ယေဟောဝါကို သူနှိမ့်ချစွာ အမှုဆောင်ခဲ့
“ခင်ဗျားဘယ်မှာအမှုထမ်းနေတယ်ဆိုတာ ဒီလောက်မဟုတ်ပါဘူး၊ ခင်ဗျား ဘယ်သူ့အတွက် အမှုထမ်းနေတယ်ဆိုတာကသာ အမှန်တကယ်အရေးကြီးတာပါ။” ဂျွန် ဘုသ်သည် ထိုစကားများ ပြောဆိုရခြင်းကို နှစ်သက်လှကာ ယင်းအတိုင်း သူအသက်ရှင်နေထိုင်ခဲ့၏။ ၁၉၉၆၊ ဇန်နဝါရီ ၈ ရက်၊ တနင်္လာနေ့တွင် ကုန်ဆုံးသွားခဲ့သော သူ၏မြေကြီးအသက်တာက မည်သူ့အတွက်အမှုထမ်းရန် သူရွေးချယ်ခဲ့ကြောင်း ရှင်းလင်းပြတ်သားစွာတင်ပြခဲ့ပါသည်။
၁၉၂၁ ခုနှစ်အချိန်က လူငယ်တစ်ဦးအနေနှင့် ဂျွန် ဘုသ်သည် ဘဝရည်ရွယ်ချက်ကို ရှာဖွေနေခဲ့သည်။ သူသည် ဒတ်ချ်ပြုပြင်ပြောင်းလဲရေးချာ့ချ်တွင် ဥပုသ်စာဖြေကျောင်းဆရာဖြစ်သည်။ သို့သော်လည်း ဓမ္မအမှုဆောင်တစ်ဦးဖြစ်လာရန် လေ့ကျင့်ခြင်းဟူသောအစီအစဉ်ကို သူဆန့်ကျင်၏။ အကြောင်းမှာ ဓမ္မဆရာများသည် တစ်ကိုယ်ကောင်းဆန်သောအသက်တာဖြင့် အသက်ရှင်ကြသည်ဟု သူယူမှတ်သောကြောင့်ဖြစ်သည်။ “ယခုအသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှမသေကြရ” ဟုခေါင်းစဉ်တပ်ထားသော ဟောပြောချက်တစ်ခုအတွက် လက်ကမ်းကြော်ငြာကို သူတွေ့ရသောအခါ သူသည် ကြော်ငြာထားသည့် စာပေအတွက် စာတိုက်မှတစ်ဆင့်မှာယူခဲ့သည်။ ဖတ်ရှုရသည့်အရာများ၏ ညှို့ယူဖမ်းစားမှုကြောင့် မကြာမီပင် နောက်ပိုင်း ယေဟောဝါသက်သေများဟု လူသိများလာသော ကျမ်းစာကျောင်းသား၏ စည်းဝေးများသို့ ၁၅ မိုင် ခရီးကို စက်ဘီးစီး၍ သွားခဲ့လေသည်။ ၁၉၂၃ ခုနှစ်တွင် နှစ်ခြင်းခံခဲ့ပြီး သူမိသားစု၏ နို့စားနွားမွေးမြူရေးခြံရှိသော နယူးယောက်မြို့၊ ဝေါလ်ကီးလ်နယ်တွင် တစ်အိမ်မှတစ်အိမ် စတင်၍ဟောပြောလေသည်။
ညီအစ်ကိုဘုသ်သည် ၁၉၂၈၊ ဧပြီလတွင် အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းသို့ ဝင်ရောက်ခဲ့သည်။ အစားအသောက်၊ နေရာထိုင်ခင်းတို့အတွက် ကျမ်းစာစာပေများနှင့် လဲလှယ်ရင်း သူ၏ဇာတိနယ်မြေနှင့် တောင်ပိုင်းကျေးလက်တောရွာများတွင် သူဟောပြောခဲ့သည်။ သေနတ်တကားကားနှင့် အရက်ပုန်းဖိုပိုင်ရှင်များကဲ့သို့သော အန္တရာယ်များကို သတ္တိရှိရှိရင်ဆိုင်ရသည်။ ထိုပိုင်ရှင်တစ်ဦးဆိုလျှင် ဂျွန် ဘုသ်၏ ရှေ့ဆောင်အဖော်ကို သေနတ်နှင့်ပစ်ခတ်၍ အနာတရဖြစ်ခဲ့ရသည်။ ၁၉၃၅ ခုနှစ်တွင် ညီအစ်ကို ဘုသ်သည် နယ်လှည့်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရပြီး နိုင်ငံတစ်ဝန်းတွင်ရှိသော အသင်းတော်များနှင့် အုပ်စုငယ်လေးများကို စတင်လည်ပတ်ရလေသည်။ သူသည် စည်းဝေးများကို စီစဉ်ပြီး ညီအစ်ကို၊ ညီအစ်မများကို ဆန့်ကျင်မှုကြား၌ပင် ဇွဲနပဲရှိကြရန် အားပေးသည်။ ဒေါသထွက်နေသောလူအုပ်များနှင့် ရင်ဆိုင်ရခြင်း၊ တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းရခြင်း၊ ထောင်ချခံရခြင်းတို့ကဲ့သို့သောအရာအားလုံးသည် ညီအစ်ကို ဘုသ်အတွက် ဖြစ်နေကျအရာများဖြစ်လာသည်။ “ထိုစိတ်လှုပ်ရှားဖွယ်ရာအချိန်များကို အသေးစိတ်ဖော်ပြရသော် စာအုပ်တစ်အုပ်ပြည့်သွားပါလိမ့်မည်” ဟု တစ်ခါက သူရေးသားခဲ့၏။
