ထမင်းဘူးက သက်သေခံ
လွန်ခဲ့သော ဇန်နဝါရီလက ဂျပန်နိုင်ငံ၊ ကိုဘေးမြို့တွင်ငလျင်လှုပ်သွားပြီး နောက်နေ့များ၌ ထိခိုက်ပျက်စီးသွားသည့် ထိုနယ်မြေ၌ရှိသောလူများသည် အစားအသောက်အတွက် အခက်ကြုံခဲ့ရသည်။ သို့ဖြစ်သည့်တိုင် ယေဟောဝါသက်သေများသည် သူတို့၏မိတ်ဆွေများ၏ အကူအညီကြောင့် အစာရေစာမပြတ်လပ်ခဲ့ကြပေ။ ငလျင်လှုပ်ပြီး ပထမနှစ်ရက်သုံးရက်တွင် အနီးအနားရှိအသင်းတော်များက ထမင်းထုပ်များပေးပို့ထောက်ပံ့ကြသည်။ မကြာမီပင် စိုးရိမ်ကြောင့်ကြမှုရှိသောမိတ်ဆွေများသည် ထမင်းဘူးများကို ပေးပို့ထောက်ပံ့ခဲ့ကြသည်။ ထမင်းဘူးများတွင် များစွာသောသူတို့က ထိခိုက်ဒုက္ခရောက်ကြရသူများအတွက် စိုးရိမ်ပူပန်ကြရကြောင်းဖော်ပြထားသည့် မှတ်ချက်တိုလေးများကို တွဲချည်ထားကြသည်။ အစားအသောက်များရရှိသောသူတို့က အစားအသောက်အားလုံးတို့သည် “ငန်” ကုန်သည်ဟု ပြောပြသည်။ အကြောင်းမှာ မှတ်ချက်တိုလေးများကို သူတို့ဖတ်ရသောအခါ မျက်ရည်မထိန်းနိုင်ကြသောကြောင့်ဖြစ်သည်။
ယေဟောဝါသက်သေများသည် သူတို့၏အစားအသောက်များကို လိုအပ်နေသောသူများအား မျှဝေပေးကြသည်။ သက်သေခံတစ်ဦးသည် ကုမ္ပဏီတစ်ခုတည်းတွင်အတူအလုပ်လုပ်သော သက်သေခံမဟုတ်သည့်လုပ်ဖော်ဆောင်ဖက်တစ်ဦးနှင့် ကားဖြင့်သွားနေစဉ် နေ့လယ်စာကိုစားခဲ့ကြသည်။ ထို့ကြောင့် သူရရှိသောထမင်းဘူးများအနက်တစ်ဘူးကို ဝေမျှပေးခဲ့သည်။
“ခင်ဗျား ဒီထမင်းဘူးတွေကို ဘယ်ကဝယ်သလဲ” ဟု အလုပ်ဖော်ကမေးသည်။ ညီအစ်ကိုက သက်သေခံများ၏ကယ်ဆယ်ရေးလုပ်ငန်းအကြောင်းကို ရှင်းပြသည်။ “ကျွန်တော် အသီးအရွက်တွေမစားရတာ ရက်အတော်တောင်ကြာသွားပြီ။ နည်းနည်းလောက်ချန်ထားပြီး ကျွန်တော့်မိသားစုအတွက် ယူသွားရဦးမယ်” ဟု ကျေးဇူးတင်စွာဖြင့်ပြောသည်။
တတိယအကြိမ်ရရှိသောအခါ အလုပ်ဖော်သည် သက်သေခံအား ယန်းငွေ ၃,၀၀၀ ကို (အမေရိကန်ဒေါ်လာ ၃၅ ခန့်) ကမ်းပေးပြီး ဤသို့ပြောသည်– “ကျွန်တော် ခင်ဗျားရဲ့လုပ်ဆောင်မှုတွေနဲ့ အကျွမ်းဝင်နေတာကြောင့် ကျေးဇူးပြုပြီး ခင်ဗျားလုပ်ငန်းအတွက် ကျွန်တော်အလှူငွေထည့်ပါရစေ။ ခင်ဗျားရဲ့အစားအသောက်တွေကို မျှဝေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်ပါပဲဗျာ၊ ခင်ဗျားရဲ့မိတ်ဆွေတွေဟာ တကယ့်ကိုလူကောင်းတွေပါပဲ။”