မိမိယုံကြည်ခြင်းအတွက် သူမတိုက်လှန်ခဲ့
လွန်ခဲ့သောသုံးနှစ်က စပိန်နိုင်ငံ၊ ကဒစ်ဇ်မြို့နေ ယေဟောဝါသက်သေတစ်ဦးဖြစ်သော ကာရီဒါဒ် ဘာစမ်း လစ္စတန်းသည် အရေးတကြီး ခွဲစိတ်ကုသခံဖို့လိုခဲ့ပါသည်။ သည်းခြေကျောက်တည်ခြင်းကြောင့် အဖျားတက်ပြီး သူမ၏သွေးလမ်းကြောင်းသည် အဆိပ်ဖြစ်နေသည်။ ဒေသန္တရဆေးရုံသို့ရောက်သည့်အခါ သွေးသွင်းခြင်းကို သူမလက်မခံနိုင်သည့် ကျမ်းစာအခြေခံအကြောင်းပြချက်များကို ရှင်းပြပါသည်။ သွေးအသုံးမပြုဘဲ ခွဲစိတ်ပါမည်ဟု ဆရာဝန်များကလည်း သဘောတူညီခဲ့ကြသည်။ သို့ရာတွင် ခွဲစိတ်ခန်းဝင်ခါနီးတွင် စာရွက်စာတမ်းတစ်ခုကို သူမအား ဆရာဝန်များက လက်မှတ်ရေးထိုးစေခဲ့သည်။ သွေးနှင့်ပတ်သက်သော သူမ၏ဆုံးဖြတ်ချက်ကို ဆရာဝန်များ လေးစားပါသော်လည်း အရေးအကြောင်းပေါ်ပေါက်လာလျှင် လိုအပ်သလိုကုသပေးခွင့်ပြုမည်ဖြစ်ကြောင်းကို ယင်းကတင်ပြသည်။
ဆေးရုံတွင်ရောက်ရှိနေသော အသင်းတော်အကြီးအကဲတစ်ဦးနှင့် သက်သေခံတစ်ဦးဖြစ်သော ကာရီဒါဒ်၏သားတို့က ဤကဲ့သို့သောစာရွက်စာတမ်းမျိုးကို လက်မှတ်ရေးထိုးလျှင် ပေါ်ပေါက်လာနိုင်သော အခက်အခဲများအကြောင်း ကာရီဒါဒ်အား နားလည်စေခဲ့သည်။ သူမရေးထိုးထားသည့်လက်မှတ်ကြောင့် အရေးအကြောင်းပေါ်ခဲ့မည်ဆိုလျှင် ဆရာဝန်များသည် သွေးသွင်းရန် အခွင့်ရထားပေမည်။ ခွဲစိတ်ခန်းအတွင်းသို့ ဆေးရုံအမှုထမ်းများခေါ်သွင်းသွားစဉ်တွင် ထိုစာရွက်စာတမ်းကို သူမလက်မှတ်မထိုးနိုင်ကြောင်း ရှင်းပြပါသည်။ သို့နှင့် သူ့အခန်းသို့ပြန်ပို့ကြပြီး စိတ်ပြောင်းလဲစေရန် အတင်းအကြပ်တိုက်တွန်းပြောဆိုကြသည်။
အကြိမ်ကြိမ်ဆွေးနွေးပြောဆိုပြီးနောက်တွင် သူမအား သဘောပေါက်စေရန် ဥပဒေဆိုင်ရာ တရားသူကြီးကိုခေါ်လာခဲ့သော်လည်း မအောင်မြင်ကြပါ။ မိမိအား သွေးသွင်းခွင့်ပြုမည်ဆိုလျှင် ဘုရားသခင်ကို မိမိပြစ်မှားမိမည်ကိုစိုးရိမ်ကြောင်း ကာရီဒါဒ်ရှင်းပြပါသည်။ မောရှေ၏ပညတ်တရားအရ အမျိုးသမီးတစ်ဦးသည် ဗလက္ကာရပြုခံရလျှင် အော်ဟစ်အကူအညီတောင်းပါက သူမအား အပြစ်ရှိသည်ဟုယူမှတ်လိမ့်မည်မဟုတ်ကြောင်း တင်ပြသည်။ (တရားဟောရာ ၂၂:၂၃-၂၇) “ဆရာဝန်များ ကျွန်မဆန္ဒကို လျစ်လျူရှုပြီး ကျွန်မသြတ္တပ္ပစိတ်နှင့် ဆန့်ကျင်ကြမယ်ဆိုရင် သူတို့ကျွန်မကိုဗလက္ကာရပြုတယ်လို့သဘောထားပြီး ကျွန်မရုန်းကန်ရတော့မယ်” ဟုသူမပြောသည်။
နာရီများစွာကြာပြီးနောက် ဆရာဝန်များက သွေးလုံးဝအသုံးမပြုဘဲ ခွဲစိတ်ရန် သဘောတူညီကြလေသည်။ ခွဲစိတ်ခန်းတွင် ကာရီဒါဒ်သည် ယေဟောဝါထံဆုတောင်းခွင့်ပေးရန် တောင်းဆိုပါသည်။ ထိုသို့ပြုခွင့်ရသည်။ အောင်မြင်စွာ ခွဲစိတ်လိုက်ပါသည်။
မည်သို့ဆိုစေ နောက်ပိုင်းတွင် ကာရီဒါဒ်၏အခြေအနေသည် ပိုဆိုးလာပါသည်။ သို့ဖြစ်၍ သူမ၏ဆန္ဒကိုမလိုက်လျောဘဲ အဓမ္မသွေးသွင်းရန် ဆရာဝန်များက စိတ်ဆုံးဖြတ်ကြသည်။ ထိုအခါ ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦးသည် သူ့အားသွေးသွင်းပေးရန် ပြင်ဆင်ကြသည်။ အလွန်အားနည်းနေသော်လည်း ကာရီဒါဒ်သည် ခွန်အားရှိသမျှနှင့် ရုန်းကန်ခဲ့ပါသည်။ သွေးပိုက်ကိုပင် သူမကိုက်ဖြတ်ခဲ့ပါသေးသည်။ နောက်ဆုံး ဆရာဝန်သည် မိမိအပြုအမူကိုရှက်သွား၍ လက်လျှော့လိုက်လေသည်။ “ငါဆက်မလုပ်နိုင်တော့ဘူး။ လက်မြှောက်ပြီ” ဟူ၍သူဝန်ခံသည်။
ကာရီဒါဒ်သည် ထိုအရေးပေါ်ကိစ္စကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့၍ နောက်ဆက်လက်အခက်အခဲများမရှိဘဲ ပြန်ကျန်းမာလာပါသည်။ သူမ၏ယုံကြည်ခြင်းနှင့်သတ္တိသည် ဆရာဝန်များနှင့်သူနာပြုအားလုံးတို့အတွက် စွဲမှတ်စရာဖြစ်ခဲ့ပါသည်။ ဤအဖြစ်အပျက်သည် ကာရီဒါဒ်အသက် ၉၄ နှစ်အရွယ်တွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါသည်။