ရေလွှမ်းမိုးခြင်းဒဏ္ဍာရီက ကျမ်းစာမှတ်တမ်းကို အထောက်အကူပြု
နာဧခေတ် ကမ္ဘာချီရေလွှမ်းမိုးဘေးသည် သမိုင်းဝင်ဖြစ်ရပ်မှန်ဖြစ်သည်။ မှတ်တမ်းနှင့်ပတ်သက်သည့် ရှုထောင့်မူကွဲများကို ကမ္ဘာအနှံ့ရှိ ယဉ်ကျေးမှုအသီးသီး၏ ပါးစပ်ရာဇဝင်တွင် တွေ့ရသည်။ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သော ချတ်နိုင်ငံတွင် မူစာအီအနွယ်က ရေလွှမ်းမိုးဘေးကို ဤသို့ဤနှယ်ရှင်းပြသည်–
‘ရှေးသရောအခါက အလွန်ဝေးသောဒေသတစ်ခုတွင် မိသားတစ်စုနေထိုင်ကြကုန်၏။ တစ်နေ့သ၌ ဤမိသားစုမှ မိခင်ဖြစ်သူသည် မိမိ၏ချစ်မြတ်နိုးရသော အိမ်သူအိမ်သားများအတွက် အဖိုးထိုက်၍ ခမ်းနားသိုက်မြိုက်စွာတည်ခင်းသော စားကောင်းသောက်ဖွယ်ကို ပြင်ဆင်ကျွေးမွေးလို၏။ သို့နှင့် သူမသည် သီးနှံစေ့ကို အမှုန့်ထောင်းရန် လက်ဆုံနှင့် ကျည်ပွေ့တို့ကို ယူလိုက်လေသည်။ ထိုအချိန်က ကောင်းကင်သည် ယခုထက် အလွန်တရာပို၍ နီးကပ်လှသည်။ အမှန်တွင် လက်ခုပ်တစ်ဖောင်သာရှိပြီး ကိုင်ကြည့်နိုင်သည်။ သူမသည် သီးနှံစေ့ကို တစ်အားကုန်ထောင်းလိုက်ရာ အစေ့များသည် ခဏလေးနှင့် အမှုန့်ဘဝသို့ ပြောင်းသွားကုန်၏။ သို့သော် သူမထောင်းသောအခါတွင် ကျည်ပွေ့ကို ပေါ့ပေါ့ဆဆနှင့် အထက်သို့ အလွန်မြင့်မြင့်မလိုက်မိရာ ကောင်းကင်ကို ထိုးဖောက်မိသွားလေတော့သည်! ရုတ်တရက်ပင် ကြီးမားသည့်ရေထုကြီးသည် မြေကြီးပေါ်သို့ ကျဆင်းလာတော့သည်။ ယင်းသည် သာမန်မိုးမဟုတ်ပါလေ။ ကမ္ဘာတစ်ခုလုံးကို လွှမ်းမြုပ်သွားသည်အထိ ခုနစ်ရက် ခုနစ်ညရွာချခဲ့သည်။ မိုးရွာချလိုက်သောအခါ ကောင်းကင်သည် ယခုရှိနေသည် လက်လှမ်းမမီနိုင်သောအမြင့်သို့ ရောက်သည့်အထိ မြင့်တက်သွားတော့သည်။ လူသားများအတွက် သဘာဝဘေးပင်တည်း! ထိုအချိန်ကတည်းက လက်ဖြင့်ကောင်းကင်ကို ကိုင်ဖို့အခွင့်အလမ်း ဆုံးရှုံးသွားတော့သည်။’
စိတ်ဝင်စားစရာမှာ၊ ကမ္ဘာချီရေလွှမ်းမိုးဘေးအကြောင်းပြောသော ရှေးမှတ်တမ်းများကို ကမ္ဘာတစ်ဝန်းလုံးတွင် တွေ့နိုင်သည်။ အမေရိကန်နိုင်ငံ၏ တိုင်းရင်းသားယဉ်ကျေးမှုများတွင်သာမက ဩစတြေးလျမှ အဘော်ရီဂျင်နီအနွယ်တို့တွင်လည်း ယင်းနှင့်ပတ်သက်သော ပုံပြင်များရှိသည်။ အသေးစိတ်အချက်အလက် ကွာခြားနိုင်သော်လည်း မှတ်တမ်းအများစုတွင် ကမ္ဘာကြီးကို ရေလွှမ်းမြုပ်သွားပြီး လူအနည်းငယ်သာ လူ့လက်ဖြစ်သင်္ဘောတစ်စင်းဖြင့် အသက်ဘေးမှလွတ်သွားကြောင်း ပါရှိသည်။ ဤအဓိကအချက်နှင့်ပတ်သက်၍ ကမ္ဘာအနှံ့တင်ပြမှုက ကျမ်းစာတွင်မှတ်တမ်းတင်ထားသည့်အတိုင်း ကမ္ဘာချီရေလွှမ်းမိုးဘေးကြီး ဖြစ်ခဲ့သည်ဟူသည့်အဖြစ်မှန်ကို ထပ်ဆင့်ထောက်ခံသည်။—ကမ္ဘာဦး ၇:၁၁-၂၀။