“အသက်သရဖူ” ဆုဖြင့် အကျိုးပေးခံရ
စမုရနမြို့ရှိအသင်းတော်၏တမန်ထံ တမန်တော်ယောဟန်အား “သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်” ဟုရေးသားစေခဲ့သည်။ (ဗျာဒိတ် ၂:၈၊ ၁၀) ထိုကြောင့် ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းအပြင် အခြားအခြားသော သီအိုကရက်တစ်အဖွဲ့များ၏ဥက္ကဌ ဖရက်ဒိရစ် ဝီလျံ ဖရန့်ဇ်သည် ၁၉၉၂ ဒီဇင်ဘာ ၂၂ ရက်နံနက်ချိန်တွင် သူ၏မြေကြီးအသက်တာကို စွန့်လွှတ်ခဲ့ကြောင်း ဤတွင်ကြေညာရခြင်းသည် ဝမ်းနည်းစရာဖြစ်လင့်ကစား တစ်ကြိမ်တည်းတွင် ဝမ်းသာစရာပင်ဖြစ်သတည်း။
အလွန်ချစ်မြတ်နိုးရ၍ ယေဟောဝါအပေါ် ထူးခြားစွာသစ္စာတည်ကြည်သောကျေးကျွန်တစ်ဦး ကမ္ဘာမြေပေါ်မှ ထွက်ခွာသွားကြောင်း ကြေညာပေးရသည့်အတွက် ဝမ်းနည်းစရာဖြစ်ပါသည်။ သို့သော် အားရရွှင်လန်းဖွယ်ရာ ကြေညာချက်လည်းဖြစ်ပါသည်။ အကြောင်းမှာ “ယခုမှစ၍ သခင်ဘုရား၌သေသောသူတို့သည် မင်္ဂလာရှိကြ၏။ . . . ဝိညာဉ်တော်ကလည်း ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍ သူတို့၏အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏” ဟူသော ဗျာဒိတ် ၁၄:၁၃ ပါစကားများသည် ကျွန်ုပ်တို့ချစ်မြတ်နိုးရသည့် ညီအစ်ကိုဖရန့်ဇ်နှင့် ယခုသက်ဆိုင်နေပါသည်။ ညီအစ်ကိုဖရန့်ဇ်သည် ကျိုးနွံနှိမ့်ချ၍ ဝီရိယရှိ၊ အလွန်အကျိုးဖြစ်ထွန်းခဲ့သော ဓမ္မအမှုဆောင်တစ်ဦးဖြစ်ခဲ့ရာ “အိမ်သူအိမ်သား” များနှင့်သူတို့၏အပေါင်းအဖော်များအတွက် ဝိညာဉ်အစာကျွေးမွေးပြုစုပေးသည့် “သစ္စာသမာဓိရှိကျေးကျွန်” အဝင်အဖြစ် သူ့အား ယေဟောဝါဘုရားသခင်သည် များစွာအသုံးပြုတော်မူခဲ့သည်။—မဿဲ ၂၄:၄၅-၄၇။
ညီအစ်ကိုဖရန့်ဇ်သည် ကင်တာ့ကီနယ်၊ ကပ်ဗင်တန်မြို့တွင် ၁၈၉၃၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ၏အစ်ကိုမှတစ်ဆင့် သမ္မာတရားကို စတင်ကြားနာခဲ့ရ၏။ ထိုစဉ်က ပရက်စ်ပတေးရီယန် တရားဟောဆရာဖြစ်ခြင်းငှာ စင်စနက်တီတက္ကသိုလ်တက်နေဆဲရှိပါသည်။ ယင်းအစား ပရက်စ်ပတေးရီယန်အသင်းမှ နှုတ်ထွက်ပြီး ထိုစဉ်က ကျမ်းစာကျောင်းသားများဟုအမည်ရှိသော ယေဟောဝါသက်သေများနှင့် ပေါင်းဖွဲ့လေတော့သည်။ ၁၉၁၃၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် သူနှစ်ခြင်းခံယူပြီး၊ နောက်တစ်နှစ်တွင် တက္ကသိုလ်မှထွက်၍ ကောလ်ပေါ်တီယာ (ရှေ့ဆောင်) လုပ်ငန်းကို ဝင်လုပ်ကိုင်လေသည်။ ၁၉၂၀၊ ဇွန် ၁ ရက်နေ့တွင် ဘရုတ်ကလင်ဗေသလအိမ်သားတစ်ဦးဖြစ်လာပါသည်။ မကြာမီပင် ကောလ်ပေါ်တီယာဌာနကို သူ့အား တာဝန်ယူစေခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် စာတည်းဖြတ်ခြင်းဆိုင်ရာဌာနသို့ သူ့အား ရွှေ့ပြောင်းခဲ့ရာ ဤဌာနတွင် အကျိုးထိရောက်စွာ အမှုတော်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်တွင် ကင်းမျှော်စင်အသင်းနှင့် အခြားသက်ဆိုင်ရာအဖွဲ့များ၏ ဒုဥက္ကဌဖြစ်လာပါသည်။ ထိုစဉ်ကအသင်း၏ဥက္ကဌ နေသန် အိပ်ချ်၊ နောရ် သည် ၁၉၇၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သောအခါ သူသည် ကင်းမျှော်စင်အသင်း၏ဥက္ကဌ ဖြစ်လာလေသည်။ ကွယ်လွန်သည်အထိ ထိုတွင်အမှုထမ်းခဲ့ပါသည်။ ညီအစ်ကိုဖရန့်ဇ်၏အသက်တာအတွင်း ယေဟောဝါသက်သေခံ အရေအတွက် ထောင်ဂဏန်းမှ လေးသန်းခွဲကျော်အထိ တိုးများလာသည်ကို သူတွေ့ရှိခဲ့ရပါသည်။ အပြည်ပြည်ဆိုင်ရာ စည်းဝေးပွဲကြီးများ၌ ဟောပြောခြင်း၊ ကမ္ဘာအရပ်ရပ်ရှိ ဌာနခွဲများနှင့် သာသနာပြုအိမ်များထံ လည်ပတ်ခြင်းအပါအဝင် လုပ်ငန်းတော်ဆိုင်ရာ အခွင့်အရေးများစွာကို သူဆောင်ရွက်ခွင့်ရရှိခဲ့ပါသည်။ သူ၏အတ္ထုပ္ပတ္တိသည် ၁၉၈၇၊ မေ ၁ ကင်းမျှော်စင် (အင်္ဂလိပ်) စာစောင်တွင် ပါရှိခဲ့ပါသည်။
၁၉၉၂၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္လာနေ့ညနေချိန်တွင် ဘရုတ်ကလင်ဗေသလအိမ်၏ နိုင်ငံတော်ခန်းမတွင် အောက်မေ့ရာပွဲ ကျင်းပခဲ့ပါသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အဲလ်ဘတ် ဒီ၊ ရှရိုဒါသည် အလွန်အားရှိစရာ ဝိညာဏတည်ဆောက်ပေးသော ဟောပြောချက်တစ်ခု ပေးခဲ့ပါသည်။ ယင်းဟောပြောချက်ကို ကင်းမျှော်စင်ခြံ၊ ပက်တာစင်နှင့်တောင်တန်းခြံများအပြင် နိုင်ငံတော်ခြံနှင့်ကနေဒါဌာနခွဲရှိ ဗေသလအိမ်သားများပါ ကြားနာနိုင်ရန် တယ်လီဖုန်းဖြင့် ဆက်သွယ်ပေးခဲ့ပါသည်။
အထူးသဖြင့် ညီအစ်ကိုဖရန့်ဇ်နှင့် တွဲဖက်အမှုထမ်းခဲ့သူများဖြစ်သည့် ညီအစ်ကိုများအားလုံး သူ့ကိုလွမ်းဆွတ်ကြလိမ့်မည်။ သူနှင့်အတူ တွဲဖက်အမှုထမ်းသူ၊ ခရီးသွားလာသူအားလုံးအပေါ် စာနာမှုရှိ၍ အားပေးတည်ဆောက်မှုဖြစ်ပြီး စိတ်ရှည်ခဲ့ပါသည်။ ယုံကြည်သူချင်းတို့သည် ဟေဗြဲ ၁၃:၇ နှင့်အညီ သူနှင့်ပတ်သက်ပြီး တုံ့ပြန်ကြမည်မှာအမှန်ပါ။ “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို သင်တို့အားဟောပြော၍ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ်သို့ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို မီအောင်လိုက်ကြ” လော့။
၁၉၉၂ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ညီအစ်ကို မီလ်တန် ဂျီ၊ ဟင်ရှယ်လ်အား ညီအစ်ကိုဖရန့်ဇ်၏အရာကိုဆက်ခံရန် အသင်းမ၏ ပဉ္စမမြောက်ဥက္ကဌအဖြစ် ရွေးချယ်လိုက်ပါသည်။
[စာမျက်နှာ ၃၁၊ ၃၂ ပါ ရုပ်ပုံ]
၁၉၁၃ ခုနှစ်က ဖရက်ဒိရစ် ဒဘလျူ၊ ဖရန့်ဇ်
၁၉၂၀ ခုနှစ်က အသင်းမ ၏ မာတဲလ်အဲဗင်နျူ ပုံနှိပ်တိုက်တွင်
၁၉၅၃ ခုနှစ်က ရန်ကီ အားကစားကွင်း တွင် နေသန် အိပ်ချ်နောရ်နှင့်အတူ