ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁၂/၁၅ စာ. ၂၀-၂၁
  • “ဒီလိုဆိုရင် ခင်ဗျားတို့ရဲ့ချာ့ချ်ကဘယ်မှာလဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဒီလိုဆိုရင် ခင်ဗျားတို့ရဲ့ချာ့ချ်ကဘယ်မှာလဲ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁၂/၁၅ စာ. ၂၀-၂၁

“ဒီလိုဆိုရင် ခင်ဗျားတို့ရဲ့ချာ့ချ်ကဘယ်မှာလဲ”

မိုဇမ်ဘစ်ရှိ ယေဟောဝါသက်သေများသည် မကြာခဏ ဤမေးခွန်းအမေးခံရကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် မကြာသေးမီအချိန်အထိ ယင်းသည်ဖြေဆိုရန် ခက်ခဲသောမေးခွန်းတစ်ခုဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယေဟောဝါသက်သေများသည် ၁၉၉၁ ခုနှစ်အထိ ဤနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုခြင်း မခံရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဝတ်ပြုရာအရပ်များကို ထင်ရှားစွာညွှန်ပြရန်နှင့် တည်ဆောက်ရန်မဖြစ်နိုင်ချေ။

သို့သော်လည်း ၁၉၉၄ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ထိုအခြေအနေမှာပြောင်းလဲသွားသည်။ ပူအိုက်သောထိုနေ့တွင် မိုဇမ်ဘစ်၌ ပထမဦးဆုံးဆောက်လုပ်ခဲ့သည့် ဘုရားသခင့်နိုင်ငံတော်ခန်းမနှစ်ခုကို အပ်နှံခဲ့ကြသည်။ မိုဇမ်ဘစ်ကမ်းရိုးတန်းတစ်လျှောက် ခရီးတစ်ဝက်တွင်တည်ရှိသော ဘေရာဆိပ်ကမ်းမြို့၌ ထိုကောင်းမွန်လှသည့် အစည်းအဝေးပြုလုပ်ရာနေရာတို့ကို အပ်နှံသည့်ပွဲသို့ စုစုပေါင်း ၆၀၂ ဦးတက်ရောက်ခဲ့ကြသည်။ ထိုမြို့တွင်ရှိသော အသင်းတော်သုံးခု၏လိုအပ်မှုနှင့်အညီ ယင်းတို့ကိုအသုံးပြုသွားမည်ဖြစ်သည်။

အုတ်မြစ်ချချိန်မှ အဆောက်အဦပြီးစီးသည့်အချိန်အထိ စီမံကိန်းတစ်ခုလုံး၏လုပ်ဆောင်မှုသည် တစ်နှစ်နှင့်နှစ်လကြာသည်။ အိမ်နီးချင်းဇင်ဘာဘွေနိုင်ငံမှ ၃၀ သို့မဟုတ် သာ၍များပြားသောစေတနာ့ဝန်ထမ်းများ မကြာခဏ လာရောက်ကြကာ ဒေသခံသက်သေခံများနှင့်အတူ ရင်ပေါင်တန်းလုပ်ဆောင်ခဲ့ကြသည်။ ဆောင်ရွက်မှု၏ဗဟိုဖြစ်သော ဘေရာမြို့ရှိသာသနာပြုအိမ်တွင် အားလုံးနေထိုင်ရန်မဆန့်သောကြောင့် အချို့သူတို့သည် ရက်သတ္တပတ်အဆုံး၌ သာသနာပြုအိမ်၏အနီးဝန်းကျင်တွင် ယာယီနေထိုင်ကြ၍ အချို့မူကားရက်သတ္တပတ်ချီလျက် နေထိုင်ကြသည်။

