ကတိထားရာပြည်မှ မြင်ကွင်းများ
ဂေရဇိမ်—‘ဤတောင်ပေါ်တွင် ကျွန်ုပ်တို့ကိုးကွယ်ခဲ့သည်’
ရေတွင်း၌ ရှမာရိအမျိုးသမီး။ ဤစကားစုသည် ရှမာရိမြို့တစ်မြို့ဖြစ်သည့် ရှုခါအရပ်ရှိ “ယာကုပ်၏ရေတွင်း” ၌အမျိုးသမီးတစ်ဦးအား အလွတ်သဘောဖြင့် ယေရှုသက်သေခံခဲ့သည့် စိတ်လှုပ်ရှားဖွယ်အကြောင်းကို သင့်အားပြန်သတိရစေသည်မဟုတ်လော။ ထိုအဓိပ္ပာယ်လေးနက်သောအဖြစ်အပျက်ကို သင်ပိုမိုသဘောပေါက်နားလည်လိုပါသလော။—ယောဟန် ၄:၅-၁၄။
ယေရုရှလင်မြို့၏မြောက်ဘက်မှ မိုင် ၃၀ ရှိသောအထက်ပါတောင်နှစ်လုံးကို သတိပြုပါ။aလက်ဝဲ (တောင်) ဘက်တွင် သစ်ပင်ထူပြောသော ဂေရဇိမ်အရပ်ရှိသည်။ ဤအရပ်၌ စမ်းချောင်းများစွာရှိသောကြောင့် မြေသြဇာကောင်းပြီး အလှကျက်သရေပြည့်နေပါသည်။ လက်ယာ (မြောက်) ဘက်တွင် ပိုမြင့်ပြီးကျောက်ထူထပ်သည့် သစ်ပင်မပေါက်နိုင်သော ဧဗလတောင်ရှိသည်။
ဤတောင်နှစ်လုံးကြားတွင် မြေသြဇာကောင်းသော ရှေခင်ချိုင့်ဝှမ်းတည်ရှိသည်။ ဘုရားသခင်၏မိတ်ဆွေ အာဗြံ (နောင်တွင် အာဗြဟံအမည်ရသူ) သည် ကတိထားရာပြည်တွင် ခရီးသွားခဲ့စဉ် ရှေခင်အရပ်၌ တစ်ထောက်နားခဲ့သည်ကိုသတိရပါ။ ဤအရပ်တွင် သူ့ရှေ့ပေါ်တော်မူခဲ့ပြီး သူ၏အမျိုးအနွယ်အား ဤပြည်ကိုပေးအပ်မည်ဟု ကတိပြုသည့်ယေဟောဝါရှင်အတွက် ယဇ်ပလ္လင်တစ်ခုကို သူဆောက်လုပ်ခဲ့သည်။ (ကမ္ဘာဦး ၁၂:၅-၇) ကတိထားရာပြည်အလယ်တွင်ပင် ဤသို့ကတိပြုတော်မူခဲ့ခြင်းကား အလွန်လျောက်ပတ်ပေသည်တကား။ ဂေရဇိမ်၊ သို့မဟုတ် ဧဗလတောင်ထိပ်တို့မှ ဤဘိုးဘေးသည် ကတိထားရာပြည်ကို ကျယ်ကျယ်ဝန်းဝန်း ရှုမျှော်နိုင်ပါသည်။ ရှေခင်မြို့ (မျက်မှောက်ခေတ် နာဘလပ်စ်မြို့) သည်ပင်လယ်ကမ်းခြေမှ ယော်ဒန်ချိုင့်ဝှမ်းသို့သွားသော အရှေ့မှအနောက်လမ်းခရီးအနီးရှိ တောင်မှမြောက်သို့သွားသည့် တောင်ပေါ်လမ်းခရီးပေါ်တည်ရှိနေသဖြင့် အလွန်အရေးပါသောမြို့တစ်မြို့ဖြစ်ခဲ့ပါသည်။
အာဗြဟံ၏ယဇ်ပလ္လင်သည် ဤအရပ်တွင်ဖြစ်ပျက်ခဲ့သော ထူးခြားသည့် ဘာသာရေးဆိုင်ရာအဖြစ်အပျက် တစ်ခုမျှဖြစ်သည်။ နောင်တွင် ဤအရပ်၌ ယာကုပ်သည် မြေကွက်ဝယ်ပြီး စစ်မှန်သောဝတ်ပြုရေးကို ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ဂေရဇိမ်တောင်ခြေရင်းမှ မဝေးသောအရပ်တွင် နက်သောရေတွင်းတစ်ခုကို တူးဖော်ခြင်း၊ သို့မဟုတ် တူးခကို ပေးပြီးတူးခဲ့ပါသည်။ ရာစုနှစ်များစွာကုန်လွန်ပြီးနောက် ရှမာရိအမျိုးသမီးက “ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အားပေး၏။ သူကိုယ်တိုင် . . . ဤတွင်းရေကိုသောက်” ခဲ့သည်ဟု ယေရှုအားပြောကြားပါသည်။ တမန်တော်ယောဟန်က ယင်းကို “ယာကုပ်၏စမ်းရေပေါက်” ဟုခေါ်ခဲ့ရခြင်းမှာ ယင်းသည် စမ်းရေတွင်းဖြစ်ဟန်တူသည်။
