ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ပြောင်းလဲပေးနိုင်သောအစွမ်း
သူကိုယ်တိုင်၏ဝန်ခံချက်အရ သူသည် “ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ဖူး” ခဲ့သည်။ (၁ တိမောသေ ၁:၁၃) သို့သော် သူပြောင်းလဲခဲ့သည်! တမန်တော်ပေါလုသည် နောက်ပိုင်း၌ ဤသို့ကြေညာနိုင်သည့်အထိ အကြီးအကျယ်ပြောင်းလဲသွားသည်– “ငါသည် ခရစ်တော်နည်းတူကျင့်သကဲ့သို့ သင်တို့လည်းငါ့နည်းတူကျင့်ကြလော့။”—၁ ကောရိန္သု ၁၁:၁။
ယနေ့တွင်၊ ကမ္ဘာတစ်ဝန်းလုံးရှိ ထောင်သောင်းချီသော စိတ်ရိုးမှန်သည့် ဝတ်ပြုသူများသည် အလားတူအပြောင်းအလဲများကို ပြုလုပ်နေကြသည်။ သူတို့ ဤသို့ပြောင်းလဲရန် အဘယ်အရာက စွမ်းဆောင်ပေးသနည်း။ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အသိပညာကို ရယူနေကြပြီး ယင်းနှင့်အညီ နေထိုင်နေကြသည်။ အောက်ပါတွေ့ကြုံမှုက ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ပြောင်းလဲပေးနိုင်သော အစွမ်းသတ္တိကို အထင်အရှားပြသသည်။
စလိုဗေးနီးယားနိုင်ငံတွင် သက်ကြီးရွယ်အိုမောင်နှံစုံတစ်စုံသည် ရွာတစ်ရွာ၏အပြင်ဘက်တွင် ထီးတည်းနေထိုင်ကြသည်။ လင်သားဖြစ်သူ ယိုဇာသည် အသက် ၆၀ ခန့်ရှိပြီး အရက်စွဲခြင်းကြောင့် အကြီးအကျယ်အခက်တွေ့နေသည်။ သို့သော် သူသည် မမာမကျန်းဖြစ်နေသော ဇနီးဖြစ်သူ လျူဒမီးလားကို စောင့်ရှောက်ပြုစုနေဆဲဖြစ်သည်။ တစ်နေ့တွင် ယိုဇာထံသို့ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူနှစ်ဦး ချဉ်းကပ်လာသည်။ သူက ထိုသက်သေခံများကို အိမ်ထဲသို့ ခေါ်ဖိတ်ရာ သူ့ဇနီးနှင့် တွေ့ဆုံခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြားလိုက်သည့်အခါတွင် ရွှင်လန်းမှုကြောင့် လျူဒမီးလား၏မျက်နှာမှ မျက်ရည်များ စီးဆင်းလာသည်။ ယိုဇာလည်း သူကြားရသည့်အရာများကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး မေးခွန်းများစွာ မေးခဲ့သည်။ ဤမောင်နှံစုံကို ကျမ်းစာစာပေတချို့ ဝေငှပြီးနောက် ထိုသက်သေခံများ ပြန်သွားကြသည်။
တစ်လအကြာတွင် သက်သေခံများ ပြန်လည်ပတ်နိုင်ခဲ့ရာ စားပွဲပေါ်၌ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ရှိနေသည်ကို သူတို့သတိပြုမိလိုက်သည်။ ထိုစာအုပ်ကို အဘယ်ကရသနည်းဟု မေးသောအခါ ယိုဇာက ဤသို့ပြောခဲ့သည်– “ခင်ဗျားတို့ထားခဲ့တဲ့မဂ္ဂဇင်းတွေထဲက တစ်အုပ်ရဲ့နောက်ကျောစာမျက်နှာမှာ ကြော်ငြာတစ်ခုကို ကျုပ်တွေ့ခဲ့တယ်။ ဒါနဲ့ ဇာဂရက်မှာရှိတဲ့ ခင်ဗျားတို့ရဲ့ရုံးကို စာရေးပြီး ဒီစာအုပ်ကို မှာလိုက်တာပါ။” သူစိတ်ဝင်စားကြောင်း တွေ့ရသဖြင့် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် မကြာမီကျင်းပတော့မည့် ယေရှုသေခြင်းအောက်မေ့ရာပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်သည်။ သူရောက်လာသဖြင့် ထိုသက်သေခံများ ဝမ်းသာသွားကြသည်!
