ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ဇမ်ဘီယာ
ပြန့်ပြူးသော၊ ကြီးမားသည့် ပေ ၄,၀၀၀ အမြင့်ရှိကုန်းပြင်မြင့်၏ ထိပ်တွင်တည်ရှိသော နိမ့်တုံမြင့်တုံလွင်ပြင်များ—ယင်းသည် ဗဟိုအာဖရိကတောင်ပိုင်း၏ အလယ်ဗဟိုတွင်တည်ရှိသည့် ဇမ်ဘီယာနိုင်ငံဖြစ်သည်။ အရှေ့မြောက်ဘက်တွင် မက်ချင်ဂါတောင်တန်းက ပေ ၇,၀၀၀ ထိမြင့်တက်သွားသည်။ အရှိန်ပြင်းသော ဇမ်ဘီဇီမြစ်သည် ကမ္ဘာကျော်ဗစ်တိုရီးယားရေတံခွန်ပေါ်ဖြတ်ကျော်၍ ရင်သပ်ရှုမောဖွယ် တဝုန်းဝုန်းစီးဆင်းနေရာ တောင်ဘက်အကျဆုံး ဤကုန်းဝိုင်းနိုင်ငံ၏နယ်ခြားကို သတ်မှတ်ပေးသည်။ ဇမ်ဘီယာတွင် လူမျိုးများသည် အလွန်ကွဲပြားခြားနားကြပြီး လူမျိုးစု ၇၀ ကျော်ရှိသည်။ ဤတွင် အဓိကဘာသာစကားကြီး ရှစ်မျိုးပြောဆိုကြသော်လည်း အခြားဘာသာစကား များစွာရှိသေးသည်။
၁၉၁၁ ခုနှစ်တွင် သီးခြားဘာသာစကားတစ်ခု စတင်ပေါ်ပေါက်လာပြီး ဇမ်ဘီယာတွင် ပျံ့နှံ့သွားသည်။ ဧည့်သည်များက ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်ကို ယူခဲ့ကြပြီး ထိုအချိန်မှစ၍ ယေဟောဝါသက်သေများက ကျမ်းစာသမ္မာတရားနှင့်ပတ်သက်သော “စင်ကြယ်သည့် ဘာသာစကား” ကို ဇမ်ဘီယာတွင် ကြဲဖြန့်ရန် ကြိုးစားအားထုတ်ခဲ့သည်။ (ဇေဖနိ ၃:၉၊ ကဘ) များသောအားဖြင့် စိန်ခေါ်မှုမှာ သေသူ၏အခြေအနေနှင့်ပတ်သက်၍ ကျမ်းစာနှင့်မညီသော ယုံကြည်ချက်များဖြစ်သည်။ လူများသည် သမ္မာတရားကိုသင်ယူပြီး အယူသီးခြင်းက သူတို့အားမည်မျှလွှမ်းမိုးထားသည်ကို သိမြင်လာသောအခါ ရလဒ်အနေနှင့် လွတ်မြောက်ခြင်းပင်ဖြစ်သည်!—ယောဟန် ၈:၃၂။
ဥပမာအနေနှင့် သစ္စာတည်ကြည်သော ညီအစ်မတစ်ဦး ဤသို့သတင်းပို့သည်– “ကျွန်မ၏ဦးလေး ရုတ်တရက်သေဆုံးသွားသောအခါ ဇမ်ဘီယာတွင်ရှိ ယူနိုက်တက်ချာ့ချ်၏ အမာခံအသင်းသားတစ်ယောက်ဖြစ်သော ကျွန်မအမေသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ တစ်ပတ်အကြာ ရိုးရာအသုဘအခမ်းအနားအပြီးတွင် အမေဘာဖြစ်နေမလဲဆိုသည်ကို သိရှိရန် ရွာသို့ပြန်လာခဲ့သည်။ အိမ်သို့အရောက်တွင် သက်ကျားအိုတစ်ယောက်ကို တွေ့ရသည်။ သူပြန်သွားပြီးနောက် ကျွန်မက အဖွားကို သူကဘယ်သူလဲဟု မေးကြည့်သည်။ ပယောဂဆရာဖြစ်ကြောင်း သူမပြောပြသည်။ အမေသည် ဦးလေး၏စိုးလ် အေးအေးဆေးဆေးအနားယူနိုင်ရန် မိမိအကို၏သေဆုံးခြင်းကို လက်စားချေဖို့ သူ့အားငှားရမ်းရန်ကြံရွယ်ထားသည်။ သူမယူဆချက်အရ လောလောဆယ်တွင် စိုးလ်သည် ‘လှည့်လည်သွားလာနေမည်သာ’ ဖြစ်သည်ဟု ယုံကြည်ထားသည်။
“မိသားစုသည် ပယောဂဆရာကို ပေးရန်ငွေရှာနေသည့်အတွက် ကျွန်မလာရောက်လည်ပတ်ခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်ကြောင်း အဖွားက ထပ်၍ရှင်းပြသည်။ အလှူထည့်ရန် ကျွန်မကိုပြောသော်လည်း ခရစ်ယာန်တစ်ယောက်အနေနှင့် မပါဝင်နိုင်ကြောင်း လိမ္မာပါးနပ်စွာ ရှင်းပြသည်။ သေသူ၌ ကြံစည်ခြင်းမရှိတော့ကြောင်း ပြသသည့်ဆာလံ ၁၄၆:၄ ကိုသူမနှင့်အတူဆင်ခြင်သုံးသပ်သည်—ထို့ကြောင့် ‘လှည့်လည်သွားလာနေသည့်’ စိုးလ်မရှိပါ။ လက်စားချေခြင်းမှာ ကျွန်ုပ်တို့နှင့်မဆိုင်ဘဲ ယေဟောဝါနှင့်သာဆိုင်သည့် ရောမ ၁၂:၁၉ ကိုလည်း ကျွန်မတို့ စဉ်းစားဆင်ခြင်ကြသည်။ အပြီးတွင် ကျွန်မက အမေ့ကို ယောဟန် ၅:၂၈၊ ၂၉ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှုမိန့်မြွက်ခဲ့သည့် ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ပြောပြခဲ့သည်။ သူမသည် ဘုရားသခင့်ကတိတော်များတွင် ကျွန်မ၏ခိုင်မာသောယုံကြည်ချက်ကို စွဲမှတ်သွားခဲ့သည်။ မကြာမီတွင် သူမသည် သက်သေခံတစ်ဦးနှင့် ကျမ်းစာစလေ့လာရာ တစ်ဟုန်ထိုးတိုးတက်ခဲ့သည်။ သူမ၏ယခင်ဘာသာရေးနှင့် ဆက်သွယ်မှုမှန်သမျှကို ဖြတ်ပစ်ခဲ့ပြီး နှစ်ခြင်းခံခြင်းအားဖြင့် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းကို အမှတ်သညာပြုခဲ့သည်။ ယခုဆိုလျှင် သူမသည် ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေပါပြီ။”
အခြားညီအစ်မတစ်ဦးက ဤသို့သတင်းပို့သည်– “ကျွန်မဦးလေး၏ဇနီးအသုဘသို့ ကျွန်မသွားခဲ့ပါသည်။ ရောက်သောအခါ ဦးလေးနှင့် အကိုဝမ်းကွဲမှာ အစာအငတ်ခံနေကြကြောင်း တွေ့ရှိရသည်။ အဒေါ်ဆုံးသည့် နေ့ကတည်းက သူတို့ဘာမျှမစားကြပါ။ ဘာကြောင့်မစားသလဲဟု ကျွန်မကမေးသောအခါ ရိုးရာထုံးတမ်းအရ ချက်ပြုတ်ဖို့မီးမွေးရန် ခွင့်မပြုကြောင်း ပြန်ဖြေသည်။ ကျွန်မချက်ပေးမည်ပြောသော်လည်း တချို့သောမိသားစုဝင်များက ဤတိတ္ထိထုံးစံကို ချိုးဖျက်လျှင် လူတိုင်းရူးသွပ်သွားမည်ကို ကြောက်လန့်နေကြသည်!
“ကျွန်မသည် ယေဟောဝါသက်သေတစ်ယောက်အနေဖြင့်၊ ဝတ်ပြုရာ ၁၈:၃၀ တွင် ကျမ်းစာပြောသည့်အရာကို အလေးထားလိုက်နာကြောင်းနှင့် ကျမ်းစာနှင့်မညီသော ထုံးတမ်းစဉ်လာတို့ကို မလိုက်နာကြောင်း ရှင်းပြသည်။ ထို့နောက် ကျွန်မသည် သေသူများ၏ ဝိညာဉ် ဘရိုရှာကို သူတို့အားပြခဲ့သည်။ တင်းမာမှုများ လျော့ပါးသွားပြီးနောက် လုပ်စရာများကို ကျွန်မဆက်လုပ်ပြီး ဦးလေးနှင့် ကျန်လူများအတွက် အစားအသောက်ပြင်ဆင်သည်။ ကျွန်မ၏ရဲရင့်မှုက သေလွန်သူ၏ဆွေမျိုးများကို ထိမိစေခဲ့ပြီး ကျမ်းစာကိုလည်းသင်ယူကြရန် သဘောတူကြသည်။ သူတို့သည် နှစ်ခြင်းမခံရသေးသော ကြေညာသူများဖြစ်နေကြပြီး မိသားတစ်စုလုံးသည် မကြာမီနှစ်ခြင်းခံမည်ဟု မျှော်လင့်ရပါသည်။”
သမ္မာတရား၏စင်ကြယ်သောဘာသာစကားက အမှားအယွင်း ရှုပ်ထွေးမှုများ အထူးသဖြင့် အပြစ်မဲ့သူများကို ညှို့ယူထားသည့်အခိုင်အမာ အမြစ်စွဲနေသော ဆင်ခြေများကို မှောက်လှန်ဖြိုလှဲပစ်သောအခါ ကျွန်ုပ်တို့မည်မျှနှစ်သက်ကြမည်တကား! ယေဟောဝါ၏ ကောင်းချီးဖြင့် စင်ကြယ်သောဘာသာစကားသည် ကမ္ဘာတစ်ခွင်ဖြစ်ပျက်နေသကဲ့သို့ပင် ဇမ်ဘီယာတွင် ပျံ့နှံ့နေပါသည်။—၂ ကောရိန္သု ၁၀:၄။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]
နိုင်ငံအချက်အလက်များ
၁၉၉၄ လုပ်ငန်းတော်နှစ်
အများဆုံးသက်သေခံဦးရေ–၈၂,၉၂၆
အချိုး–သက်သေခံ ၁ လျှင် ၁၀၇
အောက်မေ့ပွဲတက်ရောက်သူဦးရေ–၃၆၃,၃၇၂
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၁၀,၇၁၃
ပျမ်းမျှကျမ်းစာသင်အံမှုများ–၁၀၈,၉၄၈
နှစ်ခြင်းခံသူဦးရေ–၃,၅၅၂
အသင်းတော်အရေအတွက်–၂,၀၂၇
ဌာနခွဲရုံး–လူဆာကာ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
လူဆာကာမြို့စွန်တွင်ရှိ ကင်းမျှော်စင်အသင်း၏ ဌာနခွဲအဆောက်အအုံများ
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
လူဆာကာမြို့တောင်ဘက် ရှီမာဘာလာတွင် ဟောပြောခြင်း
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]