စာရှုသူများထံမှ မေးခွန်းလွှာ
‘အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက် သင့်ကိုလိုချင်၏’ ဟု ကာဣနအား ဘုရားသခင်သတိပေးရာတွင် သားရဲတစ်ကောင်နှင့် သူ၏သားကောင်အကြောင်း ရည်ညွန်းပြောဆိုနေဟန်ရှိသည်။ (ကမ္ဘာဦး ၄:၇၊ သမ္မာ) ရေလွှမ်းမိုးခြင်းမတိုင်မီက တိရစ္ဆာန်များသည် အသီးအရွက်ကိုသာစားသည်ဆိုလျှင် ထိုအသုံးအနှုန်းကို အဘယ်ကြောင့်သုံးရသနည်း။
မောရှေရေးသည့်ကျမ်းစောင်များတွင် ယင်းတို့၏သမိုင်းနောက်ခံနှင့် ဆန်းကျယ်စွာကိုက်ညီမှုမရှိပုံပေါက်သည့် အဖြစ်မှန် သို့မဟုတ် သမိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုတို့ကို ထင်ဟပ်သော အခန်းငယ်များစွာပါဝင်သည်။
ဥပမာ၊ ကမ္ဘာဦး ၂:၁၀-၁၄ ပါမှတ်တမ်းက ဧဒင်ဥယျာဉ်နှင့်ပတ်သက်သော ပထဝီဝင်ဆိုင်ရာအသေးစိတ်အချက်အလက်ကို ပေးထားသည်။ မောရှေက ထိုမြစ်များမှတစ်ခုသည် “အာရှုရိတိုင်းအရှေ့သို့စီးသွားသည်” ဟုဖော်ပြထားသည်။ သို့သော် အာရှုရိနိုင်ငံသည် ရေလွှမ်းမိုးပြီးနောက် မွေးဖွားလာသောရှေမ၏သား အာရှုရဟူသောအမည်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ (ကမ္ဘာဦး ၁၀:၈-၁၁၊ ၂၂; ယေဇကျေလ ၂၇:၂၃; မိက္ခာ ၅:၆) မှုတ်သွင်းခံရပြီးတိကျသောမောရှေ၏မှတ်တမ်းတွင် သူ၏စာဖတ်သူများအကျွမ်းဝင်သောဒေသကို ရည်ညွှန်းရန် “အာရှုရိ” ဟူသောအမည်ကို ရိုးရိုးလေးအသုံးပြုခဲ့သည်မှာပေါ်လွင်သည်။
ကမ္ဘာဦးကျမ်း၏ ရှေ့အခန်းကြီးများမှ အခြားဥပမာတစ်ခုကိုသုံးသပ်ကြည့်ပါ။ အာဒံနှင့်ဧဝတို့အပြစ်ပြုပြီး ဧဒင်ဥယျာဉ်မှနှင်ထုတ်ခံရပြီးနောက်ပိုင်းတွင် သူတို့ပြန်မဝင်ရအောင် ယေဟောဝါတားဆီးတော်မူခဲ့သည်။ မည်သို့အားဖြင့်နည်း။ ကမ္ဘာဦး ၃:၂၄ ပြောသည်ကား ဤသို့– “ထိုသို့လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှာ မီးစက်လက်နက် [မီးတောက်နေသည့်ဓား၊ ကဘ] နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဖက်၌ထားတော်မူ၏။” “မီးတောက်နေသည့်ဓား” ဆိုသည့်အရာကို သတိထားကြည့်ပါ။ ဘုရားသခင်သည် ဓားကိုတီထွင်တော်မူခဲ့သလော။
ကျွန်ုပ်တို့၏မေတ္တာပြည့်ဝသောဖန်ဆင်းရှင်သည် ဓားဟုကျွန်ုပ်တို့သိရှိသောအရာကို ဦးဆုံးပြုလုပ်ခဲ့သူဟူ၍ ကောက်ချက်ချရန်မဟုတ်ပါ။ အာဒံနှင့်ဧဝတို့သည် ကောင်းကင်တမန်ရှေ့တွင် မီးတောက်နေသောအရာတစ်ခုလည်နေသည်ကို တွေ့ခဲ့ကြရသည်။ ယင်းသည် အမှန်အားဖြင့်အဘယ်အရာနည်း။ ကမ္ဘာဦးကျမ်းစာစောင်ကို မောရှေရေးသည့်အချိန်က ဓားကိုလူတိုင်းသိပြီး စစ်ပွဲများတွင် အသုံးပြုခဲ့ကြသည်။ (ကမ္ဘာဦး ၃၁:၂၆; ၃၄:၂၆; ၄၈:၂၂; ထွက်မြောက်ရာ ၅:၂၁; ၁၇:၁၃) ထို့ကြောင့် “မီးတောက်နေသည့်ဓား” ဟူသော မောရှေ၏စကားက သူ၏စာဖတ်ပရိသတ်သည် ဧဒင်ဥယျာဉ်ရှေ့တွင်ရှိသောအရာကို အတော်အတန်မြင်ယောင်စေသည်။ မောရှေအချိန်ကသိရှိခဲ့ရသောအကြောင်းအချက်သည် ထိုကဲ့သို့သောအကြောင်းအရာမျိုးတို့ကို နားလည်စေသည်။ မောရှေသုံးထားသည့်အသုံးအနှုန်းသည် သမ္မာကျမ်းစာတွင် ယေဟောဝါကထည့်သွင်းထားစေသောကြောင့် တိကျမှန်ကန်ရမည်ဖြစ်သည်။—၂ တိမောသေ ၃:၁၆။