မကြာမီ ကျမ်းစာစသင်ရာ ကောင်းကောင်း တိုးတက်လာသည်။ ဥပမာ၊ “ပုံသဏ္ဌာန်တူအောင် . . . ကိုယ်အဖို့မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့်” ဟူသည့်အချက်ကို ယိုဇာအား ကျမ်းစာမှ ပြသလိုက်သောအခါ အိမ်တွင်ရှိနေသည့် ဘာသာရေးရုပ်ပုံအားလုံးကို ချက်ချင်းစုပြီး စွန့်ပစ်လိုက်သည်။—ထွက်မြောက်ရာ ၂၀:၄၊ ၅။
ယိုဇာငတ်မွတ်နေသည့် ဝိညာဏသမ္မာတရားဆာလောင်မှုပြေသွားသည်။ သို့သော် အကြောင်းမလှစွာပင် သူ့တွင် အခြားငတ်မွတ်ဆာလောင်မှု တစ်ခုရှိနေဆဲဖြစ်သည်။ ၁၈ နှစ်ခန့်ကြာသည်အထိ တစ်ရက်လျှင် ဝိုင် ခုနစ်ကွတ်ခန့် သောက်ခဲ့သည်။ သူ၏အသောက်အစားပြဿနာကြောင့် သူ၏ရုပ်အသွင်အပြင်ကို ကောင်းကောင်းဂရုမစိုက်တော့ပါ။ သို့သော် အရက်ကို အလွဲသုံးခြင်းနှင့်ပတ်သက်ပြီး ဘုရားသခင့်ရှုမြင်ပုံကို သိရှိပြီးနောက်တွင် အပြောင်းအလဲလုပ်ရန် သူဆုံးဖြတ်ခဲ့သည်။
သူ၏အသောက်အစားပြဿနာကို တဖြည်းဖြည်းချင်း အောင်မြင်ရန် ကြိုးစားကာ တစ်နေ့လျှင်သူမည်မျှသောက်သည်ကို မှတ်တမ်းလုပ်ထားသည်။ မကြာမီ ဝိုင်၏ကျေးကျွန်ဘဝမှ လွတ်မြောက်ခဲ့သည်။ သူလေ့လာသည့် ကျမ်းစာသင်ခန်းစာထဲတွင် စစ်မှန်သော ခရစ်ယာန်များသည် တစ်ကိုယ်ရေကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်းကိုလည်း သိရှိခဲ့သည်။ ထို့ကြောင့် ထိုသက်သေခံများကို ပိုက်ဆံများပေးကာ ဤသို့ပြောသည်– “ခရစ်ယာန်စည်းဝေးတွေနဲ့ လယ်ကွင်းလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဘယ်အဝတ်အစားမျိုးကိုမဆို သွားဝယ်ပေးစမ်းပါဗျာ!” ထိုသက်သေခံများသည် အတွင်းခံများ၊ ခြေစွပ်များ၊ ရှူးဖိနပ်၊ ရှပ်အင်္ကျီများ၊ ဝတ်စုံများ၊ လည်စည်းများ၊ လက်ဆွဲအိတ်များနှင့် ပြန်လာခဲ့ကြသည်။
တစ်နှစ်ကြာ ကျမ်းစာလေ့လာပြီးနောက် ယိုဇာနှင့် လျူဒမီးလားတို့သည် တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းတွင် သက်သေခံများနှင့်အတူပါဝင်ရန် အရည်အချင်းရှိလာသည်။ သုံးလကြာပြီးနောက် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးတစ်ခု၌ ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ဘုရားသခင်ထံ သူတို့၏ဆက်ကပ်အပ်နှံမှုကို အထိမ်းအမှတ်ပြုခဲ့ကြသည်။ ယိုဇာသည် အသက်အရွယ်အိုမင်းပြီး ကျန်းမာရေးချို့တဲ့သည့်ကြားမှ သတင်းကောင်းဟောပြောခြင်းတွင် မှန်မှန်ပါဝင်ခဲ့သည်၊ သူသေဆုံးသည့် ၁၉၉၅၊ မေလအထိ အသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ယောက်အဖြစ် သစ္စာရှိရှိအမှုထမ်းခဲ့သည်။ ဤနှိမ့်ချမှုရှိသော အမျိုးသားနှင့် သူ့ဇနီးတို့၏အသက်တာတွင် သိသာထင်ရှားသည့်အသီး သီးပွင့်ခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ပြောင်းလဲနိုင်စွမ်းကို အထင်အရှားပြသလိုက်သည်!