ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဘုရားသခင့်နှုတ်ကပါဌ်တော်၏ သန့်စင်ပေးနိုင်စွမ်း
မူးယစ်ဆေးစွဲသူအများစုသည် ပြန်လည်ထူထောင်ရေးဌာနမှ ထွက်လာကြပြီးနောက် သူတို့၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိကြကြောင်း မှတ်တမ်းကဖော်ပြသည်။ သို့သော် ဆေးကုဌာနက အများအားဖြင့် မလုပ်ဆောင်ပေးနိုင်သောအရာများကို ဘုရားသခင့်နှုတ်ကပါဌ်တော်က အောင်မြင်အောင်လုပ်ဆောင်ပေးနိုင်သည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့်ဝိညာဉ်တော်က မူးယစ်ဆေးစွဲခြင်းကိုကျော်လွှားဖို့နှင့် ဤအကြံဉာဏ်ကိုလိုက်နာကျင့်သုံးဖို့အတွက် များစွာသောသူတို့ကို ထောက်ကူပေးခဲ့ပြီ– “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကိုကြောက်ရွံ့ ၍ သန့်ရှင်းခြင်းပါရမီနှင့်ပြည့်စုံကြကုန်အံ့။”—၂ ကောရိန္သု ၇:၁။
မြန်မာနိုင်ငံမှ တွေ့ ကြုံမှုတစ်ခုက ယင်းကို သာဓကအဖြစ်ထင်ရှားစေသည်။ နှစ်ပေါင်းများစွာ မူးယစ်ဆေးစွဲခြင်းကို တွန်းလှန်ခဲ့ရသူတစ်ဦးက ဤသို့ဖော်ပြသည်– “ကျွန်တော်ဆယ်ကျော်သက်အရွယ်ကတည်းက မူးယစ်ဆေးစွဲခဲ့ပါတယ်။ ဆေးစွဲခြင်းကနေ လွတ်မြောက်ဖို့ အကြိမ်ကြိမ်ကျွန်တော်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ မူးယစ်ဆေးဆက်လက်သုံးစွဲနိုင်ဖို့အတွက် ကျွန်တော်ခိုးခဲ့ရတယ်။ ရလဒ်ကတော့ ၁၉၈၈ ခုနှစ်မှာ ထောင်တစ်နှစ်ကျခဲ့တယ်။
“ထောင်ကပြန်ထွက်လာပြီးတဲ့နောက်ပိုင်း အရင်အပေါင်းအသင်းတွေနဲ့ ပြန်ဆက်သွယ်မိခဲ့တယ်။ အဲ့ဒီနောက်မကြာခင်မှာပဲ မူးယစ်ဆေးသုံးစွဲသူ ပြန်ဖြစ်လာတယ်။ ဒီလိုကိုယ့်ကိုကိုယ်ပျက်စီးစေတဲ့လမ်းစဉ်ကြောင့် မိသားစုဝင်တွေက ကျွန်တော့်ကို လုံးဝအဆက်အသွယ်ဖြတ်လိုက်တယ်။ ဒါတင်မကဘူး၊ ကျွန်တော်ရဲ့ကလန်ကဆန်လုပ်တဲ့စိတ်ကြောင့် ရပ်ကွက်ထဲကလူတွေလည်း ကျွန်တော်ကိုကြောက်ရွံ့ပြီး စရှောင်ကြတော့တာပဲ။
“အဲ့ဒီလိုနဲ့တစ်နေ့မှာ မလွှဲမရှောင်နိုင်တဲ့ဆေးလွန်သွားတာကို ဖြစ်ပျက်ခံစားရပါတော့တယ်။ ဒီအချိန်မှာတော့ ကျွန်တော် ပြန်ပြီးထောင်သုံးနှစ်ကျခဲ့ရတယ်။ ထောင်သားဘဝက အရမ်းကိုကြမ်းတမ်းပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဆက်အသက်ရှင်နိုင်ခဲ့တယ်။
