သင်မှတ်မိသလော
များမကြာမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များတွင် သင့်အတွက် လက်တွေ့ကျတန်ဖိုးကို သင်တွေ့ရှိသလော။ သို့ဆိုလျှင် အောက်ပါမေးခွန်းများဖြင့် သင့်မှတ်ဉာဏ်ကို စစ်ဆေးကြည့်ပါ–
▫ ယေဟောဝါသက်သေများသည် မိမိတို့၏အိမ်နီးချင်းများထံ အဘယ်ကြောင့် လည်ပတ်မြဲလည်ပတ်ကြသနည်း။
ယေဟောဝါသက်သေများသည် မိမိတို့ကိုယ်တိုင်အတွက် ကတိထားသည့်နိုင်ငံတော်အားဖြင့် ဘုရားသခင့်ကောင်းချီးကို လိုလားကြပြီး ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်သည့်မေတ္တာ၏ လှုံ့ဆော်မှုကြောင့် အလားတူကောင်းချီးကို သူတို့အပေါ်သက်ရောက်စေလိုကြသည်။ ထို့ကြောင့် ယေရှု၏ပုံသက်သေကို လိုက်လျှောက်သောအားဖြင့် ကိုယ်နှင့်စပ်ဆိုင်သူများထံလည်ပတ်ရန် တစ်ကိုယ်ကောင်းမဆန်သည့်မေတ္တာက မိမိတို့အားတိုက်တွန်းသည်ဟု သူတို့ခံစားကြရသည်။ (မဿဲ ၆:၉၊ ၁၀; ၂၂:၃၇-၃၉)—၈/၁၅ စာမျက်နှာ ၈၊ ၉။
▫ ဆင့်ကဲအယူဝါဒကိုယုံခြင်းသည် အဘယ်ကြောင့် ယုံကြည်ခြင်းဆိုင်ရာကိစ္စဖြစ်သနည်း။
သိပ္ပံပညာရှင်များသည် ဇီဝပုံစံအသစ်ကို ဖြစ်ပေါ်စေသော ဗီဇပြောင်းခြင်းများ—အကျိုးပြုသောဗီဇပြောင်းခြင်းများကိုပင်—တစ်ခါမျှမမြင်ဖူးကြချေ။ သို့သော် ယင်းသည် မျိုးစိတ်အသစ်များ ဖြစ်ပေါ်လာသည့်နည်းပင် ဖြစ်သည်ဟု ဆင့်ကဲဝါဒီများပြောဆိုကြသည်။ ဆင့်ကဲဝါဒီများသည် သက်မဲ့မှသက်ရှိအလိုအလျောက်ဖြစ်ပေါ်ခြင်းကို တစ်ခါမျှမတွေ့မြင်ဖူးသော်လည်း ယင်းသည် အသက်စတင်ဖြစ်ပေါ်သည့်နည်းဖြစ်သည်ဟု အခိုင်အမာပြောဆိုကြသည်။—၉/၁ စာမျက်နှာ ၅။
▫ ဘဝဆိုင်ရာချုပ်ချယ်ကန့်သတ်မှုများမှ ဖြစ်ပေါ်လာသော စိတ်ဓာတ်ကျဆင်းမှုကို အကောင်းဆုံးနည်းဖြင့် ကျွန်ုပ်တို့မည်သို့အောင်မြင်နိုင်မည်နည်း။
ကျွန်ုပ်တို့၏အခြေအနေသည် မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့မတတ်နိုင်သည့်အရာကြောင့် ရတက်မအေးဖြစ်နေမည့်အစား ကျွန်ုပ်တို့တတ်နိုင်သည့်အရာကို အာရုံစူးစိုက် လုပ်ဆောင်နေပါက ဘဝသည် ပို၍ကျေနပ်ဖွယ်ရာဖြစ်ပြီး ဘုရားသခင်၏လုပ်ငန်းတော်တွင် ပျော်ရွှင်မှုရရှိနိုင်ပါလိမ့်မည်။ (ဆာလံ ၁၂၆:၅၊ ၆)—၉/၁ စာမျက်နှာ ၂၈။
▫ ခွင့်လွှတ်ခြင်း၏ အကျိုးကျေးဇူးများကား အဘယ်နည်း။
