“ယင်းသည် ရနိုင်သမျှကြားညှပ်ဓမ္မသစ်ကျမ်းတွင် အကောင်းဆုံးဖြစ်သည်”
၎င်းမှာ ဂရိကျမ်းစောင်များ၏ နိုင်ငံတော်ကြားညှပ်ဘာသာပြန်ကျမ်း နှင့်စပ်လျဉ်း၍ ဒေါက်တာ ဂျေစဲန် ဘဒွန်း၏ဖော်ပြချက်ဖြစ်သည်။ သူဤသို့ရှင်းပြသည်–
“. . . [ယူ.အက်စ်.အေ] ဘလူမင်တန်မြို့ရှိ အင်ဒီယန်းနားတက္ကသိုလ်မှ ဘာသာရေးသုတေသနပြုဌာန၏ သင်တန်းတစ်ခုကို ကျွန်တော်ပို့ချပြီးရုံရှိသေးသည်။ ယင်းသည် အဓိကအားဖြင့် ခရစ်ဝင်ကျမ်းဆိုင်ရာ သင်တန်းတစ်ခုဖြစ်ပါသည်။ သင်တို့၏ ဂရိကျမ်းစောင်များ၏ နိုင်ငံတော်ကြားညှပ်ဘာသာပြန်ကျမ်း စာစောင်မှ အထောက်အကူရရှိခဲ့ပြီး ကျွန်တော့်ကျောင်းသားများက ယင်းကို ကျောင်းသုံးစာအုပ်တစ်အုပ်အနေနှင့် အသုံးပြုကြသည်။ ၎င်းအတွဲငယ်များသည် သင်တန်းအတွက် အဖိုးတန်လှပြီး ကျွန်တော့်ကျောင်းသားများက အလွန်သဘောကျကြပါသည်။”
ဒေါက်တာ ဘဒွန်းသည် နိုင်ငံတော်ကြားညှပ်ဘာသာပြန်ကျမ်းကို သူ၏ကောလိပ်သင်တန်းများ၌ အဘယ်ကြောင့်အသုံးပြုပါသနည်း။ သူဤသို့ဖြေသည်– “ရိုးရိုးပြောရလျှင် ယင်းသည် ရနိုင်သမျှကြားညှပ်ဓမ္မသစ်ကျမ်းထဲတွင် အကောင်းဆုံးဖြစ်သည်။ ကျွန်တော်သည် ခေတ်သစ်ကျမ်းဆိုင်ရာလေ့လာမှုတွင် အသုံးပြုသောစာပေစာသားများနှင့် အကျွမ်းတဝင်ရှိပြီး လေ့ကျင့်တတ်ကျွမ်းပြီးသည့် ကျမ်းပညာရှင်တစ်ဦးဖြစ်ကာ စကားမစပ် ကျွန်တော်သည် ယေဟောဝါသက်သေတစ်ဦးမဟုတ်ပါ။ သို့သော် စာအုပ်ကိုကျွန်တော်မြင်လိုက်သည်နှင့် အရည်အသွေးမြင့်မားသောစာပေဖြစ်ကြောင်းနှင့် သင်တို့၏ ‘ကမ္ဘာသစ်ဘာသာပြန်ကျမ်းကော်မတီ’ သည် ယင်းကို ကောင်းကောင်းပြုစုထားကြောင်း ကျွန်တော်အသိအမှတ်ပြုပါသည်။ ဂရိစကားပြောကမ္ဘာနှင့် ကျွန်ုပ်တို့၏ကမ္ဘာကြား၌ရှိသော ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အတွေးအခေါ်ဆိုင်ရာ ကွာဟမှုများကို စာဖတ်သူများက သတိပြုမိလာသည့်အထိ သင်တို့၏အင်္ဂလိပ်ကြားညှပ်ပြန်ဆိုချက်သည် တိကျပြီးရှေ့နောက်ညီညွတ်မှုရှိသည်။ သင်တို့၏ ‘ကမ္ဘာသစ်ဘာသာပြန်ကျမ်း’ သည်ဂရိနှင့် တထေရာတည်းဖြစ်ကာ ထုံးတမ်းစဉ်လာလိုက်သည့် လွဲမှားစွာပြန်ဆိုချက်များကိုရှောင်ရှားသော အဆင့်အတန်းမြင့်မားသည့် လုံးစေ့ပတ်စေ့ဘာသာပြန်ကျမ်းဖြစ်သည်။ ယင်းသည် ယနေ့သုံးစွဲနေကြသော အောင်မြင်မှုအရှိဆုံးဘာသာပြန်ကျမ်းများထက် နည်းအမျိုးမျိုးဖြင့်သာလွန်ပါသည်။”
ဘုရားသခင့်စကားတော်ကို ချစ်မြတ်နိုးသူများအနေနှင့် သမ္မာကျမ်းစာ၏မူရင်းဂရိကျမ်းနှင့် ရင်းနှီးကျွမ်းဝင်စေရန်အတွက် ဂရိကျမ်းစာစောင်များ၏ နိုင်ငံတော်ကြားညှပ်ဘာသာပြန်ကျမ်း ကိုယေဟောဝါသက်သေများက ထုတ်ဝေထားခြင်းဖြစ်ပါသည်။ စာမျက်နှာ၏ဘယ်ခြမ်းတွင် မူရင်းဂရိစကားဖြင့်ဓမ္မသစ်ကျမ်း ပါရှိသည်။ (ဘီ. အက်ဖ်. ဝက်စ်ကော့ထ်နှင့် အက်ဖ်. ဂျေ. အေ ဟော့ထ်တို့ရေးသားပြုစုသည်) ဂရိစာသားအောက်တွင် လုံးကောက်အင်္ဂလိပ်ဘာသာပြန်ချက်ကို တွေ့ရသည်။ ညာဘက်ကော်လံကျဉ်းကျဉ်းမှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ဖြစ်ပြီး ကြားညှပ်ဘာသာပြန်ကျမ်းကို မျက်မှောက်ခေတ်အင်္ဂလိပ်ဘာသာပြန်ကျမ်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။