စောစော နိုးထသူ
မြထဲပင်လယ်အရပ်ရှိ သစ်သီးဝလံပင်များအနက် ဗာတံပင်သည် အထူးခြားဆုံးအပင်တစ်မျိုးဖြစ်ပါသည်။ ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီအကုန်ပိုင်းတွင်—အခြားအပင်အများစုထက်စောစီးစွာ ဆောင်းရာသီ၏ ထိုင်းမှိုင်းမှုမှ နိုးကြားလာခြင်းသည် အလွန်ထင်ပေါ်သည်တကား။ အပင်တစ်ပင်လုံးသည် နုနယ်ပျော့ပျောင်းသော ပန်းရောင်၊ သို့မဟုတ် အဖြူပွင့်များဖုံးလွှမ်းနေရာ ထိုအဖြူပွင့်များသည် သက်ကြီးရွယ်အိုတို့၏ ဆံပင်ဖြူနှင့်တူပါသည်။—ဒေသနာ ၁၂:၅ နှိုင်းယှဉ်။
ရှေးခေတ်ဟေဗြဲလူများသည် ဗာတံပင်၏ စောစီးစွာပွင့်ချိန်ကိုရည်ညွှန်း၍ “နိုးကြားပင်” ဟုခေါ်ဝေါ်တတ်ကြသည်။ ဤထူးခြားသောလက္ခဏာကို ယေဟောဝါရှင်အသုံးပြုကာ အရေးကြီးသောသတင်းတစ်ရပ်ကို ဖော်ပြရှင်းလင်းပေးတော်မူခဲ့သည်။ ယေရမိဓမ္မအမှုအစ၌ ဗာတံခက်တစ်ခက်ကို ရူပါရုံတွင်တွေ့ရှိခဲ့၏။ ယင်း၏အဓိပ္ပာယ်ကား အဘယ်နည်း။ ယေဟောဝါ ဤသို့ရှင်းပြတော်မူသည်။ “ငါ့စကားကိုပြည့်စုံစေခြင်းငှာ ငါစောင့်နေမည်။”—ယေရမိ ၁:၁၂။
ဗာတံပင်သည် စောစော ‘နိုးကြားလာ’ တတ်သည်နည်းတူ မနာခံမှု၏အကျိုးဆက်များအကြောင်း သတိပေးခြင်းငှာ ပရောဖက်များကိုစေလွှတ်ရန် ပုံတင်စကားအားဖြင့် ယေဟောဝါသည် “စောစောထ” တော်မူခဲ့ပြီ။ (ယေရမိ ၇:၂၅) ကိုယ်တော်၏ပရောဖက်ပြုစကားများ မပြည့်စုံမချင်း ကိုယ်တော်အနားယူလိမ့်မည်မဟုတ်ပါ။—‘စောင့်ကြည့်’ နေတော်မူမည်အမှန်။ ထိုအတိုင်းပင် ခန့်အပ်ထားချိန်ဖြစ်သည့် ဘီစီအီး ၆၀၇ တွင် ဖောက်ပြန်သောယုဒလူမျိုးအပေါ် ယေဟောဝါ၏တရားစီရင်ချက် ကျရောက်တော်မူခဲ့သည်။
ကျွန်ုပ်တို့ခေတ်ရှိ စနစ်ဆိုးကိုလည်း ထပ်တူတရားစီရင်မည့်အကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်က ကြိုတင်ဟောပြောထားပါသည်။ (ဆာလံ ၃၇:၉၊ ၁၀။ ၂ ပေတရု ၃:၁၀-၁၃) ဤစီရင်ချက်နှင့်ပတ်သက်၍ ပရောဖက်ဟဗက္ကုတ် ဤသို့အာမခံခဲ့သည်။ “ထိုရူပါရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ . . . မုသာနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” (ဟဗက္ကုတ် ၂:၃) ယေဟောဝါ၏ကတိတော်ကို ပြည့်စုံစေခြင်းငှာ ကိုယ်တော်စောင့်ထိန်းနေတော်မူလိမ့်မည်အကြောင်း အထက်ဖော်ပြပါ လှပတင့်တယ်သော ဗာတံပွင့်က သတိရစေပါသည်။
[Picture Credit Line on page 32]
Pictorial Archive (Near Eastern History) Est.