လူဆိုးများအဘယ်ကြောင့်ကြီးပွားနေကြသနည်း
“လူဆိုးတို့သည် အဘယ်ကြောင့်အသက်ရှင်နေကြသနည်း။” ယင်းမေးခွန်းကို ရှေးကတည်းက သစ္စာရှိသူယောဘမေးမြန်းခဲ့ပြီး ထိုအချိန်ကတည်းကစ၍ မကြာခဏဆိုသလို လူများမေးမြန်းလာကြသည်။ ဆိုးဝါးသည့်စစ်ပွဲတွင် ဒုက္ခခံရသူများအတွက် ပူဆွေးနေကြသည့် ယခင်ယူဂိုဆလဗ်နယ်မြေရှိလူမျိုးတို့ (ကျွန်ုပ်တို့၏စာစောင်မျက်နှာဖုံးတွင် ဖော်ပြထားသောအမျိုးသမီးကဲ့သို့) ၏စိတ်တွင်လည်း အလားတူမေးကြမည်။ လူဆိုးတို့သည် အဘယ်ကြောင့်ဆက်လက်ရှိနေကြပြီး ကြီးပွားနေကြသနည်း။ ယောဘမှတ်ချက်ချသကဲ့သို့ “သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ” လေ့ရှိသည်။—ယောဘ ၂၁:၇၊ ၉။
ယင်းက ဘုရားသခင်ကိုဝတ်ပြုခြင်း၊ အိမ်နီးချင်းကိုချစ်ခြင်း၊ မကောင်းမှုကိုကြဉ်ရှောင်ခြင်းတို့သည် အကျိုးမရှိဟုဆိုလိုသလော။ လုံးဝမဟုတ်ပါလေ! အမြင်မှန်ကို သမ္မာကျမ်းစာကျွန်ုပ်တို့အား ဤသို့ဖော်ပြပေးထားသည်– “လူဆိုးတို့ထက်သာအောင်မကြိုးစားနှင့် သို့မဟုတ် အမှားလုပ်သူများကို အားကျမခံမဖြစ်နှင့်။ အကြောင်းမှာ သူတို့သည် မြက်ပင်ကဲ့သို့ မကြာမီညှိုးနွမ်းပြီး ဟင်းရွက်ပင်ကဲ့သို့ ပျောက်ပျက်သွားလိမ့်မည်။ သခင်၌ယုံစားပြီး ကောင်းမှုကိုပြုလော့။”—ဆာလံ ၃၇:၁-၃၊ The New English Bible.
မှန်သည်၊ လူဆိုးတို့၏ ကောင်းစားဟန်ရှိသည့်အခြေအနေသည် တစ်ခဏသာဖြစ်သည်။ အမှန်အားဖြင့် ဘုရားသခင်အားဝတ်ပြုသူတို့သည် အနာဂတ်အတွက် ဂုဏ်ကျက်သရေနှင့်ပြည့်ဝသည့် မျှော်လင့်ချက်ရှိသော်လည်း လူဆိုးတို့၏အသက်တာမူ အလွန်တိုတောင်းလှသည်။ မကြာမီ ဘုရားသခင့်ကတိတော် ပြည့်စုံလာမည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာဒိတ် ၂၁:၄) လူဆိုးများမဟုတ်ဘဲ ဖြောင့်မတ်သူများသာ ထိုအချိန်ကို တွေ့ကြုံခံစားကြရမည်။ ကျွန်ုပ်တို့ပတ်လည်တွင်ရှိသည့်လူဆိုးများ မည်သို့ပင်ရှိပါစေ ကျွန်ုပ်တို့သည်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်ပြီး ကိုယ်တော့်အလိုတော်ကို လုပ်ဆောင်ရန် သင်ယူဖို့ မည်မျှအားရှိစရာပါတကား!
ယခုထက်မကပိုမိုသိလိုလျှင်လည်းကောင်း၊ အိမ်တွင်းကျမ်းစာသင်အံမှုလက်ခံသင်ကြားလိုလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့။ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။