၁၉၄၁ ခုနှစ်တွင် ထိုအချိန်က ကင်းမျှော်စင်အသင်း၏ဥက္ကဋ္ဌဖြစ်သော ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က ညီအစ်ကို ဘုသ်ကို နယူးယောက်မြို့၊ အီတာကာနယ်အနီးရှိ နိုင်ငံတော်ခြံတွင် အလုပ်လုပ်ရန် တာဝန်ခန့်အပ်သည်။ ထိုတွင် ၂၈ နှစ်ကြာ သစ္စာရှိစွာ သူအမှုထမ်းခဲ့သည်။ ဓမ္မအမှုအပေါ် သူ၏ချစ်မြတ်နိုးမှုသည် မှေးမှိန်မသွားဘဲ၊ ၁၉၆၁ ခုနှစ်အထိ ထိုနိုင်ငံတော်ခြံတွင် အခြေစိုက်ခဲ့သည့် သာသနာပြုလေ့ကျင့်ရေးကျောင်းဖြစ်သော ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းမှ ထောင်နှင့်ချီသော ကျောင်းသားများနှင့် ပေါင်းသင်းခဲ့ရသောနှစ်များတစ်လျှောက် သူပျော်ပိုက်ခဲ့သည်။ ၁၉၇၀ ခုနှစ်၌ ညီအစ်ကို ဘုသ်သည် နယူးယောက်မြို့၊ ဝေါလ်ကီးလ်နယ်တွင်ရှိသော ကင်းမျှော်စင်ခြံတွင် အမှုထမ်းရန် ဖိတ်ခေါ်ခံရသောကြောင့် လွန်ခဲ့သော ၄၅ နှစ်ခန့်က သူရှေ့ဆောင်စလုပ်ခဲ့သော နေရာသို့ပြန်ရောက်ရပြန်သည်။
၁၉၇၄ ခုနှစ်တွင် ညီအစ်ကို ဘုသ်သည် နယူးယောက်မြို့၊ ဘရွတ်ကလင်တွင်ရှိသော ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသည်။ အသက် ၉၃ နှစ်အရွယ်၊ သူကွယ်လွန်သည့်အချိန်အထိ ထိုနေရာတွင် သစ္စာရှိရှိအမှုထမ်းဆောင်ခဲ့သည်။ ဂျွန် ဘုသ်သည် သူ၏ အလွန်နှိမ့်ချ၍ ကြင်နာတတ်သော ခရစ်ယာန်ဥပဓိရုပ်ကြောင့် ချစ်မြတ်နိုးခံရ၏။ သူ၏ကျန်းမာရေးနှင့် ခွန်အား ချို့တဲ့လာသည့်အချိန်အထိ တစ်အိမ်မှတစ်အိမ်နှင့် မြို့လမ်းမများပေါ်တွင် သစ္စာရှိစွာ ဟောပြောနေခဲ့သည်။
သူနှင့်အတူအမှုထမ်းခဲ့သူများသည် သူ၏ခွဲခွာမှုအတွက် ဝမ်းနည်းကြရသော်လည်း ထိုကဲ့သို့သော ဘိသိက်ခံခရစ်ယာန်များနှင့်ပတ်သက်၍ သူတို့သည် ကောင်းကင်အသက်တာသို့ ထမြောက်သွားကြမည်ဖြစ်ပြီး “သူတို့၏အကျင့်တို့သည်လည်း သူတို့နှင့်အတူလိုက်ကြ၏” ဟူသည့် ကျမ်းစာကတိတော်မှ နှစ်သိမ့်မှုရရှိကြပါသည်။ (ဗျာဒိတ် ၁၄:၁၃; ၁ ကောရိန္သု ၁၅:၅၁-၅၄) အသိုင်းအဝိုင်းသစ်တစ်ခုဖြစ်မည်မှာ သေချာသော်လည်း ဂျွန် ဘုသ်အတွက် ယေဟောဝါ၏အမှုတော်ကို ထာဝရထမ်းဆောင်နိုင်မည့် အရပ်ဒေသတစ်ခုဖြစ်မည်သာတည်း!
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
Chicago Herald-American
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
John Booth 1902-1996
[Credit Line]
Chicago Herald-American