မနာလိုခြင်းက ကျွန်မ၏ဘဝကိုပျက်စီးစေလုမတတ်
ကျွန်မ၏ ဒုတိယမြောက်ခင်ပွန်းဖြစ်သူ မာ့ခ်aနှင့် လက်ထပ်သောအချိန်မှစ၍ မနာလိုခြင်းသည် ကျွန်မအပေါ် ဆိုးဝါးစွာစတင်အကျိုးသက်ရောက်လာသည်။ ကျွန်မတို့သည် နှစ်ဦးနှစ်ဖက်မှ ယခင်အိမ်ထောင်ဖက်များနှင့်ထိတွေ့ဆက်ဆံကြရပြီး သူတို့နှင့်ရခဲ့သောသားသမီးများစွာတို့ကို စောင့်ရှောက်ကြရသည်။ တစ်ခါတစ်ရံ အခြေအနေမှာ မခံမရပ်နိုင်လောက်သည့်အထိဖြစ်သည်။ မိသားစုပြဿနာဖြစ်ပြီဆိုလျှင် မာ့ခ်သည် ကျွန်မဘက်တွင် ဘယ်တော့မျှမရပ်တည်သကဲ့သို့ဖြစ်သည်။ ယခင်အိမ်ထောင်ဖက်ကို သူချစ်နေဆဲဖြစ်သည်ဟု ကျွန်မစတင်ခံစားလာရသည်။ မနာလိုမှုကို ကျွန်မထိန်းချုပ်မည့်အစား ယင်းကို ကျွန်မ၏အသက်တာအပေါ် လွှမ်းမိုးခွင့် ပြုခဲ့သည်။ အနီးအနားတွင် မာ့ခ်၏အိမ်ထောင်ဖက်ဟောင်းရှိနေသည့်အခါတိုင်း ကျွန်မထိတ်လန့်နေရသည်။
မာ့ခ်ကို ကျွန်မမျက်စိဒေါက်ထောက်ကြည့်နေမိသည်။ သူ့မျက်လုံးများ မည်သည့်နေရာသို့ရောက်နေသည်ကအစ ကျွန်မလိုက်ကြည့်နေတတ်သည်။ သူ့အကြည့်ကို သူပင်စဉ်းစားမိမည်မဟုတ်သည့်အရာများဖြင့် ကျွန်မအဓိပ္ပာယ်ဖော်သည်။ တစ်ခါတစ်ရံ သူ၏ယခင်ဇနီးကို ချစ်နေဆဲပါဟု သူ့ကိုကျွန်မပြောင်စွပ်စွဲသည်။ တစ်ခါကဆိုလျှင် ဤကိစ္စကြောင့် ခရစ်ယာန်စည်းဝေးပွဲတစ်ခုမှ ထပြန်သွားသည့်အထိ သူအလွန်စိတ်မချမ်းမသာဖြစ်သွားသည်။ ယေဟောဝါရှေ့တွင် ကျွန်မအပြစ်ရှိကြောင်းခံစားရသည်။ ကျွန်မသည် မိသားစုဘဝကို သောကပွားစေသည်။ အကြောင်းမှာ နောက်ဆုံးတွင် ကလေးများကိုပါ ထိခိုက်လာသောကြောင့်ဖြစ်သည်။ ကျွန်မလုပ်နေသည့်အရာအတွက် ကိုယ့်ကိုယ်ကိုမုန်းမိသည်။ သို့သော် ကျွန်မမည်မျှပင်ကြိုးစားစေကာမူ ကျွန်မ၏မနာလိုစိတ်ကို ထိန်းချုပ်နိုင်ဟန်မရှိခဲ့ပါချေ။
မာ့ခ်သည် ကျွန်မကိုကူညီမည့်အစား လက်တုံ့ပြန်မှုကိုစတင်တော့သည်။ ကျွန်မသူ့ကိုစွပ်စွဲလျှင် သူက “မနာလိုတာ၊ မင်းသက်သက်မနာလိုတာ” ဟု ကျွန်မကိုပြန်အော်လေ့ရှိသည်။ သူသည် ကျွန်မမနာလိုအောင် တမင်အရွဲ့တိုက်နေဟန်ပင်ရှိသည်။ ယင်းသို့ပြုခြင်းက ကျွန်မ၏မနာလိုမှုကို