အားလုံး မြင့်မြတ်သော ဖွင့်ဆိုချက်များလော
သန့်ရှင်းသောသမ္မာကျမ်းစာကို မှုတ်သွင်းသည့်ဘုရားသခင့်ဝိညာဉ်တော်သည် အချို့ကသန့်ရှင်းသည်ဟုယူမှတ်ကြသော အခြားစာအုပ်များကိုလည်း မှုတ်သွင်းနိုင်သလော။ (၂ တိမောသေ ၃:၁၆) ဤမေးခွန်းကို “နိုင်ငံတော်အတွင်းဝန်များရုံး [ဗက်တီကင်] ၏ကြီးကြပ်မှုအောက်” တွင်ထုတ်ဝေသည့် အီတလီ ဂျက်စူအစ် ဂျာနယ် (လာချီဗီလ်တာ ကာတိုလီကာ) ကမေးထားခြင်းအားဖြင့် ကက်သလစ်လွှမ်းမိုးသည့်အသိုင်းအဝိုင်းတွင် ယုံကြည်လက်ခံထိုက်သောအရာအဖြစ်ယူဆကြသည်။
“ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဆောင်ရွက်မှုအားဖြင့် ဂျူးလူမျိုးမဟုတ်သောသူများနှင့် ခရစ်ယာန်မဟုတ်သောသူများ၏ ထုံးတမ်းစဉ်လာဆိုင်ရာ အထွတ်အမြတ်ထားသောစာအုပ်အချို့တွင်ပင် နှုတ်ကပါဌ်တော်မျိုးစေ့ကို ပျံ့နှံ့စေခဲ့သည်” ဟု ဂျက်စူအစ် ဂျာနယ်ကဆိုသည်။ ဂျက်စူအစ်များက ဇိုရဝက်စ္စထရီယန် အဗက်စ္စတာ သို့မဟုတ် ကွန်ဖြူးရှန်း၏ကျမ်းလေးဆူကဲ့သို့သော “အထွတ်အမြတ်ထားသော” စာအုပ်များသည် “သန့်ရှင်းသောဝိညာဉ်တော်၏သြဇာလွှမ်းမိုးမှုမပါဘဲ ရေးခဲ့သည်မဟုတ်၊ ထို့ကြောင့် အနည်းနှင့်အများဆိုသလို ‘မြင့်မြတ်သောဖွင့်ပြချက်’ များပါရှိသည်” ဟူ၍ယူဆကြသည်။
သို့သော် ထိုဆောင်းပါးက ဤသို့ ရှင်းလင်းဖော်ပြသည်။ “ယင်းကဲ့သို့အထွတ်အမြတ်ထားသော စာအုပ်များအားလုံးတွင် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်ပါဝင်သည်မဟုတ်” ကြောင်းဖော်ပြပြီး ဤစာအုပ်ကိုရေးသားသူများ၏ နေထိုင်ပြုမူပုံသည် “ဘုရားအများကိုယုံကြည်ကိုးကွယ်သောဝန်းကျင် သို့မဟုတ် အတွေးအမြင်ဆိုင်ရာဝန်းကျင်၏သြဇာလွှမ်းမိုးမှုကိုခံခဲ့” ရနိုင်သည်ဟု ထပ်လောင်းဖော်ပြသည်။ အီတလီသတင်းစာ လာရေပူဘလီကာ ၏ ဗက်တီကင်အရေးကိစ္စများဆိုင်ရာသတင်းထောက် မာကို ပေါ်လီတီ၏အဆိုအရ ဤယုံကြည်ချက်သည် “ကက်သလစ်ချာ့ချ်နှင့် သမိုင်းဝင်ဘာသာကြီးများကြား၌ ယခင်ကဖြစ်နိုင်ဖွယ်မရှိဟုထင်ရသော ဆက်ဆံရေးအလားအလာကိုလမ်းဖွင့်ပေး” ကာ ဒုတိယမြောက် ဂျွန် ပေါလ် ကအားတက်သရောအစပြုခဲ့သည့် ၁၉၈၆ ခုနှစ်က အစီစီမြို့တွင်ကျင်းပသော ယုံကြည်ခြင်းရောနှောသည့်ဆုတောင်းပွဲ၏စိတ်ဓာတ်ကို ပြန်လည်ပေါ်ပေါက်စေသည်။
ယေဟောဝါရှင်သည် ရုန်းရင်းခတ်သည့် ဘုရားတစ်ပါးမဟုတ်ပါ။ (၁ ကောရိန္သု ၁၄:၃၃) ထို့ကြောင့် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် တက်ကြွလှုပ်ရှားသောစွမ်းအားသည် နှုတ်ကပါဌ်တော် သမ္မာကျမ်းစာနှင့် အပြည့်အဝညီညွတ်မှုမရှိသော စာအုပ်တိုင်း၏အစိတ်အပိုင်းတစ်ခုကိုပင် မှုတ်သွင်းမည်ဟု ကျွန်ုပ်တို့အမှန်မယူဆနိုင်ချေ။ ကွဲပြားလျက်ရှိသော “ဘာသာရေးထုံးတမ်းစဉ်လာများ” ညီညွတ်ရေးအတွက်အားပေးမည့်အစား ခရစ်ယာန်တမန်တော်ပေါလုက “မျှော်လင့်ခြင်းတစ်ပါး . . . ၊ သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး” ရှိကြောင်းရေးသားခဲ့သည်။—ဧဖက် ၄:၄၊ ၅။
ထို “မျှော်လင့်ခြင်းတစ်ပါး” သည်ယေရှုခရစ်ကို ယုံကြည်ခြင်းပေါ်အခြေပြုသည်။ သမ္မာကျမ်းစာက “ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင်မပေါ်မရှိ” ဟူ၍လျော်ကန်စွာဆိုထားသည်။ (တမန်တော် ၄:၁၂) ဘုရားသခင့်ရည် ရွယ်တော်မူချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ရာတွင် အဓိကပုဂ္ဂိုလ်အဖြစ် ယေရှုကိုမည်သည့် “အထွတ်အမြတ်ထားသောစာအုပ်” ကမျှမဖော်ပြပေ။ သမ္မာကျမ်းစာကို ဘုရားသခင်၏နှုတ်ကပါဌ်တော်အဖြစ် လက်ခံယုံကြည်မှသာလျှင် ယင်းက ကယ်တင်ခြင်းအတွက် ယေဟောဝါဘုရားသခင်၏ မေတ္တာပါသောပြင်ဆင်ပေးချက်အကြောင်းကို ကျွန်ုပ်တို့အား သင်ကြားပေးနိုင်မည်။—ယောဟန် ၁၇:၃; ၁ သက်သာလောနိတ် ၂:၁၃။