“ခြင်္သေ့နှလုံး” မျိုးသင်ရရှိနိုင်
သမ္မာကျမ်းစာသည် ခွန်အားနှင့် ယုံကြည်စိတ်ချမှုတို့၏ သင်္ကေတအဖြစ် ခြင်္သေ့ကို တစ်ခါတစ်ရံ၌ အသုံးပြုတတ်၏။ ရဲစွမ်းသတ္တိရှိသူများကို “ခြင်္သေ့နှလုံး” ရှိသူများအဖြစ် ဖော်ပြကြပြီး ရိုးဖြောင့်သူများကို “ခြင်္သေ့ကဲ့သို့ရဲရင့်တတ်” သောသူနှင့်တူသည်ဟု ဆိုသည်။ (၂ ဓမ္မရာဇဝင် ၁၇:၁၀; သု. ၂၈:၁) အထူးသဖြင့် ခြင်္သေ့သည် စိန်ခေါ်ခံရသောအခါ၌ “တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး” သူအဖြစ် ၎င်း၏ဂုဏ်အသရေနှင့်ထိုက်တန်ကြောင်းပြသလေ့ရှိသည်။—သု. ၃၀:၃၀။
ယေဟောဝါဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ကာကွယ်မှုပေးရန် မိမိ၏ဆုံးဖြတ်ထားချက်ကို ခြင်္သေ့၏အကြောက်အရွံ့ကင်းမဲ့မှုနှင့် ခိုင်းနှိုင်းထား၏။ “ခြင်္သေ့နှင့် ခြင်္သေ့သငယ်သည် လုယူရာအကောင်ပေါ်မှာနေသောအခါ သိုးထိန်းအလုံးအရင်း၏ဆီးတားအော်ဟစ်ခြင်းကိုမကြောက်၊ သူတို့ပြုသောအသံဗလံအားဖြင့် အရှုံးမခံသကဲ့သို့ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် . . . ဇိအုန်တောင်တော်ဘက်မှာ စစ်တိုက်ခြင်းငှာ ဆင်းသက်တော်မူလိမ့်မည်။ . . . ကွယ်ကာစောင့်မ၍ အပြစ်မပေး၊ ကယ်တင်တော်မူမည်” ဟု ဟေရှာယ ၃၁:၄၊ ၅ က ဖော်ပြသည်။ သို့ဖြင့် ယေဟောဝါရှင်သည် မိမိ၏ကျေးကျွန်များကို အထူးသဖြင့် ဒုက္ခဆင်းရဲနှင့် ကြုံကြိုက်စဉ်၌ မိမိကာကွယ်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ကတိပေးထားလေသည်။
လူသားတို့၏ အကြီးမားဆုံးသောရန်သူတော်ကြီး စာတန်မာရ်နတ်ကို သမ္မာကျမ်းစာက ဒေါသထွက်၍ ဆာလောင်နေသော ခြင်္သေ့နှင့် ခိုင်းနှိုင်းထား၏။ သူ၏သားကောင်ဖြစ်မသွားရန် ရှောင်ကြဉ်ဖို့ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့” ဟု ကျမ်းစာထဲ၌ ကျွန်ုပ်တို့ကို မှာကြားထား၏။ (၁ ပေတရု ၅:၈) ယင်းသို့ပြုနိုင်သည့်နည်းတစ်နည်းမှာ သေစေလောက်သော ဝိညာဏငိုက်မြည်းခြင်းကို ရှောင်ကြဉ်ရန်ဖြစ်သည်။ ၎င်းနှင့်စပ်လျဉ်း၍ ‘သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ အစားအသောက်လွန်ကြူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံး မပင်ပန်းစေကြနှင့်’ ဟု ယေရှုမိန့် ကြားတော်မူခဲ့သည်။ (လုကာ ၂၁:၃၄-၃၆) မှန်ပါသည်၊ ဤ “နောက်ဆုံးနေ့ရက်ကာလ” ၌ နိုးနိုးကြားကြားရှိခြင်းဖြင့် ‘ထာဝရဘုရားကို ကိုးစား၍ တည်ကြည်တတ်သော’ “ခြင်္သေ့နှလုံး” ကို ကျွန်ုပ်တို့ရရှိနိုင်ပေသည်။—၂ တိမောသေ ၃:၁; ဆာလံ ၁၁၂:၇၊ ၈။