“ထောင်ကနေ အိမ်ကိုပြန်ရောက်လာတဲ့နောက် ကျွန်တော့်မိသားစုကို ပြီးခဲ့တဲ့အမှားတွေအတွက်ခွင့်လွှတ်ဖို့ တောင်းဆိုခဲ့တယ်။ သူတို့တွေက ကျွန်တော့်ကို သဘောထားကြီးကြီးနဲ့ ပြန်လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ အပေါင်းအသင်းတွေဟာ ကျွန်တော်ကို အရင်ဘဝပြန်ရောက်ဖို့ နောက်တစ်ခါ ဆွယ်ခဲ့ကြတယ်။
“နောက်ဆုံးမှာတော့ ကျွန်တော့်အဘွားက ကျွန်တော့်ကို ကျမ်းစာကျောင်းတစ်ခုကို တက်ရောက်ဖို့ ဒေသခံပါစတာတစ်ဦးဆီမှာ အကြံပြုလိုက်တယ်။ ပါစတာက သဘောတူပါတယ်။ ဒါပေမဲ့ သင်တန်းကို ကျွန်တော်မတက်ရောက်ခင်မှာ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ ကျွန်တော့်အဒေါ်က တကယ်ပဲကျမ်းစာသင်ယူချင်တယ်ဆိုရင် သက်သေခံတွေနဲ့ သင်အံမှုပြုသင့်တယ်ဆိုပြီး ပြောပါတယ်။
“ဘုရားသခင့်နိုင်ငံတော်ခန်းမကို သွားတဲ့အခါမှာ ကျွန်တော့်ကို ကျမ်းစာသင်အံမှုပြုလုပ်ဖို့ သဘောတူတဲ့ လူတစ်ဦးနဲ့မိတ်ဆက်ပေးတယ်။ တက်ရောက်လာကြတဲ့သူတွေက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြပြီး ရင်းရင်းနှီးနှီးဆက်ဆံကြတယ်လို့ ခံစားမိတယ်။
“ကျွန်တော်ကျမ်းစာစလေ့လာပြီး ခရစ်ယာန်အစည်းအဝေးတွေတက်လာတဲ့အခါ မူးယစ်ဆေးစွဲလမ်းတဲ့စိတ်ကို ဘုရားသခင်ထံချဉ်းကပ်ဖို့စိတ်ဆန္ဒနဲ့ အစားထိုးခံရတယ်။ တစ်နှစ်အကြာမှာ ယေဟောဝါဘုရားသခင်ထံ ကျွန်တော့်အသက်တာကို ဆက်ကပ်အပ်နှံတဲ့အထိ တိုးတက်လာခဲ့ပြီး ရေမှာနှစ်ခြင်းခံခြင်းအားဖြင့်အပ်နှံကြောင်း တင်ပြခဲ့ပါတယ်။
“မကြာခင်က တစ်အိမ်မှတစ်အိမ်သွားနေတုန်း ကျွန်တော်ရဲ့အရင်မူးယစ်ဆေးသုံးစွဲတဲ့အပေါင်းအသင်းတွေထဲက တစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ ကျွန်တော်ရဲ့အကြီးအကျယ်ပြောင်းလဲမှုကို သူနားမလည်နိုင်အောင်ဖြစ်ခဲ့ရတယ်။ ဒါဟာ သူ့ကိုသက်သေခံဖို့ လမ်းစပွင့်သွားခဲ့ပြီး ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်အကြောင်းကို ပြောပြနိုင်ခဲ့တယ်။
“အဆုံးမှာတော့ ဘဝရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်နဲ့အဓိပ္ပာယ်ကို ကျွန်တော်တွေ့ ရှိခဲ့ပါပြီ။ ဘုရားသခင့်ထောက်မမှုနဲ့ ကိုယ်တော့်နှုတ်ကပါဌ်တော်က အကြံဉာဏ်တွေကြောင့် အကျင့်ပျက်ပြားစေတဲ့ မူးယစ်ဆေးသုံးစွဲတဲ့အကျင့်ဖြတ်နိုင်ဖို့ တခြားသူတွေကို ကျွန်တော်အကူအညီပေးနိုင်ပါပြီ”။