မာဆမ်းဘာနှင့် မူနာဗာအသင်းတော်အတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမမြေနေရာသည် ဘေရာမြို့၏အဓိကလမ်းမပေါ်တွင် တည်ရှိသည်။ သာသနာပြုတစ်ဦးက “လုပ်ငန်းလျင်မြန်စွာပြီးမြောက်ပြီး တိုးတက်မှုသိသာလှတဲ့ အဲဒီအလုပ်များတဲ့နေ့မှာ ဖြတ်သွားကြတဲ့ယာဉ်မောင်းများဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမကိုငေးနေကြတဲ့အတွက် ကားမောင်းဖို့မေ့သွားကြလို့ ကားတိုက်လုမတတ်ဖြစ်ကုန်တာကို ကျွန်တော်တို့တွေ့ရတယ်” ဟူ၍ပြောပြခဲ့သည်။ လူများစွာတို့သည် လုပ်ငန်းကို ရပ်ကြည့်ကြကာ ကွဲပြားသောလူအမျိုးအနွယ်တို့ တပေါင်းတစည်းတည် လုပ်ဆောင်နေကြခြင်းက အထူးသဖြင့်သူတို့ကိုစွဲမှတ်သွားစေသည်။

၎င်းလုပ်ငန်းတွင် စီမံကိန်းရေးဆွဲခြင်းနှင့် ဖွဲ့စည်းပေးခြင်းတို့ပါဝင်သည်။ ကမ္ဘာ့ဒေသဤနေရာတွင် ပစ္စည်းများနှင့်ကုန်ကြမ်းများရှားပါးလှသောကြောင့် ရပ်တန့်သွားသည့်အခြားစီမံကိန်းများစွာနှင့်မတူဘဲ ထောက်ကူရန်ပစ္စည်းမရှိသည့်အတွက် ဘုရားသခင့်နိုင်ငံတော်ခန်းမတည်ဆောက်မှု ရပ်တန့်သွားခြင်း ဘယ်သောအခါမျှမရှိခဲ့ချေ။ အခြေအနေတစ်ခုတွင် ဘိလပ်မြေအိတ်ပေါင်း ၈၀၀ လိုအပ်ခဲ့ရာ ရရှိနိုင်သောနေရာတစ်ခု၌ပင်လျှင် ဘိလပ်မြေထည့်ရန်အိတ်အလုံအလောက်မရှိပေ။ ညီအစ်ကိုများသည် မာပူတိုမြို့တော်ရှိ ကင်းမျှော်စင်အသင်း၏ဌာနခွဲရုံးသို့ ဆက်သွယ်ကြရာ အိတ်များကိုလေယာဉ်ပျံဖြင့်ပေးပို့ခဲ့သဖြင့် ဘိလပ်မြေစက်ရုံသို့ယူသွား၍ ဖြည့်ခဲ့ကြသည်။ ရပ်နားစရာမလိုဘဲ လုပ်ငန်းဆက်နိုင်ခဲ့ကြသည်။

နောက်အခြေအနေတစ်ခုတွင် ဒိုင်းခွေများကိုတပ်ဆင်ရာ၌ အလုပ်သမားတို့တွင်သံမဏိရက်မများ ကုန်သွားသည်။ အလွန်ရှားပါးသည့်အတွက် လိုအပ်သောသံမဏိကို မိုင်ပေါင်း ၃၇၀ မှတင်သွင်းယူခဲ့ရလေပြီတကား! ရပ်ကြည့်နေသောလူတစ်ဦးထံ အလုပ်သမားများထဲမှတစ်ဦးက ချဉ်းကပ်ကာလုပ်ငန်းပြီးစီးစေရန် သံမဏိကိုသူတို့မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်ကိုသူသိသလားဟူ၍ မေးမြန်းခဲ့သည်။ ထိုသူက “ကျွန်တော်ဒီမှာရပ်နေတာ တစ်နာရီကျော်ပြီ၊ အဲဒါတိုက်ဆိုင်မှုကြောင့် ဖြစ်ကိုမဖြစ်နိုင်ဘူး။ ဒီစီမံကိန်းမှာ ကျွန်တော်ဝင်မကူညီနိုင်ပေမဲ့ ခင်ဗျားတို့လုပ်နေတဲ့အလုပ်နဲ့ လုပ်ပုံကိုင်ပုံကို ချီးမွမ်းအံဩမိတယ်။ ခင်ဗျားတို့လိုအပ်တဲ့သံမဏိ ကျွန်တော်ဆီမှာရှိတယ်၊ ခင်ဗျားတို့ကို လက်ဆောင်အနေနဲ့ ပေးရမှာကို ကျွန်တော်နှစ်ထောင်းအားရတယ်” ဟူ၍ပြန်ဖြေခဲ့သည်။ ယင်းသည် အခန့်သင့်ပြင်ဆင်ပေးရာ အမှန်ပင်ဖြစ်ခဲ့သည်။