ကမ္ဘာဦး ၄:၇ (သမ္မာ) ကားမည်သို့နည်း။ ထိုတွင် ကာဣနအား ဘုရားသခင်ဤသို့သတိပေးသည်– “သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရသလော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက် သင့်ကိုလိုချင်သော်လည်း သင်သည် ထိုအပြစ်ပေါ်၌အုပ်စိုးသင့်သည်။” မှတ်တမ်းတင်ထားသည့်အတိုင်း ဆာလောင်နေသည့်သားရဲတစ်ကောင်သည် မိမိ၏သားကောင်ကို ရုတ်တရက်ခုန်အုပ်ပြီးဝါးမျိုရန် ဝပ်စင်းနေသည့်သဏ္ဌာန်ကို အသုံးအနှုန်းကသရုပ်ဖော်ထားဖွယ်ရှိသည်။
သို့သော် အာဒံနှင့်ဧဝတို့သည် တိရစ္ဆာန်အားလုံးနှင့် သင့်မြတ်စွာရှိခဲ့ကြကြောင်း ကျမ်းစာအထောက်အထားများက ထောက်ပြသည်။ အချို့သတ္တဝါတို့သည် လူတို့၏အနီးအနားတွင်နေလျှင် ပိုမို၍ပျော်ရွှင်ချမ်းမြေ့ဖွယ်ဖြစ်ပြီး အကျိုးပင်ဖြစ်ထွန်းစေသည်။ အချို့သတ္တဝါများမူ သားရဲများဖြစ်ကြပြီး လူနှင့်ဝေးဝေးနေလိုသောသဘာဝရှိကြသည်။ (ကမ္ဘာဦး ၁:၂၅၊ ၃၀; ၂:၁၉) သို့သော် တိရစ္ဆာန်တစ်မျိုးမျိုးသည် တိရစ္ဆာန်ချင်းကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း တိုက်ခိုက်သတ်ဖြတ်သည်ဟု ကျမ်းစာ၌ရည်ညွှန်းမထားပါ။ မူလအားဖြင့် အသီးအရွက်ကို လူနှင့်တိရစ္ဆာန်နှစ်မျိုးစလုံးအတွက် အစားအစာအဖြစ် သီးခြားသတ်မှတ်ထားပေးသည်။ (ကမ္ဘာဦး ၁:၂၉၊ ၃၀; ၇:၁၄-၁၆) ယင်းသည် ကမ္ဘာဦး ၉:၂-၅ တွင်ဖော်ပြထားသည့်အတိုင်း ရေလွှမ်းမိုးခြင်းပြီးသည်အထိ အပြောင်းအလဲမရှိပါ။
သို့ဆိုလျှင် ကမ္ဘာဦး ၄:၇ တွင်ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း ကာဣနအား ဘုရားသတိပေးချက်ကား မည်သို့နည်း။ ကြမ်းကြုတ်သည့်သားရဲတစ်ကောင်က သားကောင်ကိုခုန်အုပ်ရန်အဆင်သင့်ဖြစ်နေသော ဝပ်ချောင်းနေသည့်အသွင်ကို မောရှေခေတ်ကလူများ အလွယ်တကူသဘောပေါက်နိုင်ပြီး ကျွန်ုပ်တို့လည်းသဘောပေါက်ကြသည်။ ဤတွင်လည်း မောရှေက ရေလွှမ်းမိုးခြင်းပြီးနောက်ပိုင်းခေတ်နှင့် အကျွမ်းဝင်သောစာဖတ်သူများနှင့် ဆီလျော်သည့်အသုံးအနှုန်းကို အသုံးပြုထားခြင်းဖြစ်ဖွယ်ရှိသည်။ ထိုကဲ့သို့သောသတ္တဝါကို ကာဣနတစ်ခါမျှမမြင်ဖူးဟုဆိုစေတော့ မိမိထဲတွင်ရှိသော အပြစ်ပြုလိုသည့်ဆန္ဒကို ဆာလောင်နေသော၊ ငမ်းငမ်းတက်ဖြစ်နေသောသားရဲတစ်ကောင်နှင့်ပုံခိုင်း၍ သတိပေးခံနေရကြောင်းကို သူသဘောပေါက်ခဲ့ပေမည်။
ကျွန်ုပ်တို့အားအစွဲကြီးစွဲမှတ်စေသင့်သည့် အဓိကရှုထောင့်ကား ဤသို့– ကာဣနကိုသတိပေးရာတွင် ဘုရားသခင်၏ကြင်နာမှု၊ သွန်သင်ဆုံးမမှုကို နှိမ့်ချစွာလက်ခံခြင်း၏တန်ဖိုး၊ မနာလိုမှုသည် လူတစ်ဦးကို မည်သို့လွယ်ကူစွာပျက်စီးစေနိုင်ကြောင်းနှင့် ကျမ်းစာတွင် ဘုရားသခင်ထည့်သွင်းထားသည့် အခြားအခြားသော မြင့်မြတ်သည့်သတိပေးချက်များကို မည်သို့အရေးတကြီးယူမှတ်သင့်ကြောင်းတို့ဖြစ်သည်။—ထွက်မြောက်ရာ ၁၈:၂၀; ဒေသနာ ၁၂:၁၂; ယေဇကျေလ ၃:၁၇-၂၁; ၁ ကောရိန္သု ၁၀:၁၁; ဟေဗြဲ ၁၂:၁၁; ယာကုပ် ၁:၁၄၊ ၁၅; ယုဒ ၇၊ ၁၁။