ယင်းတို့သည် ၎င်းတို့၏ဖန်ဆင်းရှင်ကို တိတ်ဆိတ်စွာချီးမွမ်းကြ
နေဝင်ဆည်းဆာချိန်များသည် ပင်ကိုအရ ရင်သပ်ရှုမောဖွယ်ဖြစ်ပါသည်။ သို့သော် အီတလီနိုင်ငံ တက်စ္စကနီနယ်မှ အပ်ယွဲန်း အဲ့လ်ပ် တောင်တန်းရှိ ဤတောင်အနောက်သို့ဆင်းသွားသော နေ၏မြင်ကွင်းမှာ အမှန်ပင် လက်ဖျားခါလောက်ပေသည်။
အဝေးမှကြည့်လျှင် နေသည် ၎င်းအနောက်သို့ ဆင်းသွားသည်ထက် တောင်ထဲသို့ကျသွားသည်ဟု ထင်မှတ်ရသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတောင်ထိပ်တွင် တောင်ထဲမှဆွဲထုတ်ထားဘိသည့်အလား ထင်မြင်ရသောသဘာဝခုံးတစ်ခုကြောင့်ဖြစ်သည်။ အမှန်အားဖြင့် ဤအငူစွန်းကြောင့် ထိုးဖောက်နေသောတောင်ဟုအဓိပ္ပာယ်ရှိသော မောန်တေဖိုရာတို ဟူသည့်အမည်ကိုရရှိခဲ့သည်။ ကမ္ဘာက နေကိုလှည့်ပတ်မှုကြောင့် ခုံးမှဖြတ်၍မြင်ရသော မောန်တေဖိုရာတိုတောင်အတွင်းသို့ နေကျသွားဟန်တူသည့်မြင်ကွင်းကို တစ်နှစ်လျှင်နှစ်ကြိမ်သာတွေ့ မြင်နိုင်ပါသည်။
သက်မဲ့မိုးကောင်းကင်သည် အခြားဖန်ဆင်းရာများကဲ့သို့ မိမိတို့၏ဖန်ဆင်းရှင်ကို ချီးမွမ်းပါသည်။ မည်သို့အားဖြင့်နည်း။ လှပသောပန်းချီကားချပ်တစ်ခုက ယင်းကိုရေးဆွဲသည့်ပန်းချီဆရာကို ချီးကျူးခြင်းခံရစေသကဲ့သို့ပင်ဖြစ်သည်။ အမှန်မှာ ကောင်းကင်တန်ဆာများသည် ယေဟောဝါ၏တန်ခိုးတော်၊ ဉာဏ်ပညာနှင့် ဘုန်းတန်ခိုးကြီးမြတ်မှုကို ဖော်ပြကြပါသည်။ ဆာလံဆရာက ဤသို့ဖော်ပြခဲ့သည့်အတိုင်းပင်ဖြစ်သည်– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍၊ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။” (ဆာလံ ၁၉:၁; ၆၉:၃၄) နေနှင့် အခြားသက်မဲ့တန်ဆာများပင် မိမိတို့၏ဖန်ဆင်းရှင်ကို ချီးမွမ်းသည်ဆိုလျှင် ကျွန်ုပ်တို့အနေနှင့် ပို၍ချီးမွမ်းသင့်ပါသည်တကား!—ဆာလံ ၁၄၈:၁၊ ၃၊ ၁၂၊ ၁၃။