သင်ချစ်မြတ်နိုးရသော သေလွန်သူများ—အဘယ်မှာ ရှိကြသနည်း
အဲလက်ခ်သည် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ တစ်ပတ်အတွင်း မိတ်ဆွေနှစ်ဦးကို ဆုံးရှုံးခဲ့ရသည်။ တစ်ဦးဖြစ်သူ နက်ဗဲလ်သည် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ အခြားတစ်ဦးဖြစ်သူ တိုနီမှာမူ မော်တော်ကား မတော်တဆတိုက်မှုတွင် သေဆုံးသွားသည်။ ဤတွင် ၁၄ နှစ်အရွယ် ထိုတောင်အာဖရိကလူငယ်လေးသည် ယခင်ကသူ မတွေးဖူးသောမေးခွန်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ ‘လူတွေ ဘာကြောင့်သေရတာလဲ။ သေတဲ့အခါ ဘာဖြစ်သွားသလဲ’ ဟုသူတွေးတောလေတော့သည်။
နက်ဗဲလ်၏အသုဘကို လိုက်အပို့လမ်းတစ်လျှောက် ထိုမေးခွန်းများ၏အဖြေကိုရရန် အဲလက်ခ်သည် စိတ်ရိုးမှန်ဖြင့်မျှော်လင့်ခဲ့သည်။ “ဒါပေမဲ့ ဓမ္မဆရာက စာအုပ်တစ်အုပ်မှဖတ်ရုံဖတ်ပြပြီး နက်ဗဲလ်ဟာ ကောင်းကင်ရောက်နေပြီလို့ ပြောတယ်။ သင်္ချိုင်းကိုရောက်တော့လည်း ရှင်ပြန်ထမြောက်မဲ့အချိန်ကို ကျွန်ုပ်တို့စောင့်နေတယ်လို့ပြောပြန်တယ်။ စိတ်ရှုပ်သွားတာပဲ။ နက်ဗဲလ်ဟာ ကောင်းကင်ကိုရောက်နေမယ်ဆိုရင် ရှင်ပြန်ထမြောက်ချိန်ကို သူဘယ်လိုစောင့်မျှော်နေနိုင်မလဲ” ဟူ၍ ပြန်ပြောင်းပြောပြသည်။
ထို့နောက် ထိုနေ့တွင်ပင် အဲလက်ခ်သည် တိုနီ၏အသုဘသို့ ဆက်သွားပါသည်။ ဈာပနအစီအစဉ်ကို သူနားမလည်နိုင်သော ဘာသာစကားဖြင့် ဆောင်ရွက်ခဲ့သော်လည်း ပူဆွေးသူအချို့၏ ငိုကြွေးပုံကိုကြည့်၍ သူတို့စိတ်သက်သာမှုမရကြကြောင်း အဲလက်ခ်အသေအချာ သိလိုက်သည်။ “အဲ့ဒီညမှာ ကျွန်တော် အတော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ အားကိုးရာမဲ့ပြီး စိတ်အိုက်ခဲ့ရတယ်။ ကျွန်တော့်မေးခွန်းတွေကို ကျေနပ်လောက်အောင် ဘယ်သူမှ အဖြေမပေးနိုင်ကြဘူး။ အဲ့ဒီတော့မှ ဘုရားတကယ်ရှိမှရှိရဲ့လားလို့ ကျွန်တော်ရဲ့အသက်တာမှာ ပထမဆုံးအကြိမ်တွေးမိတယ်” ဟုသူရှင်းပြသည်။
အဲလက်ခ်နည်းတူပင် ရင်းနှီးချစ်ခင်သူ ကွယ်လွန်ဆုံးရှုံးခြင်းအဖြစ်နှင့် ကြုံတွေ့သူ သန်းပေါင်းများစွာ နှစ်စဉ်ရှိပါသည်။ ၁၉၉၂ ဗြိတိန်နီကာနှစ်ချုပ်စာအုပ်က “၁၉၉၁ ခုနှစ်တွင် တစ်ကမ္ဘာလုံးသေဆုံးမှု ၅၀,၄၁၈,၀၀၀ ရှိခဲ့သည်။” ဟုရှင်းပြသည်။ ယင်းအချိန်နောက်ပိုင်း သေဆုံးသူ သန်းပေါင်းမည်မျှ ထပ်ဆင့်ရှိဦးမည်နည်း။ ပူဆွေးကျန်ရစ်ခဲ့သူများ၏မျက်ရည် ချောင်းစီးခဲ့သည်ကို စဉ်းစားကြည့်ပါလေ! သေခြင်းနှင့်စပ်လျဉ်း၍ ကွဲလွဲသောအယူအဆများကြောင့် ရှုပ်ထွေးမှုတို့ကလည်း သူတို့၏ ဝမ်းနည်းကြေကွဲမှုကို တိုးပွားစေပါသည်။