ကုသပေးမည်ဟု သူထင်ကောင်းထင်မည်ဖြစ်သော်လည်း အခြေအနေကို ဆိုးသည်ထက်သာဆိုးလာစေသည်။ အခြားအမျိုးသမီးများကို သူကြည့်လှာသည်။ သူတို့မည်မျှချောမောလှပကြောင်းကိုပင် သူထုတ်ဖော်ပြောလှာသည်။ ယင်းက ကျွန်မကို ပို၍နိမ့်ကျသိမ်ဖျင်းစေပြီး မလိုလားအပ်ဖွယ်ဖြစ်သည်ဟု ခံစားရစေသည်။ သို့ဖြင့် စိတ်လှုပ်ရှားမှုနောက်တစ်ခု—မုန်းတီးခြင်း—ဘွားဘွားပေါ်လာသည့်အထိ ဖြစ်တော့သည်။ ထိုအခြေအနေတွင် သူနှင့်သူ့မိသားစုကို ကျွန်မဘဝထဲမှ ထုတ်ပယ်ပစ်ချင်လောက်သည့်အထိ ကျွန်မစိတ်ရှုပ်ထွေးရသည်။
“ငြူစူသောသဘောမူကား အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်၏” ဟု ကျမ်းစာစကားသည် အပ်ကျမပ်ကျမှန်သည်။ (သု. ၁၄:၃၀) ကျွန်မ၏ကျန်းမာရေးစတင်ထိခိုက်လာသည်။ အချိန်ကြာမြင့်စွာကုသရသည့် အစာအိမ်အနာရလာသည်။ မာ့ခ်လုပ်သမျှကို သံသယဝင်ခြင်းအားဖြင့် ကျွန်မဘဝတွင် စိတ်ဆင်းရဲစရာဖြစ်မြဲဖြစ်ခဲ့ရသည်။ သူ့အင်္ကျီအိတ်ကို ကျွန်မမွှေနှောက်ရှာဖွေပြီး တယ်လီဖုန်းနံပါတ်တွေ့ရှိလျှင် မည်သူပြန်ဖြေကြားမည်ကိုသိရန် ကျွန်မဖုန်းဆက်ကြည့်တတ်သည်။ ကျွန်မနှလုံးသားထဲမှနေ၍ ကိုယ့်ကိုယ်ကိုရှက်မိသည်။ ယေဟောဝါရှေ့တွင် ရှက်ဖွယ်ဖြစ်သောကြောင့် ကျွန်မငိုရသည်။ သို့သော် ကျွန်မ၏လုပ်ရပ်ကို မရပ်နိုင်ခဲ့ပါ။ ကျွန်မသည် မိမိအတွက် အဆိုးဝါးဆုံးရန်သူဖြစ်ခဲ့သည်။
ဆုပင်မတောင်းနိုင်လောက်တော့သည့်အထိ ကျွန်မ၏ဝိညာဉ်ရေးအခြေအနေထိခိုက်လာသည်။ ယေဟောဝါကိုကျွန်မချစ်ပြီး မှန်ရာကိုတကယ်လုပ်လိုခဲ့ပါသည်။ လင်ယောက်ျားနှင့် ဇနီးသည်တို့ဆိုင်ရာ ကျမ်းချက်အားလုံးကို ကျွန်မသိသော်လည်း ယင်းတို့ကို ကျွန်မမကျင့်သုံးနိုင်ခဲ့ပါ။ သားကောင်းသမီးကောင်းများရှိလျက်နှင့်ပင် ကျွန်မအသက်တာတွင် ပထမဆုံးအကြိမ်အနေနှင့် လူ့ဘဝကိုကျောခိုင်းချင်လာသည်။
အသင်းတော်ရှိအကြီးအကဲများသည် ကြီးမားသည့်အားပေးမှုဖြစ်ကာ ကျွန်မကိုအတတ်နိုင်ဆုံးကူညီကြသည်။ သို့သော် သူတို့က ကျွန်မ၏မနာလိုမှုနှင့်ပတ်သက်သောကိစ္စကို ဖော်ထုတ်ပြောဆိုသောအခါ ကျွန်မနေရထိုင်ရခက်သောကြောင့် ထိုကဲ့သို့သောပြဿနာရှိကြောင်းကို ကျွန်မဝန်မခံဘဲ ငြင်းဆန်ခဲ့သည်။
