တရားမျှတသောကမ္ဘာ၏ အရိပ်အာဝါသကို သင်တမ်းတပါသလော
ရွက်တိုင်သုံးခုနှင့် နှစ်ထပ်ဖြစ်သော သစ်သားရွက်သင်္ဘောတစ်စီးသည် ယူ.အက်စ်.အေ၊ မက်ဆာချူးဆက်ပြည်နယ်ရှိ ယခုကိပ်ကော့ဒ်ဟုခေါ်သော ဆိပ်ကမ်းသို့ဆိုက်ကပ်လာသည်။ ၆၆ ရက်ကြာပင်လယ်ခရီးကြောင့် ခရီးသည် ၁၀၁ ဦးတို့သည် ပင်ပန်းနွမ်းနယ်လျက်ရှိသည်။ ဘာသာရေးနှိပ်စက်ညှဉ်းပန်းမှုနှင့် စီးပွားရေးအခက်အခဲများမှ လွတ်မြောက်ရန် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်၍ ပင်ပန်းခက်ခဲသောခရီးကိုနှင်ခဲ့ကြသည်။
အဆိုပါမေဖလားဝါးရွက်သင်္ဘောပေါ်မှ ခရီးသည်များသည် ၁၆၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကမ်းခြေတစ်ခုကိုလှမ်းမြင်လိုက်ရသည့်အခါ သူတို့၏မျက်စိသည် ဘဝသစ်တစ်ခုစတင်ရန် မျှော်လင့်ချက်ဖြင့် တောက်ပနေကြသည်။ ခရီးသည်ထဲမှအရွယ်ရောက်သူ အမျိုးသားအများစုသည် သာ၍ကောင်းသောကမ္ဘာအတွက် အုတ်မြစ်ချရန်ဆန္ဒဖြင့် မေဖလားဝါးပဋိညာဉ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုပဋိညာဉ်တွင် “မိမိတို့အဖွဲ့၏ ယေဘုယျကောင်းကျိုး” အတွက် “တရားမျှတ၍ ဘက်လိုက်မှုမရှိသောဥပဒေများ” ကိုပြဋ္ဌာန်းရန် သဘောတူခဲ့ကြသည်။ မှန်မှန်ကန်ကန်ကျင့်ကြံ၍ လူတိုင်းအတွက်မျှတမှုရှိသည့်—တရားမျှတသောကမ္ဘာ—ဆိုင်ရာ သူတို့၏စိတ်ကူးယဉ်အိပ်မက်သည် အကောင်အထည်ပေါ်ပြီလော။
မေဖလားဝါးရွက်သင်္ဘောပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့်ပဋိညာဉ်ကို အမေရိကန်နိုင်ငံအုပ်ချုပ်ရေးစနစ်၏အခရာအဖြစ် ယူမှတ်ကြသော်လည်း မတရားမှုသည် အမေရိကန်တွင် ကမ္ဘာတစ်ခွင်မှာကဲ့သို့ ဖြစ်နေကျဖြစ်ရပ်တစ်ခုပင်။ ဥပမာအနေနှင့် စတိုးပိုင်ရှင်တစ်ဦးကိုလုယက်၊ ပစ်ခတ်ပြီးနောက် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေစဉ် ရဲတို့၏ပစ်ခတ်ခြင်းခံရသော လူတစ်ဦး၏အဖြစ်ကို စဉ်းစားကြည့်ပါလေ။ သူသည် ထိုရဲသားနှင့် နယူးယောက်မြို့တော်ကို တရားစွဲဆိုခဲ့ရာ ဒေါ်လာသန်းချီရ၍ အမှုကျေအေးလိုက်သည်။
အခြားဥပမာတစ်ခုကိုလည်း စဉ်းစားကြည့်ပါဦး။ ကယ်လီဖိုးနီးယားပြည်နယ်၊ ပါစယ်ဒီနားမြို့တွင်ပြုလုပ်သော ရှေ့နေစာမေးပွဲကို ဥပဒေကျောင်းသားများ ဝင်ရောက်ဖြေဆိုနေစဉ် ကျောင်းသားတစ်ဦးသည် ရုတ်တရက်ရောဂါဖောက်ပြီး လဲကျသွားသည်။ အနီးရှိကျောင်းသားနှစ်ဦးက ဆေးအမှုထမ်းများရောက်လာချိန်အထိ ပုံမှန်အသက်ပြန်ရှူလာအောင် လိုလိုလားလားပြုစုပေးခဲ့ကြသည်။ သူတို့သည် ထိုလူနာကိုမိနစ် ၄၀ တိုင်ကူညီပေးခဲ့ကြသည်။ သို့ရာတွင် စာမေးပွဲကို အပြီးဖြေဆိုနိုင်ရန် အချိန်အစားထိုးပေးဖို့ သူတို့တောင်းဆိုကြသည့်အခါ ဝတ်လုံတော်ရအရာရှိက ငြင်းဆိုခဲ့သည်။ရာဇဝတ်မှုကျူးလွန်ခြင်းကြောင့် ဒဏ်စီရင်ခြင်းကိစ္စလည်းရှိသေးသည်။ စီးပွားရေးလေ့လာသုံးသပ်သူ အက်ဒ် ရူဘင်စတိုင်းက ဤသို့ထောက်ပြခဲ့သည်– “ရာဇဝတ်မှုအများစုမှာ ဖမ်းဆီးအရေးယူခြင်းမရှိ။ ဖမ်းဆီးခံရသူအများမှာလည်း တရားစွဲဆိုခြင်းမခံရပေ။ အပြစ်ဒဏ်ခံရသူ များစွာကို အာမခံဖြင့်လွှတ်ပေးကြသည်။ ရာဇဝတ်သားဘက်မှကြည့်လျှင် အပြစ်ဒဏ်ခံရခြင်းသည် မကျိန်းသေဘဲ ဖြစ်တန်ရာသည်။” ဖောက်ထွင်းမှုနှင့်ပတ်သက်သော အချက်အလက်များကို သုံးသပ်ရာတွင် ဖောက်ထွင်းမှုပြုမည့်သူသည် “အကြိမ်အားဖြင့် ၉၈ ရာခိုင်နှုန်းထက်မက ထောင်ဒဏ်မှလွတ်နိုင်သည်” ဟုသူကကောက်ချက်ချသည်။ ဒဏ်စီရင်ခံရဖို့အလားအလာနည်းခြင်းက ရာဇဝတ်မှုနှင့် ရာဇဝတ်သားကောင်များကို ပို၍တိုးများလာစေသည်။—ဒေသနာ ၈:၁၁။နိုင်ငံများစွာတွင် ဆင်းရဲသားအများထုသည် စီးပွားရေးမမျှတမှုဒဏ်ကို ရင်ဆိုင်နေရစဉ် ချမ်းသာသောလူနည်းစုမှာမူ တိုး၍ကြွယ်ဝလျက်ရှိသည်။ လူတို့သည် မိမိတို့၏အသားအရောင်၊ လူမျိုးစုနောက်ခံ၊ ဘာသာစကား၊ လိင် သို့မဟုတ် ဘာသာတရားကြောင့် မိမိတို့အခြေအနေကို ပို၍တိုးတက်စေရန် သို့မဟုတ် မိမိတို့ကိုယ်ကိုထောက်ပံ့ပေးရန်ပင် အခွင့်အလမ်းအလွန်နည်းပါးသည့်အခါ ထိုသို့သောမတရားမှု လွှမ်းမိုးသည်။ ဥပမာအနေနှင့် သည်နယူးယောက်တိုင်းမ်စ် သတင်းစာအရ “ဟိန္ဒူဘာသာလွှမ်းမိုးသည့် အာရှတောင်ပိုင်းတွင်ရှိသော—အများစုမှာ အိန္ဒိယနှင့် နီပေါမှ—လူပေါင်းသန်းနှစ်ရာ့ငါးဆယ်နီးပါးခမျာ ဇာတ်နိမ့်များအဖြစ် မွေးဖွားလာကြပြီး သေဆုံးကြရရှာသည်” ဟုဆိုသည်။ အကျိုးရလဒ်မှာ အဆိုပါသန်းနှင့်ချီသောသူများသည် ဆင်းရဲနွမ်းပါးမှု၊ ဆာလောင်မွတ်သိပ်မှုနှင့် ရောဂါဖိစီးမှုဒဏ်ကို အလူးအလိမ့်ခံရကြရှာသည်။ ပုခက်တွင်းမှ သင်္ချိုင်းတိုင်အောင် မတရားမှုဒဏ်ကို သူတို့ခံရကြသည်။
လူသားများထိန်းချုပ်မပေးနိုင်သော မတရားပုံပေါက်သည့်အရာများကော။ မွေးရာပါချို့ယွင်းမှုများဖြစ်သည့် မျက်စိမမြင်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါချို့ယွင်းခြင်းစသည်တို့ဖြင့် မွေးလာသောကလေးများအကြောင်း စဉ်းစားကြည့်ပါလေ။ အနီးအနားမှ အမျိုးသမီးများသည် ကျန်းမာသန်စွမ်းသော ကလေးငယ်များကို ယုယထွေးပိုက်နေစဉ် မိမိ၏ကလေးမှာမူ မသန်မစွမ်း သို့မဟုတ် အသက်မပါဘဲမွေးဖွားလာလျှင် ထိုအမျိုးသမီးအနေနှင့် မတရားပါဟု ခံစားရမည်မဟုတ်ပေလော။
ဝမ်းနည်းဖွယ်ရာမှာ မတရားမှုနှင့် ယင်း၏အကျိုးဆက်များဖြစ်သည့် အကြီးအကျယ် ဆင်းရဲခံရခြင်းနှင့် ငြိမ်သက်မှု၊ ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုမရှိခြင်းတို့ ပျံ့နှံ့လျက်ရှိသည်။ မိမိတို့တပ်အပ်မြင်ခဲ့ရ သို့မဟုတ် တွေ့ ကြုံခဲ့ရသော မတရားမှုများကို မခံမရပ်နိုင်ဖြစ်ကာ လူများစွာတို့သည် ကြံရာမရသည့်အဆုံး လူ့ဆင်းရဲမှုတိုးများစေခြင်းသာဖြစ်သော အကြမ်းဖက်မှုကို ပြုလုပ်ကြတော့သည်။ စစ်ပွဲအများစု ဖြစ်ပွားရသည့်အကြောင်းရင်းမှာ မတရားမှုဟု ယူမှတ်ကြသည့်အကြောင်းကြောင့်ပင်။
လူတို့သည် တရားမျှတသောကမ္ဘာကို အဘယ်ကြောင့်မဖြစ်ပေါ်စေနိုင်သနည်း။ ယင်းသို့သောကမ္ဘာသည် အိပ်မက်တစ်ခုမျှသာလော။
[Picture Credit Line on page 3]
Corbis-Bettmann
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မေဖလားဝါးပဋိညာဉ်ကိုလက်မှတ်ရေးထိုးခြင်း
[Credit Line]
Corbis-Bettmann