ယင်းကြောင့် ကွယ်လွန်ပြီးနောက် အသက်ပြန်ရရန် မျှော်လင့်နိုင်စရာအကြောင်းတစ်စုံတစ်ရာရှိ၊ မရှိကို အဲလက်ခ်နည်းတူ စိတ်ပျက်ပြီး သံသယပွားသူများစွာရှိပါသည်။ ဘာသာတရားများစွယ်စုံကျမ်း၏အဆိုအရ “ခေတ်ကာလတစ်လျှောက် တွေးတောစဉ်းစားတတ်သူများသည် လူထုနှင့် ခြားနားလျက် . . . တစ်ဦးတစ်ယောက်၏ ဦးနှောက်နှင့် ကိုယ်ခန္ဓာအပြင်တွင် ဝိညာဉ်စိုးလ် သို့မဟုတ် အသက် မည်သို့ဆက်တည်ရှိနိုင်မည်ကို သံသယဝင်ကြသည်။”
စိတ်ဝင်စားစရာမှာ၊ ကိုယ်ခန္ဓာအပြင်တွင် မသေနိုင်သောဝိညာဉ်စိုးလ်ရှိ၏ဟူသော ဘာသာရေးအယူအဆကို သမ္မာကျမ်းစာက မထောက်ခံထားကြောင်း အထက်ပါ စွယ်စုံကျမ်းက ဝန်ခံထားပေသည်။ မှန်ပါသည်၊ ကျမ်းစာအချို့နေရာများတွင် တစ်ဦးတစ်ယောက်၏ “ဝိညာဉ်စိုးလ်” သည် ကွယ်လွန်သူ၏ခန္ဓာမှ ထွက်ခွာသည် သို့မဟုတ် ပြန်ဝင်သည်ဟုပင် ပါသော်လည်း ဤနေရာများတွင် “ဝိညာဉ်စိုးလ်” ကို “အသက်” ဆုံးရှုံးခြင်း၊ သို့မဟုတ် ပြန်ရခြင်းသဘောမျိုးဖြင့် အသုံးပြုထားခြင်းဖြစ်သည်။ (ကမ္ဘာဦး ၃၅:၁၆-၁၉; ၃ ဓမ္မရာဇဝင် ၁၇:၁၇-၂၃) ကျမ်းစာတွင် “ဝိညာဉ်စိုးလ်” ဟူသောစကားလုံးကို အသွေးအသားရှိ မျက်မြင်ရသတ္တဝါ၊ သက်ရှိတို့နှင့်စပ်လျဉ်း၍ များသောအားဖြင့် အသုံးပြုထားသည်။ (ကမ္ဘာဦး ၁:၂၀; ၂:၇) ထို့ကြောင့် ဝိညာဉ်စိုးလ်သေသည်ကို သမ္မာကျမ်းစာက ကြိမ်ဖန်များစွာ ဆိုထားပါသည်။ (ယေဇကျေလ ၁၈:၄၊ ၂၀; တမန်တော် ၃:၂၃; ဗျာဒိတ် ၁၆:၃) ဝိညာဉ်စိုးလ်သေသည်နှင့် “အဘယ်အရာကိုမျှမသိ” ဟု ဘုရားသခင့်နှုတ်ကပါဌ်တော်က ဆိုပေသည်။—ဒေသနာ ၉:၅၊ ၁၀။
တစ်ဖက်ကကြည့်ပြန်လျှင် သေလွန်သူတို့ အသက်ပြန်ရှင်လာခြင်းမှတ်တမ်းများ ကျမ်းစာတွင် ပါဝင်ပါသည်။ လာဇရု၏အဖြစ်အပျက်ကိုကြည့်လျှင် လေးရက်တိုင် သူသေဆုံးနေပြီးနောက် ထိုသို့ဖြစ်ပျက်ခဲ့သည်။ (ယောဟန် ၁၁:၃၉၊ ၄၃၊ ၄၄) သို့သော် နှစ်ပေါင်းရာချီ၊ ထောင်ချီက ကွယ်လွန်ခဲ့သူများဘာဖြစ်မည်နည်း။ ဤသူတို့ အသက်ပြန်ရှင်လာရန် သေဆုံးစဉ်က သူတို့၏ ကိုယ်ခန္ဓာကိုပင် ဘုရားသခင် ထမြောက်ပေးရမည်လော။
မလိုပါ။ ဤအတွေးမျိုးသည် လူသေကောင်၏ကိုယ်ခန္ဓာကို ဖွဲ့စည်းထားသောအနုမြူများ၏ဖြစ်ပျက်ပုံနှင့် မကိုက်ညီပါ။ အတန်ကြာလေသော် ယင်းအနုမြူများကို အသီးအရွက်များက စုပ်ယူပြီး ယင်းတို့ကို အခြားသတ္တဝါများ စားသုံးကြရာမှ ၎င်းတို့၏ကိုယ်ခန္ဓာအစိတ်အပိုင်း ပြန်ဖြစ်သွားပြီးဖြစ်သည်။
