ကမ္ဘာသစ်ဘာသာပြန်ကျမ်းက ကျမ်းပညာရှင်တစ်ဦးကို စွဲမှတ်စေ
စံပြုထိုက်သူ ဂရိကျမ်းပညာရှင် ဒေါက်တာ ရစ်ကဲယ်တန်ကာတဲယ်၏ အဆိုအရ ဒတ်ချ်ကျမ်းစာဘာသာပြန်ဆိုချက်များသည် အချို့သောစကားလုံးများကို အတိအကျပြန်ဆိုရန် ပျက်ကွက်သည်။ ဥပမာ လုကာအခန်းကြီး ၂ တွင် ကျွန်ုပ်တို့သည် ယေရှု၏အဆင့်ဆင့်ကြီးပြင်းလာမှုအခြေအနေကို ဖော်ပြရန်အသုံးပြုသည့် ခြားနားသောဂရိစကားလုံး သုံးလုံး (ဘရဲဖော့စ်၊ ပိုင်ဒီယမ်၊ ပိုင်းရပ်စ်) ကို တွေ့ရသည်။ သို့ရာတွင် ကျမ်းစာတော်တော်များများ၌ ဤစကားလုံးမှ နှစ်လုံး (ဝါ) သုံးလုံးကို “သူငယ်” ဟုယောင်ဝါးဝါးပြန်ဆိုခဲ့ကြသည်။ မှန်ကန်သောဘာသာပြန်ဆိုချက်ကား အဘယ်နည်း။
ဒေါက်တာတန်ကာတဲယ်က အခန်းငယ် ၁၂ ပါဂရိစကားလုံး ဘရဲဖော့စ်၏အဓိပ္ပာယ်မှာ “မွေးကင်းစကလေး (ဝါ) နို့စို့ကလေး ဟူ၍အဓိပ္ပာယ်ရှိကြောင်း ရှင်းပြသည်။ အခန်းငယ် ၂၇ တွင်အသုံးပြုထားသည့် ပိုင်ဒီယမ်မှာ “ကလေးငယ်” (ဝါ) “သူငယ်” ဟူ၍အဓိပ္ပာယ်ရှိကြောင်းနှင့် အခန်းငယ် ၄၃ တွင်တွေ့ရသည့် ပိုင်းရပ်စ်ကို “ကလေးသူငယ်” ဟုပြန်ဆိုသင့်ပေသည်။ ၁၉၉၃ ခုနှစ် မတ်လထုတ် ဘေဘယ်လ်အဲန်ဗေတန်ရှဗ် (ကျမ်းစာနှင့် သိပ္ပံပညာ) မဂ္ဂဇင်းတွင် ဒေါက်တာ တန်ကာတဲယ်က “ကျွန်တော်သိသလောက်ဆိုရရင် ဒတ်ချ်ဘာသာပြန်ဆိုချက်တစ်ခုမျှ မူလကျမ်းစာသားနဲ့ လုံးလုံးလျားလျား ညီပါတယ်လို့ ပြောရလောက်အောင် အဓိပ္ပာယ်ထိထိမိမိပြန်ဆိုမထားပါ” ဟုရေးသားခဲ့သည်။
နောက်ပိုင်းတွင် ဒေါက်တာ တန်ကာတဲယ်သည် ဒတ်ချ်အပါအဝင် ဘာသာစကားပေါင်း ၁၂ မျိုးဖြင့်အသင့်ရနိုင်သည့် ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို တွေ့ရှိခဲ့သည်။ သူ၏တုံ့ပြန်ချက်ကကော။ “ဂရိစကားလုံး သုံးလုံးဖြစ်တဲ့ ဘရဲဖော့စ်၊ ပိုင်ဒီယမ်၊ ပိုင်းရပ်စ်တို့ကို သူ့နေရာနှင့်သူတော်မှန်စွာ ထည့်သွင်းခွဲခြားသုံးနှုန်းထားတဲ့ ဒတ်ချ်ကျမ်းစာတစ်အုပ်ရှိနေတာကို ကျွန်တော်သိပ်အံ့သြမိတယ်” ဟု သူကဆိုခဲ့သည်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းသည် ဤအခန်းငယ်များကို မူရင်းဂရိကျမ်းစာသားနှင့် တညီတည်း ပြန်ဆိုထားပါသလော။ “လုံးဝကိုက်ညီတယ်” ဟု ဒေါက်တာ တန်ကာတဲယ်က တုံ့ပြန်သည်။