စီမံကိန်းကို မည်သည့်ဆောက်လုပ်ရေးကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်နေသနည်းဟု ကြည့်ရှုသူအများက သိလိုကြသည်။ အလုပ်သမားများက ထိုသူများသည်မိမိတို့၏လုပ်ငန်းတွင် လုပ်အားပေးနေကြသော ယေဟောဝါသက်သေများသာဖြစ်ကြောင်း အမှန်ပင်သူတို့ကိုဝမ်းသာအားရစွာပြောပြကြသည်။ ထိုကြည့်ရှုသူများကို အထူးသဖြင့်မည်သည့်အရာက စွဲမှတ်စေသနည်း။ တစ်ဦးက “ခင်ဗျားတို့ဟာ တကယ်စည်းလုံးတဲ့သူတွေပဲ၊” “လူအမျိုးအနွယ်မတူကြပေမဲ့ ခင်ဗျားတို့ဟာညီအစ်ကိုအရင်းတွေလိုပဲ အတူတူလုပ်ဆောင်နေကြတယ်” ဟူ၍ပြောခဲ့သည်။ ရလဒ်အနေနှင့် များစွာတို့သည် ကျမ်းစာသင်အံမှုကို တောင်းဆိုခဲ့ကြသည်။ ယင်းက အစည်းအဝေးများအပေါ် အကျိုးသက်ရောက်ခဲ့လေသည်။ ဥပမာ၊ မာန်ငါအသင်းတော်တွင် ပျမ်းမျှအစည်းအဝေးတက်ရောက်သူသည် သက်သေခံအရေအတွက်၏နှစ်ဆထက်ပင် သာလွန်သည်။

ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်များသည် ဒေသန္တရသက်သေခံများအတွက် အမှန်ပင်ကြီးမားသောကောင်းချီးမင်္ဂလာဖြစ်ခဲ့သည်။ အများစုသည်ယခင်ကဆိုလျှင် သက်ငယ်ခေါင်မိုး သို့မဟုတ် သွပ်မိုးများဖြင့်ပြုလုပ်ထားသော ခေတ်မမီသည့်နေရာများ၌လည်းကောင်း၊ အိမ်အနောက်ဘက်ခြံဝင်းများ သို့မဟုတ် ကိုယ်ပိုင်အိမ်ရှိအခန်းငယ်တွင်လည်းကောင်း ဆုံတွေ့ခဲ့ကြသည်။ မိုးရွာသောအခါ၌ သူတို့သည်မကြာခဏစိုရွှဲခဲ့ကြသော်လည်း အစည်းအဝေးကို မပျက်တမ်းတက်ခဲ့ကြသည်။ ယင်းတို့သည် မိုဇမ်ဘစ်ရှိသက်သေခံများအတွက် ဆယ်စုနှစ်တော်တော်ကြာအထိ “ဘုရားသခင့်နိုင်ငံတော်ခန်းမများ” ဖြစ်ခဲ့ရသည်။ မာဆမ်းဘာအသင်းတော်မှ အကြီးအကဲညီအစ်ကို ကိုက်တာနူး ဂါဘရီယယ်လ်က “ဒီစီမံကိန်းအောင်မြင်ရေးနဲ့ပတ်သက်ပြီး လှူဒါန်းခဲ့ကြတဲ့ကမ္ဘာတစ်ဝန်းရှိ ကျွန်တော်တို့ရဲ့ညီအစ်ကိုများကို ကျွန်တော်တို့အရမ်းကျေးဇူးတင်ကြပါတယ်” ဟူ၍ပြောဆိုခဲ့သည်။ သက်သေခံလူငယ်တစ်ဦးက “ကျွန်တော်တို့ ကာရီကူ (“ထပ်ဆင့်ပညာပေးရေးစခန်းများ” တွင်ယေဟောဝါသက်သေများ ၁၂ နှစ်နီးပါးခန့် အကျယ်ချုပ်ခံခဲ့ရ) မှာရှိတုန်းက ‘ကျွန်တော်တို့ သစ္စာရှိနေမယ်ဆိုရင် ယေဟောဝါကျွန်တော်တို့ကို ဆုလာဘ်ပေးမယ်’ လိုပြောလေ့ရှိကြတယ်” ဟုပြန်ပြောပြခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်သည် ယေဟောဝါထံမှ ဆုလာဘ်တစ်ခုဖြစ်သည်။ သူတို့၏စကားများက သူတို့၏ကျေးဇူးတင်စိတ်နှင့် ယေဟောဝါကိုချီးမွမ်းရန်ဆုံးဖြတ်ချက်တို့ကို ဖော်ပြသည်။

