ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
ရုရှားနိုင်ငံတွင် “ငတ်” နေသောသူများအတွက် အကူအညီ
“ဖြောင့်မတ်ခြင်း . . . ကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ရောက်ကြလတ္တံ့” ဟု ယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၅:၆) ယေဟောဝါသက်သေများသည် ဘာသာရေးလွတ်လပ်မှုကို အနှစ် ၇၀ ကျော် အဆက်ဖြတ်ထားသည့် ရုရှားနိုင်ငံရှိ ဝိညာဉ်ရေးဆာငတ်နေသူများစွာကို အငတ်ပြေစေဖို့ မည်သို့ကူညီပေးနေကြောင်း အောက်ပါတွေ့ ကြုံမှုများက ဖော်ပြပါသည်။
▪ ဗလျင်တီးနာအမည်ရှိ အမျိုးသမီးတစ်ဦးတွင် နှစ်များစွာ အဖြေမရခဲ့သည့် လေးနက်သော ကျမ်းစာမေးခွန်းများ ရှိနေသည်။ ဥပမာ၊ ‘ယေရှုဟာ ဘယ်သူ့ဆီကို ဆုတောင်းတာလဲ’ ဟု သူစဉ်းစားကြည့်သည်။ ယေရှုသည် မိမိထက်ပိုကြီးမြတ်သူတစ်ဦးထံဆုတောင်းခြင်းဖြစ်ရမည်ဟု သူမဆင်ခြင်မိပြီး ထိုပုဂ္ဂိုလ်၏နာမည်ကို စဉ်းစားခဲ့သည်။
ရုရှားသြသဒေါက်စ်ချာ့ချ်သို့ သူမသွားခဲ့သည်။ သို့သော် ထိုဘာသာတရားတွင် သူမမေးခွန်းများ၏အဖြေကို ရှာမတွေ့ ခဲ့။ မကျေနပ်သေးဘဲ ပရိုတက်စတင့်ချာ့ချ်သို့ သွားပြန်သည်၊ သို့သော် ရှင်းလင်းသည့်အဖြေမရပြန်ပါ။ ဗလျင်တီးနာသည် အခြားဘယ်ကိုသွားရမှန်းမသိတော့၍ ကျမ်းစာကို စဖတ်ပြီး ကိုယ်တိုင်အဖြေရှာဖို့ ကြိုးစားသည်—အချည်းနှီးပင်ဖြစ်သည်။ အကူအညီအတွက် သူမဆုတောင်းခဲ့သည်။
အချိန်အတော်အတန်ကြာညောင်းပြီးနောက် ယေဟောဝါသက်သေများသည် တံခါးလာခေါက်သည်။ ဘုရားသခင့်နာမတော်မှာ ယေဟောဝါဖြစ်ကြောင်း သူမကို ကျမ်းစာမှပြကြသည်။ နောက်ဆုံးတွင် ယေရှုဆုတောင်းသောပုဂ္ဂိုလ်ကို သူမသိသွားပြီတကား! သူမသည် ယေဟောဝါသက်သေတို့နှင့် စ၍ ကျမ်းစာမှန်မှန်လေ့လာခဲ့သည်။ သူမသည် မကြာခဏဆိုသလို ကင်းမျှော်စင်အသင်းမှ ထုတ်ဝေသော စာပေများကို ညလုံးပေါက်ဖတ်ကာ ကျမ်းချက်ကို လိုက်ကြည့်လေ့ရှိသည်။ မကြာမီ မိမိသမ္မာတရားကို တွေ့ ပြီဟု ဗလျင်တီးနာ ကောက်ချက်ချလိုက်သည်။ သုံးလအတွင်း ဟောပြောခြင်းလုပ်ငန်းတွင် စပါဝင်လာပြီး နောက်နှစ်လအကြာတွင် နှစ်ခြင်းခံခဲ့သည်။ ဆုတောင်းပြီး သမ္မာတရားရှာဖွေမှုသည် သူမကို အကျိုးပေးသည်။