အခြားသူများအားခွင့်လွှတ်ခြင်းသည် ကောင်းသောဆက်ဆံရေးကို တိုးတက်စေသည်။ (ဧဖက် ၄:၃၂) ယင်းသည် လူသားချင်းစပ်ကြားငြိမ်သက်မှုကိုသာမက အတွင်းငြိမ်သက်မှုကိုပါ ဖြစ်စေသည်။ (ရောမ ၁၄:၁၉; ကောလောသဲ ၃:၁၃-၁၅) အခြားသူများကိုခွင့်လွှတ်ခြင်းက ကျွန်ုပ်တို့၏အပြစ်များ ခွင့်လွှတ်ခံရရန် လမ်းဖွင့်ပေးသည်။ (မဿဲ ၆:၁၄) ယင်းက ကျွန်ုပ်တို့ကိုယ်နှိုက် ခွင့်လွှတ်ခံရဖို့လိုအပ်ကြောင်းကို သတိရရန် အကူအညီဖြစ်စေသည်။ (ရောမ ၃:၂၃)—၉/၁၅ စာမျက်နှာ ၇။
▫ ပရောဖက်အာမုတ်၏ ပုံသက်သေက ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့အား မည်သို့အကူအညီပေးသနည်း။
အာမုတ်နည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင့်သတင်းစကားများကို ပြောင်းလဲခြင်းလည်းမပြု၊ အာနိသင်လျော့ပါးအောင်လည်း မပြုကြပါ။ ယင်းသို့ပြုမည့်အစား နားထောင်သူများ မည်သို့ပင်တုံ့ပြန်ပါစေ ကျွန်ုပ်တို့သည် နာခံမှုရှိရှိဖြင့် ယင်းကိုကြေညာကြသည်။—၉/၁၅ စာမျက်နှာ ၁၇။
▫ ဘုရားသခင်၏ မည်သည့်ဂုဏ်တော်များကို ကျွန်ုပ်တို့တုပသင့်သနည်း။
ဂုဏ်တော်နှစ်ခုမှာ စည်းစနစ်ကျနမှုဆိုင်ရာအရည်အချင်းနှင့် ကိုယ်တော်၏ ပျော်ရွှင်မှုဖြစ်သည်။ (၁ ကောရိန္သု ၁၄:၃၃; ၁ တိမောသေ ၁:၁၁) ဘုရားသခင်၏ ဤအရည်အချင်းနှစ်ခုသည် ဟန်ချက်ညီလျက်ရှိပေသည်။ အရည်အချင်းတစ်ခုကို အထိခိုက်ခံပြီး အခြားတစ်ခုကို အထူးအရေးပေးခြင်းမဖြစ်စေရန်ဖြစ်သည်။—၁၀/၁ စာမျက်နှာ ၁၀။
▫ မိဘများသည် မိမိ၏သားသမီးများ ယေဟောဝါကိုဝတ်ပြုရန် အကူအညီပေးဖို့ လုပ်ဆောင်ခဲ့သည့်ထိရောက်သောခြေလှမ်းအချို့ကား အဘယ်နည်း။
အရေးကြီးသည့်အချက်မှာ စောစောစတင်ပြုလုပ်ခြင်းဖြစ်သည်။ နုနယ်သော နှစ်များအတွင်း တတ်သိစွဲမှတ်ထားသည့်အရာများသည် တစ်သက်တာလုံးအတွက်တာရှည်ခံမည်။ (သု. ၂၂:၆) အစည်းအဝေးတိုင်းတွင် နာခံမှုရှိခြင်း၊ ယေဟောဝါနှင့် ကိုယ်တော်၏ဝတ်ပြုရေးကို ရိုသေလေးမြတ်ခြင်းတို့ကို သူတို့အားသင်ပေးရန် အရေးကြီးသည်။ အောင်မြင်မှုတွေ့ရှိသောမိဘများသည် သားသမီးများ၏ ဉာဉ်ဆိုးများကို အကဲခတ်မိပြီး ယင်းတို့ကို ပြုပြင်ပြောင်းလဲနိုင်ကြရန် သားသမီးများအား သူတို့ကူညီပေးကြပါသည်။ (သု. ၂၂:၁၅) နောက်ဆုံးအနေနှင့် ကလေးလိုက်မီနိုင်သော သီအိုကရက်တစ်ပန်းတိုင်များကို သတ်မှတ်ထားရန် စောစောသွန်သင်ပေးပါ။—၁၀/၁ စာမျက်နှာ ၂၇-၈။
▫ ယေဟောဝါခွင့်လွှတ်မှု၏ အဘယ်ထူးခြားသောဂုဏ်ရည်တော်ကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးရန် ကြိုးစားသင့်သနည်း။
