ငရဲနှင့်ပတ်သက်သောအမှန်တရား
ငရဲသည် ရဲရဲတောက်လောင်နေသော မီးဖိုမဟုတ်ဘဲ ဘာမှမရှိသောစိတ်ကူးယဉ်မျှသာဖြစ်သည်ဟု အင်္ဂလီကန်ချာ့ချ်၏အယူဝါဒဆိုင်ရာအဖွဲ့မှ မှတ်တမ်းတစ်ခုက ဖော်ပြထားသည်။ “ဤပြောင်းလဲမှုအတွက် အကြောင်းများစွာရှိသည့်အနက် ခရစ်ယာန်ဘာသာကို ယုံကြည်သူနှင့်မယုံကြည်သူများမှ ပေါ်ပေါက်လာသည့် ကြောက်ရွံ့ ဖွယ်ကောင်းသောဘာသာတရားတစ်ခုကို ဆန့်ကျင်သည့် ကိုယ်ကျင့်တရားဆိုင်ရာကန့်ကွက်မှုနှင့် သန်းပေါင်းများစွာသောသူများကို ထာဝရညှဉ်းဆဲရာအရပ်သို့ ပို့သည့်ဘုရားသခင်နှင့်ဆိုင်သော ထင်မြင်ယူဆချက်သည် ခရစ်တော်အားဖြင့် ဘုရားသခင့်ချစ်ခြင်းမေတ္တာပြသခြင်းနှင့် ဆန့်ကျင်သည်ဆိုသည့်အချက်ကို တိုးတက်သိရှိလာခြင်းတို့ပါဝင်သည်” ဟုမှတ်တမ်းကဆက်လက်ရှင်းပြသည်။
ငရဲဆိုင်ရာရှေးထုံးတမ်းစဉ်လာကြောင့် ဤသို့ကသိကအောက်ဖြစ်ခြင်းသည် အင်္ဂလီကန်ချာ့ချ်တစ်ခုတည်းတွင်သာမဟုတ်ပါ။ အပြစ်သားများကို မီးရှို့ပြီးလက်စားချေတတ်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် ခက်ခဲမည်ဆိုသည့်အချက်ကို အမျိုးမျိုးသောဂိုဏ်းဂဏများမှ လူတို့သည် တွေ့မြင်လာသည်။ ဒျုခ်တက္ကသိုလ်၏ဓမ္မပညာကျောင်းမှ ဘာသာရေးနှင့်လူမှုအသိုင်းအဝိုင်းဆိုင်ရာ ပါမောက္ခ ဂျက်ဆင် ကယ်ရလ်က “လူတွေဟာ နွေးထွေးမှုနဲ့နူးညံ့မှုရှိတဲ့ ဘုရားသခင်တစ်ပါးကို လိုလားကြတယ်။ ဒုစရိုက်၊ အပြစ်တို့နဲ့ပတ်သက်လို့ ပြောဆိုတာဟာ ဒီနေ့ယဉ်ကျေးမှုနဲ့ မအပ်စပ်ဘူး” ဟုပြောသည်။
ယေဟောဝါသက်သေတို့သည် အချိန်ကြာမြင့်စွာကတည်းက ငရဲကို သေသောသူတို့၏သာမန်သင်္ချိုင်းမျှသာဖြစ်ပြီး—ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်သည့်နေရာမဟုတ်ကြောင်းကို ကျမ်းစာသွန်သင်သည့်အတိုင်း ယုံကြည်ခဲ့ကြသည်။ သူတို့သည် ဤအချက်ကိုယုံကြည်ရခြင်းမှာ လူအများကြိုက်သောကြောင့်မဟုတ်ဘဲ ကျမ်းစာက– “သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ . . . မရဏာနိုင်ငံ [“ငရဲ” ကက်သလစ် ဒူးဝေးဘာသာပြန်ကျမ်း] ၌လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား” ဟုပြောထားသောကြောင့်ဖြစ်သည်။—ဒေသနာ ၉:၅၊ ၁၀။
သေသောသူတို့၏အခြေအနေနှင့်စပ်လျဉ်း၍ ဤသို့ရှင်းလင်းစွာနားလည်မှုဖြင့် ကင်းမျှော်စင်အသင်း၏ပထမဥက္ကဋ္ဌ ချားလ်စ် တေဇ် ရပ်စယ်လ်သည် ၁၈၉၆ ခုနှစ်တွင် ဤသို့ရေးသားခဲ့သည်– “အယူဝါဒများ၊ ဓမ္မတေးသီချင်းစာအုပ်များ၊ ဟောပြောချက်များတွင် လွဲမှားစွာသွန်သင်ထားသည့် ဤကဲ့သို့သောထာဝစဉ်ညှဉ်းပန်းနှိပ်စက်ခြင်းကို ကျမ်းစာထဲတွင် မည်သည့်နေရာ၌မျှ မတွေ့ရချေ။ သို့ပင်ငြားလည်း ‘ငရဲ’၊ ရှီးအိုးလ်၊ ဟေးဒီးစ်သည် အာဒံ၏အပြစ်အတွက်ကြောင့် ကျွန်ုပ်တို့အားလုံး အပြစ်ဒဏ်စီရင်ခံရမည့်နေရာ၊ ကျွန်ုပ်တို့သခင်၏သေခြင်းအားဖြင့် ပြန်လည်ကယ်တင်ခြင်းခံရမည့်နေရာ ဖြစ်ကြောင်းသိရသည်။ ထိုကြောင့် ငရဲသည် သင်္ချိုင်း—သေသောအခြေအနေဖြစ်သည်။”
ဤသို့အားဖြင့် ယေဟောဝါသက်သေများသည် ရာစုတစ်ခုကျော်ကတည်းက ငရဲနှင့်ပတ်သက်သည့် ကျမ်းစာဆိုင်ရာ အမှန်တရားကို သင်ပေးလာခဲ့သည်။
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
ချားလ်စ် တီ. ရပ်စယ်လ်