ထို့ကြောင့် ရှေးလွန်လေပြီးသောအချိန်က ကွယ်လွန်ခဲ့သူများအတွက် မျှော်လင့်ချက်မရှိဟု ဆိုလိုပါသလော။ မဟုတ်ပါ။ ကျွန်ုပ်တို့၏ကျယ်ဝန်းသော စကြဝဠာကို ဖန်ဆင်းသောအရှင်၌ အလွန်အံ့သြမိန်းမောဖွယ်ကောင်း၍ အကန့်အသတ်မရှိသောမှတ်ဉာဏ်ရှိသည်။ ကွယ်လွန်သူ မည်သူမဆို၏ ဥပဓိရုပ်နှင့် မျိုးရိုးဗီဇအကျင့်စရိုက်များကို ကိုယ်တော်မှတ်မိလိုလျှင် ကိုယ်တော်၏စုံလင်သောမှတ်ဉာဏ်အတွင်း မှတ်သားထားနိုင်တော်မူသည်။ ထို့ပြင် ယခင်က အသက်ရှင်ခဲ့ဖူးသူ၏ ဗီဇလက္ခဏာ အတိအကျပါရှိသည့် လူ့ခန္ဓာကိုယ်ကို ယေဟောဝါဘုရားသခင် ပြန်ဖန်ဆင်းပေးနိုင်စွမ်းရှိတော်မူသည်။ အာဗြဟံ အစရှိသည့် ကိုယ်တော်အောက်မေ့သူများ၏ မှတ်ဉာဏ်နှင့် ဥပဓိရုပ်ကိုပါ ထိုနိယာမတွင် ထည့်သွင်းပေးနိုင်တော်မူသည်။
အာဗြဟံကွယ်လွန်ပြီးနောက် နှစ်ပေါင်းနှစ်ထောင်နီးပါးကာလတွင် ယေရှု ဤသို့အာမခံတော်မူသည်– “မောရှေသည် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား’ ဟု ချုံခန်း [ဆူးချုံနှင့်ပတ်သက်သောမှတ်တမ်း၊ ကဘ] ၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကို ဖော်ပြခဲ့ပြီ။ ဘုရားသခင်သည် သေနေသောသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်တော်မူ၏။ ထိုသူအပေါင်းတို့သည် ဘုရားသခင်၌ အသက်ရှင်ကြသည်။” (လုကာ ၂၀:၃၇၊ ၃၈) အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အပြင် အခြားလူသေ သန်းပေါင်းများစွာတို့သည် ဘုရားသခင်၏မှတ်ဉာဏ်အတွင်း အသက်ရှင်နေကြရာ လာလတ္တံ့သော ထမြောက်ခြင်းကို စောင့်မျှော်နေကြပါသည်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍ သူတို့မျှော်လင့်သည်နည်းတူ အကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။”—တမန်တော် ၂၄:၁၅။
လွမ်းဆွတ်ကျန်ရစ်ခဲ့ရပြီး ရက်သတ္တပတ်အနည်းငယ်တွင် အဲလက်ခ်သည် သူ၏မေးခွန်းများ၏အဖြေကို ရရှိခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးသည် သူ့အိမ်သို့ ရောက်လာပြီး သေခြင်း၊ ထမြောက်ခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ အကြောင်းအရာများကို ရှင်းလင်းဖော်ပြပေးခဲ့သည်။ ထိုရှင်းပြချက်က အဲလက်ခ်အား စိတ်သက်သာမှုပေးပြီး သူ၏ဘဝတွင် အမြင်သစ်ရရှိစေခဲ့သည်။
ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကျမ်းစာအခြေခံသည့် မျှော်လင့်ချက်အကြောင်း အသင်လည်းတိုးသိနားလည်လိုပါသလော။ ဥပမာ၊ ရှင်ပြန်ထမြောက်ခြင်းအများမှာ ကောင်းကင်တွင် သို့မဟုတ် မြေကြီးပေါ်တွင် ဖြစ်မည်လော။ လူတစ်ဦးသည် ဘုရားသခင့်မျက်နှာသာတော်ရပြီး သေလွန်သောရင်းနှီးချစ်ခင်သူများနှင့် ပြန်လည်ပေါင်းဖော်ရန် ကိုယ်တော့်အံ့ဖွယ်သောကတိတော်၏ ပြည့်စုံချက်ကို ခံစားလိုလျှင် ဘာလုပ်ရမည်နည်း တို့ဖြစ်ပါသည်။