နောက်ဆုံးတွင် ဆေးရုံ၌ ခွဲစိတ်ကုသခံရသည့်အထိ ကျွန်မ၏ကျန်းမာရေးကျဆင်းလာသည်။ ဆေးရုံတွင်ရောက်နေစဉ် ဤအတိုင်းဆက်စခန်းသွား၍ မဖြစ်တော့ကြောင်း ကျွန်မသဘောပေါက်လာသည်။ စိတ်ပိုင်းဆိုင်ရာပတ်သက်ငြိစွန်းမှု များစွာမရှိဘဲနှင့် အခြေအနေမည်သို့ရှိမည်ကိုဆန်းစစ်ကြည့်ရန် သုံးလခန့်ခွဲနေကြဖို့ မာ့ခ်နှင့်ကျွန်မတို့ဆုံးဖြတ်လိုက်ကြသည်။ ဤအတောအတွင်း အံ့သြဖွယ်အရာတစ်ခုဖြစ်ပျက်သည်။ နိုးလော့! မဂ္ဂဇင်းတွင် “အရက်စွဲနေသော အရွယ်ရောက်သည့်ကလေးများအတွက် အကူအညီ”b ဟူသည့်ဆောင်းပါးထွက်လာသည်။
ကျွန်မ၏မိခင်သည် အရက်စွဲနေသူတစ်ဦးဖြစ်သည်။ ကာယရေးအရ မတော်မတရားပြုခြင်းမခံရသော်လည်း ကျွန်မ၏မိဘများသည် သူတို့အချင်းချင်းသော်လည်းကောင်း၊ ကျွန်မအပေါ်သော်လည်းကောင်း မည်သည့်အခါမျှ ချစ်ခင်တွယ်တာမှုမပြခဲ့ကြချေ။ အမေကကျွန်မကို ချီပွေ့ဖူးခြင်း သို့မဟုတ် ချစ်ကြောင်းပြောဆိုဖူးခြင်းကို ကျွန်မမမှတ်မိပါ။ ထို့ကြောင့် မည်သို့ချစ်ရမည် သို့မဟုတ် ယင်းနှင့်တန်းတူအရေးကြီးသော မည်သည့်နည်းဖြင့်အချစ်ခံရနိုင်သည်တို့ကို လုံးလုံးမသိရှိဘဲ ကျွန်မကြီးပြင်းလာသည်။
အမေက မိန်းမများနှင့်အဖေ၏အရှုပ်တော်ပုံအကြောင်း၊ အဖေ့ကိုသူ မယုံကြည်ကြောင်း မကြာခဏပြောပြသည်။ ထို့ကြောင့် ယောက်ျားအများစုကိုမယုံသည့်စိတ်ဖြင့် ကျွန်မကြီးပြင်းလာခြင်းဖြစ်သည်ဟု ကျွန်မစဉ်းစားမိသည်။ ကျွန်မမွေးမြူခံရပုံကြောင့် ကျွန်မသည် အခြားသူများထက်၊ အထူးသဖြင့် အခြားအမျိုးသမီးများထက် နိမ့်ကျသိမ်ဖျင်းသည်ဟု ခံစားရသည်။ ထို နိုးလော့! ဆောင်းပါးကို ဖတ်ရှုခြင်းက ဤအရာများ၏သရုပ်သကန်ကို ကောင်းစွာသဘောပေါက်ရန် အကူအညီဖြစ်စေသည်။ ကျွန်မ၏မနာလိုခြင်းပြဿနာ၏ဇာစ်မြစ်ကို ပထမဆုံးအကြိမ်ကျွန်မနားလည်လာရသည်။
