ဂရိနိုင်ငံရှိ ယေဟောဝါသက်သေများအတွက် နောက်ထပ်အောင်ပွဲခံမှု
၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်နှစ်ဦးနှင့်ပတ်သက်သော အမှုတစ်ခုကို အေသင်မြို့ရှိအဖွဲ့ဝင်သုံးဦးပါဝင်သည့် ပြစ်မှုဆိုင်ရာတရားရုံးတွင် ကြားနာစစ်ဆေးသည်။ စွဲချက်မှာ ဘာသာသွင်းခြင်းဖြစ်၍ ရဲအရာရှိတစ်ဦးက သူ၏အိမ်သို့ သက်သေခံများသွားရောက်ပြီးနောက် အမှုကိုတင်သွင်းခဲ့ခြင်းဖြစ်သည်။
တရားသူကြီးချုပ်မေးသောမေးခွန်းများက သူမသည် ယေဟောဝါသက်သေတို့၏လုပ်ငန်းကို အလွန်စိတ်ဝင်စားကြောင်းဖော်ပြသည်။ ဥပမာအနေဖြင့် သူမက ဤသို့မေးသည်– “ရှင်တို့ ဒီလုပ်ငန်းလုပ်နေတာ ဘယ်လောက်ကြာပြီလဲ။ အဲဒီကာလတွေတစ်လျှောက် လူတွေက ရှင်တို့အပေါ် ဘယ်လိုဆက်ဆံကြသလဲ။ ရှင်တို့ရဲ့လုပ်ငန်းကနေ ဘာတုံ့ပြန်မှုရရှိခဲ့ပြီလဲ။ လူတွေရဲ့တံခါးဝမှာ ရှင်တို့ဘာပြောကြသလဲ။” တရားရုံးခန်းအတွင်းရှိသူအားလုံး သက်သေထွက်ချက်ကို စိတ်ဝင်စားစွာနားထောင်နေကြသည်။
အမှုလိုက်ရှေ့နေကပင် သူတို့ဘက်မှထောက်ခံပြောဆိုသည့်အတွက် သက်သေခံများအလွန် အံ့အားသင့်သွားသည်။ သူက “ယေဟောဝါသက်သေတွေဟာ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူအခွင့်အရေးအရ သူတို့ရဲ့ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ရုံသာမက သူတို့ရဲ့ယုံကြည်ခြင်းကို တံခါးဝတစ်ခုကနေ တစ်ခုကိုပဲဖြစ်ဖြစ်၊ လူထုပန်းခြံတွေနဲ့ လမ်းတွေပေါ်မှာပဲဖြစ်ဖြစ် ကြေညာနိုင်တယ်။ သူတို့ဆန္ဒရှိမယ်ဆိုရင် သူတို့ရဲ့စာအုပ်စာတမ်းတွေကို အခမဲ့ဖြန့်ချိတာတောင် ပြုလုပ်နိုင်တယ်” ဟုသူ၏နိဂုံးစကားတွင် မှတ်ချက်ချသည်။ နိုင်ငံတော်ကောင်စီနှင့် တရားရုံးများမှ တရားသေလွှတ်သည့်အမိန့်ချမှတ်ချက်အမျိုးမျိုးကို အမှုလိုက်ရှေ့နေက ကိုးကားဖော်ပြသည်။ သူသည် လူ့အခွင့်အရေးဆိုင်ရာဥရောပတရားရုံးချုပ်က ယေဟောဝါသက်သေများဘက်မှ ထောက်ခံသောဆုံးဖြတ်ချက်ချခဲ့သည့် ကိုကီနာကိစ်နှင့်ဂရိနိုင်ငံ အမှုတွဲကိုလည်း ရည်ညွှန်းဖော်ပြခဲ့သည်။a “ဂရိနိုင်ငံအစိုးရကတောင် အဲဒီကိစ္စမှာနစ်နာကြေး ပေးလိုက်ရတယ်ဆိုတာကို သတိရကြပါ။ ဒါကြောင့် ကျွန်တော်တို့ ဒီလိုအမှုမျိုးတွေမှာ စီရင်ချက်ချတဲ့အခါ အရမ်းပဲဂရုစိုက်သင့်တယ်။ တကယ်တော့ ဒီလိုအမှုမျိုးဆိုတာ တရားရုံးကိုဘယ်တော့မှ အလျင်စလိုရောက်မလာသင့်ဘူး” ဟူ၍ အမှုလိုက်ရှေ့နေကသတိပေးသည်။
အမှုလိုက်ရှေ့နေ၏စကားပြီးဆုံးသည့်နောက် သက်သေခံ၏ရှေ့နေအတွက် စကားပြောဆိုစရာများစွာ မကျန်တော့ချေ။ မည်သို့ပင်ဖြစ်စေကာမူ ဘာသာသွင်းခြင်းဥပဒေသည် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်ကာ ယင်းသို့ပြုခြင်းသည် အပြည်ပြည်ဆိုင်ရာအတိုင်းအတာတွင် ဂရိနိုင်ငံကို အရှက်တကွဲဖြစ်စေကြောင်း သူကအခွင့်အရေးယူကာ အလေးအနက်တင်ပြသွားသည်။
တရားသူကြီးချုပ်က အခြားတရားသူကြီးနှစ်ဦးကို တစ်ချက်မျှကြည့်ကာ ထိုညီအစ်ကိုနှင့် ညီအစ်မကို တညီတညွတ်တည်း တရားသေလွှတ်လိုက်လေသည်။ တစ်နာရီနှင့်ဆယ်မိနစ်ကြာသော အမှုစစ်ခြင်းသည် ယေဟောဝါ၏နာမတော်နှင့် ကိုယ်တော်၏လူများ နှစ်ရပ်စလုံးအတွက် အောင်ပွဲခံမှုတစ်ခုပင်ဖြစ်သည်။
ဤကား လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးချုပ်က ကိုကီနာကိစ်အမှုကိုကြားနာစစ်ဆေးပြီးနောက် ဘာသာသွင်းခြင်းအမှုကိစ္စများနှင့်ပတ်သက်၍ လေးကြိမ်မြောက်တရားသေလွှတ်ခြင်းဖြစ်သည်။ ဂရိနိုင်ငံရှိ ယေဟောဝါသက်သေများသည် သူတို့၏ဟောပြောခြင်းလုပ်ငန်းနှင့်ပတ်သက်သောပြဿနာများ ယခုတွင်မရှိတော့ဘဲ အဟန့်အတားကင်းစွာ လုပ်ငန်းတော်ကို ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်သောကြောင့် ရွှင်လန်းနေကြသည်။
[အောက်ခြေမှတ်ချက်များ]