“သံကို သံဖြင့်ထက်စေသကဲ့သို့”
စီ.အီး. တတိယရာစုအကုန်ပိုင်းလောက်က “ကော့ပ်တစ် ခရစ်ယာန်” တစ်ယောက်ပါဟု ပြောသည့် အန်သိုနီအမည်ရှိ ထက်သန်သောလူငယ်တစ်ဦးသည် လောကမှ ရှောင်ခွာပြီး သံယောဇဉ်ဖြတ်ကာ သဲကန္တာရတွင် အနှစ် ၂၀ သွားနေခဲ့သည်။ အဘယ်ကြောင့်နည်း။ ယင်းသို့ပြုခြင်းသည် ဘုရားသခင်ကို အမှုဆောင်ရန် သူ့အတွက်အကောင်းဆုံးနည်းဖြစ်သည်ဟု ယူမှတ်သောကြောင့်ဖြစ်သည်။ သူသည် ခရစ်ယာန်ဘောင်၏ ဦးဆုံး ဩဇာတက္ကမကြီးမားသည့် သူတော်စင် တစ်ယောက်ဖြစ်သည်။
ယခုအခါတွင် ခရစ်ယာန်ဘောင်တွင် သူတော်စင်အနည်းငယ်ရှိသည်။ သို့ရာတွင် အခြားနည်းဖြင့် သီးခြားနေခြင်းကို ရှာကြံကြသူများသည်ထက်များလာသည်။ သူတို့သည် ဘာသာတရားအကြောင်း အခြားသူများနှင့် စကားစမြည်ပြောရန် ငြင်းဆိုကြပြီး ဤသို့ပြောဆိုခြင်းသည် သဘောထားကွဲလွဲမှုများနှင့် ခိုက်ရန်ဒေါသဖြစ်မှုများကို ဖြစ်စေသည်ဟု ခံစားကြရသည်။ သူတို့၏ဝတ်ပြုရေးတွင် အဓိကအားဖြင့် မိမိတို့၏ အိမ်နီးနားချင်းများကို ဘေးဥပဒ်မပြုခြင်း ပါဝင်သည်။
မိမိ၏အိမ်နီးနားချင်းများကို ဘေးဥပဒ်မပြုခြင်းသည် စစ်မှန်သောဘာသာ၏ကဏ္ဍတစ်ခုဖြစ်သော်လည်း ယင်းထက်ပို၍လိုအပ်သည်။ ရှေးပညာရှိစကားက ဤသို့ဆိုသည်– “သံကိုသံဖြင့်ထက်စေသကဲ့သို့ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။” (နယပုံပြင် ၂၇:၁၇) အမှန်မှာ ခရစ်ယာန်များသည် လောကမှ သို့မဟုတ် အခြားခရစ်ယာန်များမှ လုံးလုံးတသီးတခြားနေရန်မဟုတ်ဘဲ တွေ့ဆုံစုဝေးကြရန် ကျမ်းစာက တိုက်တွန်းထားသည်။ (ယောဟန် ၁၇:၁၄၊ ၁၅) ယင်းက ဤသို့ဆိုသည်– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာလည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယေဟောဝါသက်သေများသည် ထိုသြဝါဒကို လိုက်နာကြသည်။ ‘အချင်းချင်းတို့၏မျက်နှာကို ထက်စေ’ ရန် တစ်ပတ်တွင် အကြိမ်ပေါင်းများစွာ အတူတကွစည်းဝေးကြကာ ယုံကြည်သူချင်းတို့၏ယုံကြည်ခြင်းကို တည်ဆောက်ပေးကြသည်။ ကျမ်းစာကို ပွင့်လင်းရိုးမှန်စွာဆွေးနွေးခြင်းက ခိုက်ရန်ဒေါသများမဖြစ်စေကြောင်း သူတို့တွေ့ရှိကြသည်။ ယင်းသို့ဖြစ်မည့်အစား ညီညွတ်မှုနှင့် ငြိမ်သက်မှုကိုဖြစ်စေသည်။ ယင်းသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးသောကဏ္ဍတစ်ခုဖြစ်သည်။