စာရှုသူများထံမှမေးခွန်းလွှာ
၁၄ ရာစုမှ ဂျူးလူမျိုးဆေးဆရာ ရှဲမ်းတုတ်ဘ် ဘဲန် အိုက်ဇက် အီဘန် ရှာပရုထ်ရေးကူးခဲ့သော ဟေဗြဲဘာသာစကားနှင့်ရေးသားထားသည့် မဿဲကျမ်းစာစောင်တွင် တက်တြာဂရမ်မီတန် (ဘုရားသခင့်နာမတော်၏ ဟေဗြဲအက္ခရာလေးလုံး) ကိုတွေ့ရသလော။
မတွေ့ရပါ။ သို့သော် ကင်းမျှော်စင်၊ ၁၉၉၆၊ ဩဂုတ် ၁၅၊ စာမျက်နှာ ၁၃ တွင်ဖော်ပြထားသည့်အတိုင်း ဤမဿဲကျမ်းသည် ဟာရှမ် (အပြည့်အစုံ သို့မဟုတ် အတိုကောက်) ဟူသည့်စာလုံးကို ၁၉ ကြိမ်အသုံးပြုထားသည်။
ဟာရှမ် ဟူသောဟေဗြဲစကားလုံးက “နာမတော်” ဟူ၍ အဓိပ္ပာယ်ရှိသည်၊ ယင်းသည် မြင့်မြတ်သောနာမတော်ကို ရည်ညွှန်းသည်မှာသေချာသည်။ ဥပမာအနေနှင့် ရှဲမ်းတုတ်ဘ်၏ကျမ်းတွင် ဟာရှမ်အတိုကောက်ပုံစံကို မဿဲက ဟေရှာယ ၄၀:၃ ကိုကိုးကားထားသည့် မဿဲ ၃:၃ တွင်တွေ့ရသည်။ ဟေဗြဲကျမ်းစာစောင်များမှ တက်တြာဂရမ်မီတန်ပါသည့်ကျမ်းပိုဒ်ကို မဿဲကိုးကားသောအခါ ဘုရားသခင့်နာမတော်ကို သူ၏ခရစ်ဝင်ကျမ်းတွင် ထည့်သွင်းခဲ့သည်ဟု ကောက်ချက်ချခြင်းသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ပေသည်။ ထို့ကြောင့် ရှဲမ်းတုတ်ဘ်၏ ဟေဗြဲဘာသာနှင့်ကူးရေးသောကျမ်းမှာ တက်တြာဂရမ်မီတန်ကို အသုံးပြုထားခြင်းမရှိသော်လည်း မဿဲ ၃:၃ တွင်ကဲ့သို့ “နာမတော်” ဟူသော စကားလုံးကိုသုံးထားခြင်းက ခရစ်ယာန်ဂရိကျမ်းစာတွင် “ယေဟောဝါ” ကိုသုံးရန် ထောက်ခံအားပေးသည်။
ရှဲမ်းတုတ်ဘ်သည် ဟေဗြဲစာပေနှင့်ရေးသားထားသော မဿဲကျမ်းကို အီဗန်ဘိုချန်ခေါ် သူ၏အချေအတင်ရေးသားထားသည့် စာအုပ်ထဲတွင်ကူးရေးထားသည်။ သို့သော် ထိုဟေဗြဲကျမ်း၏ မူရင်းကားအဘယ်နည်း။ ဤကိစ္စကိုကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုခဲ့သူ ပါမောက္ခ ဂျော့ဂ်ျ ဟောက်ဝဒ်က “ရှဲမ်းတုတ်ဘ်၏ ဟေဗြဲစာဖြင့်ရေးသော မဿဲကျမ်းစာစောင်သည် ခရစ်ယာန်ခေတ်၏ ပထမပိုင်းလေးရာစုအတွင်း တစ်ချိန်ချိန်တွင်ရေးကြောင်း ထင်ရှားသည်”a ဟုတင်ပြသည်။ ဤကိစ္စနှင့်ပတ်သက်၍ အခြားသူများက သူနှင့်သဘောထားကွဲလွဲနိုင်သည်။
“ဤကျမ်းတွင်ပါဝင်သော ဟေဗြဲစာဖြင့်ရေးသည့် မဿဲကျမ်းစာစောင်သည် ဂရိစာဖြင့်ရေးသော မဿဲကျမ်းစာစောင်နှင့် ကွာခြားမှုများစွာရှိခြင်းဖြင့် ထူးခြားသည်” ဟုဟောက်ဝဒ်ကမှတ်ချက်ချသည်။ ဥပမာအနေနှင့် ရှဲမ်းတုတ်ဘ်၏ကျမ်းအရ ယောဟန်နှင့်ပတ်သက်၍ ယေရှုဤသို့ပြောခဲ့သည်– “ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်မထွန်းသေး။” ယင်းက ယေရှု၏နောက်စကားများဖြစ်သည့် “သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏” ဆိုသည့်စကားကို ချန်လှပ်ထားသည်။ (မဿဲ ၁၁:၁၁) ယင်းသို့အလားသဏ္ဌာန်တူစွာပင် ဟေဗြဲကျမ်းစာစောင်မှ ဟေဗြဲဘာသာဖြင့်ရေးထားသော ရှိနေဆဲကျမ်းချက်နှင့် ဂရိစက်ပ်ထွားဂျင့်ဘာသာပြန်ကျမ်းမှ ဆိုင်ရာကျမ်းချက်တွင်ပါသော စကားအသုံးအနှုန်းများစပ်ကြား ကွာခြားမှုများစွာရှိသည်။ ထိုကွာခြားမှုများကို ကျွန်ုပ်တို့အသိအမှတ်ပြုသော်လည်း ယင်းသို့သော ရှေးကျသည့်ကျမ်းများသည် နှိုင်းယှဉ်လေ့လာမှုပြုရန် တစ်စိတ်တစ်ဒေသအသုံးဝင်သည်။
ဖော်ပြခဲ့သည့်အတိုင်း ရှဲမ်းတုတ်ဘ်၏မဿဲကျမ်းစာတွင် တက်တြာဂရမ်မီတန်ကို မဿဲအမှန်အသုံးပြုခဲ့သည်ဟုယူဆရန် ခိုင်လုံသည့်အကြောင်းရှိသော နေရာအများ၌ “နာမတော်” ပါဝင်သည်။ ထို့ကြောင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များ၌ ဘုရားသခင်၏နာမတော်အသုံးပြုခြင်းကို ထောက်ခံရန်အတွက် ၁၉၅၀ ပြည့်နှစ်ကတည်းက ရှဲမ်းတုတ်ဘ်၏ကျမ်းကို အသုံးပြုခဲ့ကာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့် ၌ ယင်းကိုကိုးကားထားဆဲဖြစ်သည်။b
[အောက်ခြေမှတ်ချက်များ]
a ဓမ္မသစ်ကျမ်းလေ့လာမှု၊ ဇန်နဝါရီလ ၁၉၉၇၊ အတွဲ ၄၃၊ အမှတ် ၁ ကိုလည်းရှု။
b နယူးယောက်၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ၁၉၈၄ တွင်ထုတ်ဝေသည်။