ကျင်မှုထက် ပူးပေါင်းဆောင်ရွက်ခြင်းကို ပို၍ကြိုက်နှစ်သက်ခဲ့ကြသည်။ သို့ဖြင့် နှီးနှောဖလှယ်ပွဲများတွင် အုပ်စုတူသွေးသွင်းခြင်းကုသနည်းအစား အခြားကုသနည်းများစွာရှိကြောင်းနှင့် ယေဟောဝါသက်သေတို့သည် ယင်းတို့ကိုဝမ်းမြောက်ဝမ်းသာလက်ခံကြောင်း အလေးအနက်တင်ပြခဲ့သည်။a
စောပေါ်လို၏ဒေသန္တရဆေးကောင်စီ အစည်းအဝေးတစ်ခုတွင် သက်သေခံတို့၏ခံယူချက်ကို ထောက်ခံခဲ့ပြီးဖြစ်သည်။ ဆရာဝန်တစ်ဦး၏အကြံပြုထားသောကုသနည်းကို သဘောမတူလျှင် လူနာသည် ယင်းကို ငြင်းဆိုပြီး အခြားဆရာဝန်ကိုရွေးချယ်ဖို့ အခွင့်အရေးရှိသည်ဟု ၁၉၉၅၊ ဇန်နဝါရီလ၌ ဆုံးဖြတ်ချက်ချခဲ့ကြသည်။
ချီးကျူးစရာမှာ၊ သွေးမသွင်းလိုသော လူနာများကို သွေးမပါဘဲကုသပေးလိုကြသော ဘရာဇီးဆေးပညာဆိုင်ရာအဖွဲ့ဝင်များ ယခုအခါ ရာချီရှိနေပါသည်။ ၁၉၉၅၊ မတ်လနှီးနှောဖလှယ်ပွဲများပြီးနောက် ဘရာဇီးရှိဆရာဝန်များ၊ တရားသူကြီးများနှင့် ယေဟောဝါသက်သေများတို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် ထူးခြားထင်ရှားစွာ တိုးတက်ခဲ့သည်။ ၁၉၉၇ ခုနှစ်၌ အဲမ္ဘီးတူး အော့စ်ပီးတာလာရ်အမည်ရှိ ဘရာဇီးဆေးမဂ္ဂဇင်းတွင် သွေးကိစ္စနှင့်ပတ်သက်သည့် ယေဟောဝါသက်သေတို့၏ ရပ်တည်မှုလေးစားခံရရန် အခွင့်အရေးများ တောင်းဆိုထားသော ဆောင်းပါးတစ်ပုဒ်ကို ရေးသားခဲ့သည်။ ရီယိုဒီဂျနေရိုနှင့်စောပေါ်လိုပြည်နယ်၏ ဒေသန္တရဆေးကောင်စီက “မိမိလူနာ၏အသက်ကိုကာကွယ်ရန် ဆရာဝန်၏တာဝန်သည် လူနာ၏ရွေးချယ်ပိုင်ခွင့်ကိုခုခံဖို့ တာဝန်ကိုမလွှမ်းမိုးသင့်ပါ” ဟုဖော်ပြထားသည့်အတိုင်း ယခုယင်းကို ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုလျက်ရှိကြသည်။
[အောက်ခြေမှတ်ချက်များ]
a အသေးစိတ်အချက်အလက်များအတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မှ ထုတ်ဝေသည့် သွေးသည်သင့်အသက်ကိုမည်သို့ကယ်တင်နိုင်သနည်း [လိပ်] ဘရိုရှာကိုရှု။