မည်သည့်နေရာတွင် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့ နိုင်သနည်း
မြာက်မြားစွာသောသူတို့သည် ရုပ်ပစ္စည်းများကို ရယူပိုင်ဆိုင်ခြင်းဖြင့် ပျော်ရွှင်မှုကိုရှာတွေ့ နိုင်သည်ဟု ယူမှတ်ကြသည်။ အသင်ကော မည်သို့ယူမှတ်သနည်း။ ရုပ်ပစ္စည်းများသည် ကျွန်ုပ်တို့ကို ပျော်ရွှင်စေနိုင်သည်မှန်သော်လည်း အာမခံချက်မပေးပါ; ဇိမ်ခံပစ္စည်းများက ယုံကြည်ခြင်းကိုတည်ဆောက်ပေးရန် သို့မဟုတ် ဝိညာဏလိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် မစွမ်းဆောင်နိုင်ပါ။
မိမိ၏တောင်ပေါ်ဒေသနာတွင် ယေရှုခရစ် ဤသို့မိန့်မြွက်တော်မူသည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် သူတို့ပိုင်ဆိုင်ရာဖြစ်သတည်း။” (မဿဲ ၅:၃၊ ကဘ) ယေရှုက ဤသို့လည်းမိန့်မြွက်တော်မူသည်– “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်ဟု မိန့်တော်မူ၏။”—လုကာ ၁၂:၁၅။
များစွာသောသူတို့သည် တရားမဝင်လိင်ဆက်ဆံခြင်းနှင့် အခြား “ဇာတိပကတိအကျင့်များ” ကိုလိုက်စားခြင်းဖြင့် ပျော်ရွှင်မှုရှာကြသည်။ (ဂလာတိ ၅:၁၉-၂၁) သို့ရာတွင် ကာမဂုဏ်စည်းစိမ်လိုက်စားခြင်းသည် စစ်မှန်ပြီး တည်မြဲသောပျော်ရွှင်မှုကို မရရှိစေပါ။ အမှန်မှာ ထိုသို့သောအရာများကို လိုက်စားသူများသည် ဘုရားသခင့်နိုင်ငံတော်ကို အမွေခံရမည်မဟုတ်ပါ။—၁ ကောရိန္သု ၆:၉၊ ၁၀။
အခြားသူတို့သည် ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားခြင်းကို ပြုစုပျိုးထောင်ရန် ကြိုးစားခြင်းဖြင့် အတွင်းပိုင်းမှပျော်ရွှင်မှုရှာကြံကြသည်။ စာကြည့်တိုက်နှင့်စာအုပ်ဆိုင်များသည် လမ်းညွှန်စာအုပ်များဖြင့်ပြည့်နေသော်လည်း ထိုသို့သောစာပေများသည် လူတို့အား တည်မြဲသောပျော်ရွှင်မှုကို မပေးနိုင်ပါ။ သို့ဖြစ်လျှင် မည်သည့်နေရာတွင် စစ်မှန်သောပျော်ရွှင်မှုကို ကျွန်ုပ်တို့ရှာတွေ့ နိုင်သနည်း။
စစ်မှန်သောပျော်ရွှင်မှုရရှိရန် ကျွန်ုပ်တို့သည် မွေးရာပါဝိညာဏလိုအပ်ချက်ကို အသိအမှတ်ပြုရမည်။ ယေရှုက ဤသို့မိန့်မြွက်ခဲ့သည်– “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” ဤလိုအပ်ချက်ကို သိရုံမျှသာသိပြီး ယင်းနှင့်စပ်လျဉ်းသော မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ပျက်ကွက်ပါက ကျွန်ုပ်တို့အတွက် အကျိုးရှိမည်မဟုတ်ပေ။ သာဓကအဖြစ်– မာရသွန်အပြေးသမားတစ်ယောက်သည် ပြိုင်ပွဲပြီးနောက် မိမိကိုယ်ခန္ဓာမှအလွန်တောင့်တနေသောရေကို ဖြည့်ဆည်းပေးရန်ပျက်ကွက်ပါက ဘာဖြစ်မည်နည်း။ သူသည် မကြာမီ ရေဓာတ်ကုန်ခန်းလာကာ အခြားကြီးမားသည့်အကျိုးဆက်များကို ရင်ဆိုင်ရမည်မဟုတ်ပေလော။ အလားတူပင်၊ ကျွန်ုပ်တို့လိုအပ်သည့်ဝိညာဏအာဟာရကို ဖြည့်ဆည်းရန်ပျက်ကွက်ပါက နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရညှိုးနွမ်းပျက်ပြားသွားပေမည်။ ၎င်းက ရွှင်လန်းမှုနှင့်ပျော်ရွှင်မှုကို ဆုံးရှုံးစေပါလိမ့်မည်။
ယေရှုသည် မိမိ၏ဝိညာဏလိုအပ်ချက်ကို အပြည့်အဝအသိအမှတ်ပြုကာ ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ကို မှန်မှန်လေ့လာ၍ တွေးတောဆင်ခြင်သည်။ ကိုယ်တော်သည် ကျမ်းပိုဒ်များကို အလွယ်တကူရှာဖွေဖတ်ပြနိုင်ကာ ထိုအတိုင်း အခြားသူများကို သင်ကြားပေးတော်မူသည်။ (လုကာ ၄:၁၆-၂၁; ဧဖက် ၄:၂၀၊ ၂၁ နှိုင်းယှဉ်။) ယေရှုသည် ကောင်းကင်ခမည်းတော်၏အလိုတော်ဆောင်ခြင်းကို စားစရာအဖြစ်ယူမှတ်တော်မူသည်။ ဘုရားသခင့်အလိုတော်ဆောင်ခြင်းက ကိုယ်တော်အား များစွာပျော်ရွှင်မှုဖြစ်စေသည်။—ယောဟန် ၄:၃၄။
မှန်ပါသည်၊ ရုပ်ပစ္စည်းများကို ရယူပိုင်ဆိုင်ခြင်းဖြင့် စစ်မှန်သောပျော်ရွှင်မှုကိုမရနိုင်ပါ; အားနည်းသောအသွေးအသား၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းဖြင့်လည်း ပျော်ရွှင်မှုကိုမရနိုင်ပါ။ စစ်မှန်သောပျော်ရွှင်မှုသည် နှလုံးတွင်းရှိအခြေအနေတစ်ခုဖြစ်ပြီး စစ်မှန်သောယုံကြည်ခြင်းနှင့် ယေဟောဝါဘုရားသခင်နှင့်ကောင်းမွန်သောဆက်ဆံရေးအပေါ် အခြေခံသည်။ ထို့ကြောင့် လျောက်ပတ်စွာဖြင့် ဆာလံဆရာဒါဝိဒ် ဤသို့သီဆိုခဲ့သည်– “ယေဟောဝါကို မိမိဘုရားသခင်အဖြစ်ကိုးကွယ်သောလူမျိုးသည် ရွှင်လန်းဝမ်းမြောက်၏။”—ဆာလံ ၁၄၄:၁၅ခ၊ ကဘ။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယုံကြည်ခြင်းနှင့် ဘုရားသခင်နှင့်ကောင်းမွန်သောဆက်ဆံရေးရှိခြင်းကသင့်အား စစ်မှန်သောပျော်ရွှင်မှုရရှိစေမည်