ယေဟောဝါသည် ခွင့်လွှတ်ပြီး မေ့လည်းမေ့ပစ်တော်မူသည်။ (ယေရမိ ၃၁:၃၄) ယင်းသည် လူသတ္တဝါများပြုရန် ခက်ခဲသည့်အရာဖြစ်သည်။ ယင်းသို့ပြုရန်အရေးကြီးမှုကို မဿဲ ၆:၁၄၊ ၁၅ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ယေရှုအထူးပြုဖော်ပြထားသည်။—၁၀/၁၅ စာမျက်နှာ ၂၅-၆။
▫ ကျွန်ုပ်တို့၏ထောက်ထားကြင်နာမှုကို ဟန့်တားသည့်အရာသုံးခုကား အဘယ်နည်း။
ကျွန်ုပ်တို့၏ အပြစ်ပြုလိုသည့် လူ့သဘောကြောင့် မနာလိုသည့်ခံစားချက်သည် အမြစ်တွယ်လာနိုင်သည်။ လူတစ်ဦးကို မနာလိုဖြစ်ပါက ထိုသူအား နူးညံ့သည့်ထောက်ထားကြင်နာမှုဖြင့် မည်သို့ဆက်ဆံနိုင်မည်နည်း။ အကြမ်းဖက်မှုနှင့်ပတ်သက်၍ မလိုအပ်ဘဲ မိမိကိုယ်ကိုအကာအကွယ်မဲ့ထားခြင်းသည်လည်း အခြားအဟန့်အတားတစ်ခုဖြစ်သည်။ ယင်းက အခြားသူများဒုက္ခခံစားနေရခြင်းကို ကျွန်ုပ်တို့မစာနာတတ်သည့်သဘော ဖြစ်စေနိုင်သည်။ ထို့အပြင် ကိုယ်သာပဓာနသမားများသည် ထောက်ထားကြင်နာစိတ်ကင်းမဲ့ဖွယ်ရှိသည်။ (၁ ယောဟန် ၃:၁၇)—၁၁/၁ စာမျက်နှာ ၁၉၊ ၂၀။
▫ ယောဘနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းမှ မည်သည့်သင်ခန်းစာများကို ရရှိနိုင်သနည်း။
ယောဘနှင့်ပတ်သက်သည့် မှတ်တမ်းက စာတန်၏နည်းပရိယာယ်များကို ကျွန်ုပ်တို့အား ပိုမိုသတိချပ်စေပြီး ယေဟောဝါ၏စကြဝဠာအုပ်စိုးပိုင်သခွင့်သည် လူသား၏သစ္စာသမာဓိနှင့် မည်သို့ဆက်နွှယ်နေကြောင်းကို သတိရစေသည်။ ယောဘနည်းတူ ဘုရားသခင်ကို ချစ်မြတ်နိုးသူအားလုံးသည် စမ်းသပ်ခံရမည်။ ယောဘနည်းတူပင် ကျွန်ုပ်တို့သည်လည်း ခံနိုင်ရည်ရှိနိုင်ပြီး စာတန်ကို မုသာကောင်ဖြစ်ကြောင်း သက်သေထူကာ ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို မွေ့လျော်နိုင်ကြသည်။—၁၁/၁၅ စာမျက်နှာ ၂၀။
▫ အကြီးအကဲအဖွဲ့၏ သဘာပတိသည် အကြီးအကဲချင်းတို့ကို လျောက်ပတ်စွာအသိအမှတ်ပြုကြောင်း မည်သို့တင်ပြနိုင်သနည်း။
ဖြစ်နိုင်သည့်အခါတိုင်း သဘာပတိသည် အချက်တစ်ခုစီကို အခြားအကြီးအကဲများ အသေအချာ တွေးတောနိုင်ဖို့အတွက် လုံလောက်သောအချိန်ရရန် အစည်းအဝေးအစီအစဉ်ကို တင်ကြိုပေးထားသင့်သည်။ အကြီးအကဲစည်းဝေးတွင် သူသည် အကြီးအကဲများ၏ထင်မြင်ယူဆချက်အား ပုံသွင်းလိုက်ရန်မဟုတ်ဘဲ ဆွေးနွေးချက်အောက်ရှိ အကြောင်းအရာများအပေါ် “ရဲရင့်စွာပြော” ဖို့ သူတို့ကိုအားပေးရန် ကြိုးစားမည်။ (၁ တိမောသေ ၃:၁၃)—၁၂/၁ စာမျက်နှာ ၃၀။