ငယ်ရွယ်စဉ်၌ ထမ်းပိုးကို ထမ်းခြင်း
ငယ်ရွယ်သူများသည် ‘ဤခဲယဉ်းသောကာလ၌’ လေးလံသောဖိစီးမှုများကို ကြုံနေရသည်။ (၂ တိမောသေ ၃:၁) အကျင့်ယိုယွင်းခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ပျက်စီးစေသည့်အခြားသောအမူအကျင့်တို့ကို အားပေးသောဝါဒဖြန့်မှု၏ တရစပ်စုပြုံပစ်ခတ်ခြင်းကို သူတို့ နေ့စဉ်ခံကြရသည်။ သမ္မာကျမ်းစာစံချိန်အတိုင်း လိုက်လျှောက်သူများသည် လူအများစုလုပ်သလိုလိုက်မလုပ်သည့်အတွက် ပြက်ရယ်ပြုလှောင်ပြောင်ခြင်းခံရကာ အချို့ခရစ်ယာန်တို့က အညံ့ခံအရှုံးပေးလိုက်မှ အေးဆေးသက်သာမည်ဟု ခံစားရပေမည်။
ဘီ.စီ.အီး. ခုနစ်ရာစုကုန်ခါနီးတွင် ယေရမိက “လူသည်အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏” ဟုရေးသားခဲ့သည်။ (မြည်တမ်းစကား ၃:၂၇) သူဘာကို ဆိုလိုသနည်း။ ငယ်ရွယ်စဉ် စမ်းသပ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းက အသက်ကြီးရင့်လာသောအခါ ရင်ဆိုင်ရသည့်စိန်ခေါ်ချက်များကို အသင့်ဖြစ်စေရန်ကူညီပေးသည်။ ဆင်းရဲဒုက္ခများသည် မနှစ်လိုဖွယ်ရာဖြစ်သော်ငြားလည်း ခရစ်ယာန်လူကြီးနှင့်လူငယ်မဟူ ရှောင်လွှဲ၍မရချေ။ (၂ တိမောသေ ၃:၁၂) သို့သော် သစ္စာရှိခြင်း၏အကျိုးကျေးဇူးသည် အလျှော့ပေးလိုက်လျောခြင်းကြောင့် ရရှိစေမည့် အဘယ်ယာယီသက်သာရာထက်မဆို သာလွန်လှပါသည်။
သင်သည်ငယ်ရွယ်သူတစ်ဦးဖြစ်လျှင် ယုံကြည်ခြင်းကိုတိုက်ရိုက်ထိခိုက်စေသော စမ်းသပ်ချက်များကို ဆိုင်ပြိုင်ခုခံပါ။ မှားယွင်းသောအပြုအမူများကို လုပ်ဆောင်ရန်သွေးဆောင်ခံရသောအခါ အလျှော့ပေးလိုက်လျောမှုကိုငြင်းဆိုပါ။ ထိုတဒင်္ဂတွင် ယင်းသို့ပြုလုပ်ရန်ခက်ခဲမည်ဖြစ်သော်လည်း ရေရှည်တွင် သင်၌စိုးရိမ်မှုလျော့ပါးသွားပေမည်။ ယေရှုက “ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ . . . သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏” ဟုကတိပေးတော်မူခဲ့သည်။—မဿဲ ၁၁:၂၉၊ ၃၀။
ကျမ်းစာမူများနှင့်အညီ အသက်ရှင်ခြင်းစိန်ခေါ်ချက်ကို လက်ခံပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ယခုတွင် အကောင်းဆုံးသောအသက်တာလမ်းစဉ်ကို ရရှိမည်ဖြစ်ပြီး အနာဂတ်အတွက်သေချာသောမျှော်လင့်ချက်ရရှိမည်ဖြစ်သည်။ သမ္မာကျမ်းစာဖော်ပြသကဲ့သို့ပင် “လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ နိစ္စထာဝရတည်၏။”—၁ ယောဟန် ၂:၁၇။