ကျွန်မက ခင်ပွန်းမာ့ခ်ကို နိုးလော့! ဆောင်းပါးပြလိုက်သောအခါ ကျွန်မကိုကောင်းစွာနားလည်ရန် ထိုဆောင်းပါးက သူ့ကိုလည်းအကူအညီပေးသည်။ ခွဲနေရန်စဉ်းစားနေကြသော သူနှင့်ကျွန်မတို့သည် အတူနေထိုင်ရန်ကျမ်းစာအကြံပေးချက်များကို မကြာမီလိုက်နာနိုင်လာကြသည်။ ကျွန်မတို့ပြန်လည်သင့်မြတ်ခဲ့ကြသည်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁) ယခု ကျွန်မတို့၏အိမ်ထောင်ရေးသည် တစ်ခါနှင့်မျှမတူအောင် ကောင်းမွန်သည်။ ကျွန်မတို့အတတ်နိုင်ဆုံး အတူတကွလုပ်ဆောင်ကြသည်။ အထူးသဖြင့် ခရစ်ယာန်လုပ်ငန်းဆောင်တာနှင့် ပတ်သက်သောအခါတွင်ဖြစ်သည်။ မာ့ခ်က စာနာမှုပို၍ပြလာသည်။ သူကျွန်မကို မည်မျှချစ်ကြောင်း နေ့တိုင်းလိုလိုပြောပြသည်။ ယခု ယင်းကို ကျွန်မအမှန်ပင်ယုံသွားပြီဖြစ်သည်။
မာ့ခ်၏ယခင်ဇနီးနှင့်ကျွန်မတို့ ဆက်ဆံစရာရှိသည့်အခါတိုင်း ခွန်အားရှိရန် ယေဟောဝါထံဆုတောင်းကာ ပါရမီရင့်ကျက်သောခရစ်ယာန်တစ်ဦးကဲ့သို့ ကျင့်ကြံနိုင်ရန်အကူအညီပေးဖို့ ကိုယ်တော်ကိုကျွန်မတောင်းခံသည်။ ယင်းက အကျိုးဖြစ်ထွန်းသည်။ သူမအပေါ် ကျွန်မ၏ရန်လိုမုန်းတီးစိတ်များပင် ပျောက်ပျက်သွားသည်။ ကျွန်မသည် အပျက်မြင်သဘောထားများအပေါ် မည်သည့်အခါမျှအမှီမပြုတော့ဘဲ စိတ်ကူးရှိထင်မြင်မှုများကိုလည်း အထိန်းအကွပ်မရှိ လွှတ်မထားတော့ပါ။
မတော်လျော်သောမနာလိုစိတ်များ ကျွန်မတွင်ဖြစ်ပေါ်ဆဲဖြစ်သည်။ ဘုရားသခင့်ကမ္ဘာသစ်တွင် စုံလင်သောအသက်တာကသာ ယင်းကို လုံးဝပယ်ဖျောက်ပေးနိုင်မည်။ တစ်ချိန်တည်းတွင် မနာလိုခြင်းက ကျွန်မကိုထိန်းချုပ်ခွင့်ပြုမည့်အစား ယင်းကိုမည်သို့ထိန်းချုပ်ရမည်ကို ကျွန်မသင်ခန်းစာရလိုက်သည်။ မှန်ပါသည်၊ မနာလိုခြင်းက ကျွန်မ၏ဘဝကို ပျက်စီးစေလုမတတ်ဖြစ်ခဲ့သော်လည်း ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်း၏အကူအညီကြောင့် ယခုကျွန်မသည် အပျော်ရွှင်ဆုံးသူများထဲတွင် တစ်ယောက်ဖြစ်နေပြီး ကျန်းမာရေးသည်လည်း ပုံမှန်ပြန်ဖြစ်လာပေပြီ။ ကျွန်မ၏ဘုရားသခင်ယေဟောဝါနှင့် မြဲမြံသောဆက်ဆံရေးကို တစ်ဖန်ပြန်လည်ရရှိပေပြီ။—ဆောင်းပါးရှင်ရေးသားပေးပို့သည်။
[အောက်ခြေမှတ်ချက်များ]
a အမည်ပြောင်းထားသည်။
b ၁၉၉၂ ခု၊ မေ ၂၂ ရက်ထုတ် နိုးလော့! (လိပ်) စာမျက်နှာ ၈-၁၂ ရှု။