▪ သက်သေခံတစ်ယောက်သည် ဝေးလံသောဒေသတွင် ဟောပြောဖို့ ဘတ်စကားဖြင့် သွားခဲ့သည်။ လမ်းခရီးတွင် မိန်းမငယ်လေးတစ်ယောက်ကို ကျမ်းစာပါကတိတော်များအကြောင်း ပြောပြသော်လည်း ထိုမိန်းမငယ် စိတ်မဝင်စားခဲ့ပါ။ နှစ်လကြာပြီးနောက် ထိုသက်သေခံသည် လူထုဟောပြောချက်ပေးဖို့အတွက် ထိုဒေသသို့ ဒုတိယအကြိမ် သွားခဲ့သည်။ ဟောပြောချက်အပြီးတွင် ဧည့်သည်တစ်ယောက်ထံ ချဉ်းကပ်ပြီး သူ့အား “တစ်ဦးတစ်ယောက်ဟာ ကျမ်းစာကနေ ဒီသတင်းကောင်းအကြောင်း ခင်ဗျားကို ပြောပြဖူးသလား” ဟု မေးလိုက်သည်။ “ပြောပြဖူးတယ်၊ ခင်ဗျား ပဲ ပြောပြခဲ့တာ” ဟု ထိုလူက ပြန်ဖြေသည်။ ထိုသူနောက်ပြောင်နေသည်ဟု ထိုသက်သေခံကထင်သည်။ သို့သော် လွန်ခဲ့သည့် နှစ်လက ဘတ်စကားနှင့် ခရီးသွားနေစဉ် ထိုသက်သေခံနှင့် မိန်းမငယ်လေးစကားပြောနေသည်ကို မိမိကြားခဲ့ကြောင်း အဆိုပါလူငယ်က ရှင်းပြခဲ့သည်။ “ကျွန်တော်ထပ်ပြီး သိချင်နေတာ၊ ဒါပေမဲ့ ခင်ဗျားက ကားပေါ်က ဆင်းသွားတယ်လေ၊ ယေဟောဝါသက်သေတွေနဲ့ ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတာ။ ကျွန်တော်အလုပ်လုပ်တဲ့နေရာမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာသင်နေတဲ့ လူတစ်ယောက်ကို တွေ့တယ်။ ဒါကြောင့် ကျွန်တော် ဒီကိုရောက်လာတာလေ!”
ထိုသူနှင့် သူ့ဇနီးတို့သည် ကျမ်းစာစလေ့လာခဲ့ကြသည်။ အချိန်တိုလေးအတွင်းတွင် သူ၏အလုပ်သည် ကျမ်းစာမူများနှင့် ဆန့်ကျင်ကြောင်း အဆိုပါလူငယ်က သိလာခဲ့သည်။ ဘုရားသခင်ရှေ့တော်တွင် ဩတ္တပ္ပစိတ်ကောင်းကို ထိန်းထားလိုသည့်အတွက် လုပ်ငန်းပြောင်းလိုက်သည်။ ယခုအခါ သူသည် အခွင့်အရေးရတိုင်းအခြားသူများကို ဘုရားသခင့်နိုင်ငံတော်အကြောင်း ဖောက်သည်ချနေသည်။ သူ၏ဇနီးလည်း ကျမ်းစာသင်ရာတွင် တိုးတက်နေသည်။
ရုရှားနိုင်ငံ ရပ်ကွက်ကျယ်ကြီးတွင်ရှိသော ယေဟောဝါသက်သေတို့သည် စိတ်ရိုးမှန်သောသူအားလုံးကို “ရေငတ်သောသူသည် လာပါစေ။ အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ” ဟု ပြောဆိုခြင်းတွင် ပါဝင်ရခြင်းကို ပီတိဖြစ်ကြသည်။—ဗျာဒိတ် ၂၂:၁၇။