“ယေဟောဝါထံတော်မှ ကောင်းမြတ်စုံလင်သော ဆုကျေးဇူး”
၁၉၉၆ မေ ၁ ကင်းမျှော်စင်တွင် ခရစ်ယာန်ကြားနေမှုအကြောင်းနှင့် ယေဟောဝါအပေါ်လည်းကောင်း၊ “ကဲသာ” အပေါ်လည်းကောင်း ကျွန်ုပ်တို့တွင်ရှိသောတာဝန်များကို မည်သို့ဟန်ချက်ညီစေနိုင်မည်အကြောင်း ကျယ်ပြန့်စုံလင်စွာ ဆွေးနွေးတင်ပြထားသည်။ (မဿဲ ၂၂:၂၁) တင်ပြခဲ့သည့် အချက်အလက်သစ်အတွက် တန်ဖိုးထားလေးမြတ်ကြောင်း ကျေးဇူးတင်စကား အမြောက်အမြား ကြားခဲ့ကြရပြီ။ ၎င်းတို့အနက် အောက်ပါစာသည် ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ထံ ဂရိနိုင်ငံမှသက်သေခံတစ်ဦးရေးသားသော စာဖြစ်ပါသည်–
“ကျွန်တော်တို့၏ ဝိညာဉ်ရေးကို ဤမျှဂရုစိုက်ပေးသည့်အတွက် ချစ်မြတ်နိုးရသော ညီအစ်ကိုအားလုံးကို အလွန်ကျေးဇူးတင်ကြောင်း သိစေလိုပါသည်။ ကျွန်တော်၏ ခရစ်ယာန်ယုံကြည်ခြင်းကြောင့် ကိုးနှစ်မျှ အကျဉ်းကျခဲ့သည့်အတွက် ၁၉၉၆၊ မေ ၁ ကင်းမျှော်စင်ထဲပါ အလွန်အားရစရာစကားများကို ကျွန်တော်အမှန်တကယ် ကျေးဇူးတင်မိပါသည်။ (ဟေရှာယ ၂:၄) ယင်းသည် ယေဟောဝါထံတော်မှ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးပင်ဖြစ်သည်။—ယာကုပ် ၁:၁၇။
“ဤဆောင်းပါးများကို ကျွန်တော်ဖတ်ကောင်းနေစဉ် ယခင်ကင်းမျှော်စင်တစ်စောင် (ဩဂုတ် ၁၊ ၁၉၉၄၊ စာမျက်နှာ ၁၄) တွင်ပါသည့် ဤအကြောင်းကို မှတ်မိပါသည်။ ‘အကျိုးသင့်အကြောင်းသင့်ရှိခြင်းသည် တန်ဖိုးအနဂ္ဃရှိသော အရည်အချင်းဖြစ်သည့်အပြင် ယေဟောဝါကို ဆထက်ထမ်းပိုး တိုး၍ချစ်မြတ်နိုးစေသည့် အရည်အချင်းဖြစ်သည်မှာထင်ရှားပါသည်။’ မှန်ပါသည်၊ ညီအစ်ကိုများ၊ ယေဟောဝါ၏ဉာဏ်ပညာတော်ကို အထင်အရှားရောင်ပြန်ဟပ်သည့် ကိုယ်တော်၏ကရုဏာမေတ္တာရှိသော အဖွဲ့အစည်းအဝင်ဖြစ်ရသည့်အတွက် ကိုယ်တော်အား ကျွန်တော်အလွန်ကျေးဇူးတင်ပါသည်။—ယာကုပ် ၃:၁၇။
“မေ ၁ ကင်းမျှော်စင်ပါ ပိုမိုထွန်းလင်းသောအလင်းကို ဤဂရိနိုင်ငံတွင် အထူးသဖြင့် မိမိတို့၏ယုံကြည်ခြင်းကြောင့် နှစ်အနည်းငယ် အကျဉ်းကျခဲ့သူများ သို့မဟုတ် အကျဉ်းကျနေတုန်းဖြစ်သူများတို့သည် ကောင်းစွာလက်ခံခဲ့ကြပြီ။ တစ်ဖန်ကျေးဇူးတင်ပါရစေ။ ဤဒုက္ခမြားမြောင်သည့်ကာလတွင် တန်ဖိုးကြီးမားသော ဝိညာဉ်အစာကို ကျွန်တော်တို့အား ဆက်လက်ကျွေးမွေးစေရန် ယေဟောဝါ၏ဝိညာဉ်တော်သည် သင်တို့ကို ခွန်အားပေးပါလေစေ။”