ဆောက်လုပ်ရေးတွင် ပါဝင်ခဲ့သောလူငယ်များစွာသည် ရှေ့ဆောင်စိတ်ဓာတ်ကူးစက်ခံခဲ့ရပြီး နောက်ပိုင်းတွင် မှန်မှန်ရှေ့ဆောင်လုပ်ငန်းကို စလုပ်ကြသည်။ မာန်ငါအသင်းတော်မှ မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်သော ငယ်ရွယ်သည့်အစ်ဇဘလ်က သန့်ရှင်းသပ်ရပ်သောဘုရားသခင့်နိုင်ငံတော်ခန်းမကို အပ်နှံပွဲမတိုင်မီတစ်ရက်အလို၌ ကြည့်လျက် “ကျွန်မအတွက်ဆိုရင် ဒီနေရာဟာ ဘေရာမြို့မှာအလှဆုံးနေရာဖြစ်တယ်၊ ဒီနေရာမှာရှိနေရတာ ကျွန်မအကျေနပ်အနှစ်သက်ဆုံးပါပဲ” ဟူ၍မှတ်ချက်ချခဲ့သည်။ ယေဟောဝါသက်သေများ၏ရိုးသားမှုကို သိထားကြသည့်အတွက် ဒေသခံအာဏာပိုင်များသည် အထူးသွင်းကုန်တင်သွင်းမှုအစီအစဉ်များကို လိုက်လိုက်လျောလျောခွင့်ပြုခဲ့ကြသည်ဟု သာသနာပြုတစ်ဦးဖြစ်သော အာဒယ်ဝူ ကောစတာ ကရှင်းပြခဲ့သည်။ ထိုနောက်တွင် “ကျွန်တော်တို့အရမ်းမောပန်းပေမဲ့ ယေဟောဝါရဲ့ဘုန်းတန်ခိုးတော်အတွက် ဒီလုပ်ငန်းအားလုံးရဲ့အကျိုးဖြစ်ထွန်းမှုကိုတွေ့ရတာ တကယ်ဝမ်းသာစရာပါပဲ” ဟုသူကထပ်လောင်းပြောပြခဲ့သည်။

ယခု ဘေရာမြို့တွင်နေထိုင်သော မိတ်ဆွေတစ်ဦးက “ဒီလိုဆိုရင် ခင်ဗျားတို့ရဲ့ချာ့ချ်ကဘယ်မှာလဲ” ဟုမေးလာသည့်အခါတိုင်း သက်သေခံများသည် သူတို့ကိုဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်နှစ်ခုမှ တစ်ခုကိုညွှန်ပြလျက် “ယင်းသည် စတုတ္ထမြောက်ရဲတပ်ခွဲဌာနနှင့် မျက်နှာချင်းဆိုင် အာဗယ်နီဒါ အာကိုရ်ဒူ ဒါ လူစာကာ လမ်းမကြီးပေါ်တွင်တည်ရှိသည်” ဟူ၍တုံ့ပြန်ပြောဆိုကြသည်။ သို့ပေမဲ့ “ယင်းက ချာ့ချ်မဟုတ်ပါ၊ ဘုရားသခင့်နိုင်ငံတော်ခန်းမ သာဖြစ်သည်” ဟုပြုပြင်ပြောဆိုလိုက်ကြသည်။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အာဖရိက

မာပူတို

ဘေရာ

မိုဇမ်ဘစ်

[Credit Line]

Map: Mountain High Maps® Copyright © 1995 Digital Wisdom, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