“ရွှင်လန်းသောချီးမွမ်းသူများ” စည်းဝေးပွဲကြီး—ထိုတွင်သင်ရှိမည်လော
ရွှင်လန်းခြင်း! ဤဒုက္ခမြားမြောင်သောအချိန်ကာလတွင် ထိုစကားလုံးသည် သင့်အတွက် ထူးခြားရုံမက နားလည်ရခက်သောစကားလုံး ဖြစ်နေပါသလော။ သတင်းစာများက ရွှင်လန်းအားရစရာအကြောင်းများကို မဖော်ပြသည်မှာ သေချာသည်။ လူမျိုးစုတိုက်ပွဲများဖြစ်နေခြင်း၊ အနှံ့အပြားငတ်မွတ်နေခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများခြင်း၊ အန္တရာယ်များသောညစ်ညမ်းမှုဖြစ်နေခြင်း၊ နိုင်ငံရေးမတည်တံ့ခြင်း၊ ရာဇဝတ်မှုများဖြစ်ခြင်းတို့သည် စိတ်ရွှင်လန်းစရာအကြောင်းများမဟုတ်ပါ။
ယနေ့လူအများစုသည် ပျော်ရွှင်မှုကို အတတ်နိုင်ဆုံးရှာယူကြသည်။ သို့သော် ရွှင်လန်းခြင်းကော။ ရွှင်လန်းခြင်းကို “ပျော်ရွှင်သောအဖြစ်; အလွန်ရွှင်မြူးခြင်း” ဟူ၍ရှင်းပြထားသည်။ ထိုသို့ စစ်မှန်သောရွှင်လန်းမှုခံစားရသူအလွန်နည်းပြီး ရွှင်လန်းသည့်တိုင် များသောအားဖြင့် ခေတ္တခဏမျှဖြစ်သည်။
သို့ဖြစ်စေကာမူ ကျွန်ုပ်တို့ခေတ်ကိုကြိုတင်၍ သမ္မာကျမ်းစာက ဤသို့ဟောထားပါသည်– ‘အရှင်ယေဟောဝါမိန့်တော်မူသည်ကား– “ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ငါ၏ကျွန်တို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြလိမ့်မည်။”’ (ဟေရှာယ ၆၅:၁၃၊ ၁၄) ထိုသို့ မည်သို့ဖြစ်နိုင်မည်နည်း။
အဖြေရရှိရန် ၁၉၉၅ ခုနှစ်တွင်ကျင်းပမည့် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးပွဲကြီးတစ်ခုကို တက်ရောက်ရန် သင့်အားဖိတ်ခေါ်ပါသည်။ စည်းဝေးပွဲကြီးများ၏ အဓိကအချက်မှာ “ရွှင်လန်းသောချီးမွမ်းသူများ” ဖြစ်ပြီး အခမဲ့တက်ရောက်နိုင်ပါသည်။ သုံးရက်တာခရိုင်စည်းဝေးပွဲအစီအစဉ်တွင် ကျမ်းစာအခြေခံသည့်ဟောပြောချက်များ၊ သရုပ်ပြခန်းများ၊ ဆွေးနွေးခန်းများနှင့် ထိုထက်မကပါဝင်လိမ့်မည်။ အစီအစဉ်တစ်လျှောက်လုံး အဓိကအချက်ဖြစ်သည့်ရွှင်လန်းခြင်းကို ပေါ်လွင်စေပါမည်။
စည်းဝေးပွဲကြီးများကို ဇွန်လတွင် အမေရိကန်နိုင်ငံမှစတင်ကျင်းပပြီး ကမ္ဘာတစ်ဝန်းရှိ မြို့အသီးသီးတွင် ၁၉၉၆ ခုနှစ်အစောပိုင်းအချိန်အထိ ကျင်းပသွားပါမည်။ သင့်အနီးအနားတွင် စည်းဝေးပွဲကြီးတစ်ခုကျင်းပကောင်းကျင်းပမည်။ သင့်ဒေသတွင်နေထိုင်သော ယေဟောဝါသက်သေများကို မေးမြန်းကြည့်ပါ။ တက်ရောက်ပါဟု သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။