“ကျွန်တော်တို့ အားလုံး မျိုးရိုး တစ်မျိုးတည်းအဝင် ဖြစ်ကြသည်”
မကြာမီနှစ်များအတွင်း ကမ္ဘာတစ်ဝန်းတွင် ဘာသာရေးစိတ်စွန်းကွက်မှုနှင့် လူမျိုးရေးစိတ်ဓာတ် ပျံ့နှံ့နေသည်။ လူမျိုးစုဆိုင်ရာ စိတ်ဝမ်းကွဲလွဲမှုများကြောင့် သတ်ဖြတ်မှုများ၊ နှိပ်စက်ညှဉ်းဆဲမှုများနှင့် အခြားအခြားသော လူမဆန်သည့်ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားခဲ့ပြီ။ အမ်နက်စတီအင်တာနေရှင်နယ်၏ သတင်းပေးချက်အရ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ၁၉၉၄ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၂၃ သန်းသည် မိမိတို့အိမ်ရာများကိုစွန့်ပြီး ထွက်ပြေးခဲ့ရကြသည်။
ရဝမ်ဒါနိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် လူပေါင်း ၅၀၀,၀၀၀ ခန့်သတ်ဖြတ်ခံရပြီး အခြား ၂,၀၀၀,၀၀၀ ကျော်သောသူတို့သည် တွတ်စီနှင့် ဟူတူလူမျိုးများစပ်ကြား အကြမ်းဖက်မှုဖြစ်ပြီးနောက်တွင် ဒုက္ခသည်များ ဖြစ်ကြရရှာသည်။ “ယေဟောဝါသက်သေများသည် လက်နက်ကိုင်ရန် ငြင်းဆိုသည့်အတွက် အထူးနှိပ်စက်ကလူပြုခံရကြသည်” ဟုဘယ်လ်ဂျီယံသတင်းစာ လဆွားရ်က ဖော်ပြပါသည်။ ယေဟောဝါသက်သေများသည် လက်နက်ကိုင် ပဋိပက္ခဖြစ်မှုများတွင် မပါဝင်ကြပါ။ မည်သို့ဆိုစေကာမူ အကြမ်းဖက်မှုဖြစ်ခဲ့ချိန်တွင် သူတို့သည် ရာနှင့်ချီ အသတ်ခံခဲ့ကြရသည်။ ယင်းက တပည့်တော်များအား “သင်တို့သည် လောကီနှင့်မဆက်ဆံ . . . သောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏” ဟုယေရှုမိန့်တော်မူခဲ့သောစကားကို သတိရစေပါသည်။—ယောဟန် ၁၅:၁၉။
သက်သေခံမိသားစု—အိုဝဲဇန် နတာ့ဘ်နားနား၊ သူ၏ဇနီးနှင့် သားသမီးနှစ်ယောက်—တစ်စုသည် ကီဂါလီမြို့တော်တွင် နေထိုင်ကြသည်။ အိမ်နီးနားချင်းတို့အား ခရစ်ယာန်ကြားနေမှုအကြောင်း ရှင်းပြရာတွင် အပူပိုင်းဒေသများတွင် ရှင်သန်တတ်သော နွယ်ပင်တစ်မျိုးဖြစ်သည့် စက္ကူပန်းပင်အကြောင်း အိုဝဲဇန်မကြာခဏ ပြောတတ်ပါသည်။—မဿဲ ၂၂:၂၁။
“ကီဂါလီမြို့မှာ စက္ကူပန်းပင်ဟာ အပွင့်အနီ၊ ပန်းရောင်၊ တစ်ခါတလေ အဖြူရောင်ပန်းတွေပွင့်တတ်တယ်။ ဒါပေမဲ့လည်း အဲ့ဒီပန်းပင်အားလုံးဟာ မျိုးရင်းတစ်ခုတည်းပဲဖြစ်တယ်။ လူတွေလည်း အတူတူပဲ။ ကျွန်တော်တို့အားလုံး လူမျိုးမတူ၊ အသားအရောင်မတူ၊ လူမျိုးစုနောက်ခံချင်း မတူပေမဲ့ မျိုးရိုးတစ်မျိုးတည်း၊ လူမျိုးအဝင်ဖြစ်ကြတယ်” ဟုအိုဝဲဇန်ရှင်းပြလေ့ရှိသည်။
ဝမ်းနည်းကြေကွဲစရာမှာ နတာ့ဘ်နားနားမိသားစုသည် လူအေးများဖြစ်ပြီး ကြားနေတတ်သူများဖြစ်ကြလျက်ပင် သွေးဆာသောလူအုပ်က သူတို့ကိုသတ်ဖြတ်လိုက်ပါသည်။ သို့တိုင် သူတို့သည် သစ္စာရှိရှိ သေဆုံးသွားကြပါသည်။ ဤကဲ့သို့သောသူများအား ယေဟောဝါပေးထားတော်မူသော ကတိတော်ကို ကိုယ်တော်ပြည့်စုံစေတော်မူပြီး စိတ်စွန်းကွက်မှု ရှိတော့မည်မဟုတ်သောကမ္ဘာကို သူတို့ဝင်စားရန် ရှင်ပြန်ထမြောက်စေတော်မူမည်ဟု ကျွန်ုပ်တို့ စိတ်ချနိုင်သည်။ (တမန်တော် ၂၄:၁၅) ထိုအခါ အခြားသူများနှင့်အတူ နတာ့ဘ်နားနားမိသားစုသည် “များပြားသောငြိမ်သက်ခြင်းချမ်းသာ၌ မွေ့ပျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၁၊ ကဘ။