‘ဘုရားသခင်အား အကျွန်ုပ်ခိုလှုံပါ၏’
ဤ ‘ခဲယဉ်းသောအချိန်’ ၌ စုံစမ်းသွေးဆောင်မှုများနှင့် ဖိစီးမှုများသည် တိုး၍တိုး၍များပြားလာနေသည်။ ဥပမာ၊ ကျွန်ုပ်တို့၏ရိုးသားမှုသည် အလုပ်ခွင်တွင် စမ်းသပ်ခံရပေမည်။ ကျောင်းနေဖက်များက ကျွန်ုပ်တို့၏ဖြူစင်သန့်ရှင်းမှုကို ဖျက်ဆီးဖို့ကြိုးစားပေမည်။ စာရိတ္တယိုယွင်းသည့် လောကကြီးကြောင့်လည်း ကျွန်ုပ်တို့၏သစ္စာတည်ကြည်မှုသည် မကြာခဏ စမ်းသပ်ခံရသည်။—၂ တိမောသေ ၃:၁-၅။
ကျမ်းရေးသူအာသပ်သည်လည်း မတရားမှု များပြားသည့်အချိန်တွင် အသက်ရှင်ခဲ့သည်။ သူနှင့်တစ်ခေတ်တည်းသားအချို့က ၎င်းတို့၏အဓမ္မအမှုများကိုပင် ကြွားဝါခဲ့ကြသည်။ “မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်းအဝတ်ကိုလည်း ဝတ်တတ်ကြ၏။ ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ရယ်ပြု၍ ပြောတတ်ကြ၏။ ထောင်လွှားသောစကားကိုလည်း သုံးတတ်ကြ၏” ဟုအာသပ်ရေးသားခဲ့သည်။ (ဆာလံ ၇၃:၆၊ ၈) ယင်းသဘောထားသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေသလော။
မှန်ကန်ရာကို ပြုမူလိုသူများအတွက် ယင်းသည် အလွန်စိတ်ဆင်းရဲစရာ၊ စိတ်ဓာတ်ကျစရာပင် ဖြစ်ပါသည်။ “နေ့တိုင်းနှောင့်ယှက်ခြင်း . . . ကို ငါခံရ၏။ . . . အလွန်ခက်သည်” ဟုအာသပ်ညည်းညူခဲ့သည်။ (ဆာလံ ၇၃:၁၄၊ ၁၆) သင်လည်း ထပ်တူခံစားရပေမည်၊ သို့သော် စိတ်မပျက်ပါနှင့်! အာသပ်သည် သူ၏ခေတ်က မတရားမှုကို တိုက်လှန်နိုင်ခဲ့သည်နည်းတူ သင်လည်း ထိုသို့ပြုနိုင်ပါသည်။ သို့သော် မည်သို့အားဖြင့်နည်း။
လူသားတို့၏ မစုံလင်သောအုပ်ချုပ်မှုအောက်တွင် တရားမျှတမှုအစစ်အမှန်ကို တွေ့ ရှိနိုင်ရန် အလွန်ခဲယဉ်းကြောင်း အာသပ်သိရှိလာသည်။ (ဆာလံ ၁၄၆:၃၊ ၄; သု. ၁၇:၂၃) ယင်းကြောင့် သူ၏ဝန်းကျင်ရှိ မတရားမှုများကို ရှင်းလင်းပစ်ရန် သူ၏တန်ဖိုးရှိအချိန်၊ စွမ်းအင်နှင့် အရည်အချင်းတို့ကို အလဟဿဖြစ်စေမည့်အစား မိမိနှင့်ဘုရားသခင်၏ဆက်ဆံရေးအပေါ် သူအာရုံနစ်မြုပ်ထားလေသည်။ အာသပ်က ဤသို့ပြောဆိုခဲ့သည်– “အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏။ . . . အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။”—ဆာလံ ၇၃:၂၈။
ယနေ့ မသမာသည့်နည်းဖြင့် စီးပွားရှာသူများသည် များသောအားဖြင့် ကြွယ်ဝချမ်းသာကြသည်။ လူအများသည် ဘုရားသခင်၏ ကျင့်ဝတ်ဆိုင်ရာဥပဒေများကို လျစ်လျူ ရှုခြင်းကိုပင် ဂုဏ်ယူကြပေမည်။ သို့သော် သူတို့ အစဉ်ကြီးပွားနေကြမည်မဟုတ်ပါ။ “အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကိုချောသောအရပ်၌ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏” ဟုအာသပ်ကသတိပြုစေသည်။—ဆာလံ ၇၃:၁၈။
မှန်ပါသည်၊ ဘုရားသခင်သတ်မှတ်ထားချိန်ရောက်လျှင် ကလိမ်ကျမှု၊ အကြမ်းဖက်မှု၊ အဂတိလိုက်စားမှုနှင့် စစ်မှန်သောခရစ်ယာန်များ ရှောင်ကြဉ်ရကြမည့် အခြားအခြားသော မတရားသောအကျင့်အားလုံးတို့သည် သုတ်သင်ရှင်းလင်းခံရလိမ့်မည်။ ကျမ်းစာက ဤသို့ကတိပြုသည်– “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား၊ ပြည်တော်ကိုအမွေခံရကြလိမ့်မည်။” (ဆာလံ ၃၇:၉) ဤအချိန်အတောအတွင်း “ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသောအစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ၊ ငါ့ကိုကယ်တင်သောဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏” ဟုပြောဆိုခဲ့သော ဆာလံဆရာ၏စကားကို ကျွန်ုပ်တို့ပဲ့တင်ထပ်နိုင်ကြပါစေ။—ဆာလံ ၁၈:၂။