“ငါအိပ်မက်မက်နေတာများလား”
အောက်ပါသတင်းမှာ ၁၉၉၅ နွေရာသီအတွင်း ကျင်းပခဲ့သည့် ယေဟောဝါသက်သေများ၏ သမိုင်းတွင်မည့် “ရွှင်လန်းသော ချီးမွမ်းသူများ” ခရိုင်စည်းဝေးကြီးနှင့်ပတ်သက်သော မာလာဝီမှလာသည့် သတင်းဖြစ်သည်။
“အဓိကလမ်းမကြီးတစ်လျှောက် မာလာဝီကန်၏ အနောက်ဘက်ကမ်းခြေခရီးတစ်ဝက်ခန့်တွင် ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုင်းဘုတ်တစ်ခုကို ရိုက်ကပ်ထားသည်။ ယင်းမှာ ‘ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီး’ ဟူ၍ဖြစ်သည်။
“ထရပ်ကားကြီးတစ်စင်းသည် ထိုဆိုင်းဘုတ်ဘေးတွင်ရပ်လိုက်ပြီး ယင်း၏ယာဉ်နောက်တွဲမှ အယောက် ၂၀၀ ကျော်သော မဇူးဇူမြို့မှ ကိုယ်စားလှယ်များ အလျှိုအလျှိုထွက်လာကြသည်။ သူတို့သည် အခြားဒေသများမှ ညီအစ်ကိုညီအစ်မ ၃,၀၀၀ ခန့်တို့နှင့်ပူးပေါင်းရန် အဝတ်အထည်ထုပ်များ၊ စောင်များ၊ အိုးများ၊ ပုံးများ၊ အစားအစာ၊ ထင်းနှင့် ကျမ်းစာတို့ကို ယူခဲ့ကြသည်။
“ထရပ်ကားပေါ်မှဆင်းလာသည့် ညီအစ်ကိုများကို ကျွန်ုပ်တို့နှုတ်ဆက်နေစဉ် အသက် ၆၃ နှစ်ရှိပြီဖြစ်ကာ နကိုတာကိုးတာရွာမှ နှစ်ရက်ကြာစက်ဘီးစီးလာသော ဂျော့ ချီကာကိုသည် သဲသောင်ကမ်းခြေတစ်လျှောက် သူ့စက်ဘီးကို တွန်းကာ ရောက်လာသည်။ လွန်ခဲ့တဲ့နှစ်များအတွင်း ညီအစ်ကို ချီကာကိုသည် ကျမ်းစာမူများကို အလျှော့ပေးရန် ငြင်းဆန်ခဲ့သည့်အတွက် ထောင်လေးနှစ်ကျခံခဲ့ရသည်။ သူ၏ဝမ်းကွဲညီအစ်ကိုသည် ထောင်ကျနေစဉ်အရိုက်ခံရပြီး သေဆုံးသွားရသည်။ ‘ကျွန်တော် အိပ်မက်မက်နေတာများလား’ ဟု ညီအစ်ကို ချီကာကိုက မေးသည်။ ‘ဒီစည်းဝေးကြီးကို နေ့ခင်းကြောင်တောင်မှာ ကျင်းပနေပြီး လူတွေဟာ ဘုရားသခင့်နိုင်ငံတော်သီချင်းတွေကို အကျယ်ကြီးသီဆိုနေလိုက်ကြတာ! လွန်ခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ညအမှောင်ထဲမှာ ကျွန်တော်တို့ စည်းဝေးခဲ့ကြရတယ်။ နိုင်ငံတော်သီချင်းတွေကို လေသံလေးနဲ့ပဲသီဆိုရပြီး ဩဘာပေးဖို့အတွက် ကျွန်တော်တို့လက်ချင်းပွတ်ကြရတယ်။ အခုတော့ ကျွန်တော်တို့ဟာ ပြောင်ပြောင်တင်းတင်း စည်းဝေးနေကြတယ်၊ ကျွန်တော်တို့ဟာ နည်းနည်းလေးပါလို့ သူတို့ထင်နေတဲ့အချိန်မှာ ကျွန်တော်တို့လူတွေဒီလောက်များများကို တွေ့လိုက်ရတော့ ဒီလူတွေဟာ အံ့သြသွားသပေါ့ဗျာ!’
“အစည်းအဝေးကြီးကျင်းပသည့်နေရာကို မြက်များနှင့် စည်းရိုးခတ်ထားပြီး အရိပ်ရရန်အတွက် မြက်ရှည်များကိုဖြန့်၍ မိုးထားသည်။ ကိုယ်စားလှယ်များတည်းခိုရန်အတွက် မြက်တဲငယ်များနှင့် လေဟာပြင်တည်းခိုဆောင်များကို ဆောက်ထားပေးသည်။ ညလေသည် နှိပ်စက်ညှဉ်းပန်းမှုကို ကြောက်ပြီး တိတ်တဆိတ်နေရခြင်း မရှိတော့သည် လှလှပပတေးသံသာနှင့် ဖုံးလွှမ်းသွားသည်။
“ဤခရိုင်စည်းဝေးကြီးသည် ‘ရွှင်လန်းသောချီးမွမ်းသူများ’ ဟူသည့် ခေါင်းစဉ်နှင့် မည်မျှ သင့်တော်လျောက်ပတ်လှပါသည်တကား!”
[Credit Line]
Mountain Hign Maps® Copyright © 1995 Digitas Wisdom, Inc.