ဂေရဇိမ်တောင်၊ ဧဗလတောင်နှင့်စပ်လျဉ်းပြီး စစ်မှန်သောဝတ်ပြုရေးအကြောင်း ဖော်ပြပြောဆိုခြင်းက မောရှေညွှန်ကြားခဲ့သည့်အတိုင်း ဣသရေလလူမျိုးအား ဤအရပ်သို့ ယောရှုခေါ်ဆောင်လာခဲ့သည့်အဖြစ်အပျက်ကိုလည်း သင့်အားသတိရစေမည်။ ဧဗလတောင်ပေါ်တွင် ယဇ်ပလ္လင်တစ်ခုကို ယောရှုတည်ဆောက်ခဲ့ပါသည်။ “ပညတ္တိကျမ်း၌ရေးထားသမျှသော ကောင်းချီးမင်္ဂလာစကားနှင့် ကျိန်ခြင်းအမင်္ဂလာစကား” ကိုသူဖတ်ရွတ်ခဲ့သည့်အခါ ဂေရဇိမ်တောင်ရှေ့တွင် လူတစ်ဝက်၊ ဧဗလတောင်တွင် ကျန်တစ်ဝက်ရပ်နေကြသည့်အဖြစ်အပျက်ကို တွေးမြင်ကြည့်လိုက်ပါ။ (ယောရှု ၈:၃၀-၃၅။ တရားဟောရာ ၁၁:၂၉) နောင်နှစ်များစွာအကြာတွင် ယောရှုပြန်လာခဲ့၍ နောက်ဆုံးမှာကြားချက်အနေနှင့် “ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုသာဝတ်ပြုမည်” ဟုပြောဆိုခဲ့ပါသည်။ လူအပေါင်းတို့ကလည်း ထိုအတိုင်းပြုပါမည်ဟု ဝန်ခံခဲ့ကြသည်။ (ယောရှု ၂၄:၁၊ ၁၅-၁၈၊ ၂၅) သို့သော် သူတို့အမှန်ပြုကြပါမည်လော။
ယင်းမေးခွန်း၏အဖြေသည် ရှမာရိအမျိုးသမီးနှင့် ယေရှုပြောဆိုခဲ့သောစကားကို အသင်သဘောပေါက်နိုင်ရန် အကူအညီပေးမည်။ ဖြစ်ပျက်လာပုံက အာဗြဟံ၊ ယာကုပ်နှင့်ယောရှုတို့၏ စစ်မှန်သောဝတ်ပြုရေးကို ဤရှမာရိအရပ်တွင် ဆက်လက်မရပ်တည်ခဲ့ပါ။
မြောက်ဘက်ဆယ်နွယ်နိုင်ငံ ခွဲထွက်သွားပြီးနောက် သူတို့သည် နွားရုပ်ကိုဝတ်ပြုကိုးကွယ်ကြသည်။ ယင်းကြောင့် ယေဟောဝါရှင်က ဘီစီအီး ၇၄၀ တွင် အာရှုရိလူမျိုးအား ဤဒေသကို သိမ်းပိုက်ခွင့်ပြုတော်မူခဲ့သည်။ ပြည်သူလူထုအများစုကို သူတို့ခေါ်ဆောင်သွားပြီး အာရှုရိအင်ပါယာမှ တိုင်းတစ်ပါးဘုရားများကိုးကွယ်သူတို့အား ဤနေရာတွင် အခြေချစေခဲ့သည်။ ဤသူအချို့သည် ဣသရေလအမျိုးသားတို့နှင့် ထိမ်းမြားကြပြီး အရေဖျားလှီးခြင်းအစရှိသော စစ်မှန်သောဝတ်ပြုရေး၏ သွန်သင်ချက်အချို့ကို သင်ယူခဲ့ကြပေမည်။ သို့သော် ဖြစ်ပေါ်လာသည့် သူတို့၏ရှမာရိဝတ်ပြုနည်းကို ဘုရားသခင်အပြည့်အဝ နှစ်သက်တော်မူခဲ့မည်မဟုတ်သည်ကား အမှန်ပင်။—၄ ဓမ္မရာဇဝင် ၁၇:၇-၃၃။
သူတို့၏ရောပြွမ်းနေသောဝတ်ပြုရေး၌ ရှမာရိအမျိုးသားများသည် ပင်တာကျုခေါ် မောရှေ၏ ပထမကျမ်းငါးစောင်ကိုသာ သမ္မာကျမ်းစာအဖြစ် လက်ခံကြပါသည်။ ဘီစီအီးလေးရာစုခန့်တွင် ယေရုရှလင်မြို့ရှိ ဘုရားသခင့်ဗိမာန်တော်နှင့် ယှဉ်ပြိုင်ခြင်းငှာ ဂေရဇိမ်တောင်ပေါ်၌ ဝတ်ပြုရာဗိမာန်တစ်လုံးကို တည်ဆောက်ခဲ့သည်။ အချိန်တန်လေသော် ဂေရဇိမ်တောင်ပေါ်ရှိ ဝတ်ပြုရာဗိမာန်ကို ဇုသနတ်ဘုရား (သို့မဟုတ် ဂျူပီတာ) အတွက် အနုမောဒနာပြုကြပြီး နောက်ဆုံးတွင် ဖျက်ဆီးခံခဲ့ရပါသည်။ မည်သို့ဆိုစေ ရှမာရိဝတ်ပြုရေးကို ဤဂေရဇိမ်တောင်ပေါ်တွင် ဆက်ထမ်းဆောင်ကြပါသည်။
ယနေ့တိုင်အောင် ရှမာရိလူမျိုးသည် ဂေရဇိမ်တောင်ပေါ်တွင် ပသခါပွဲတော်ကို နှစ်စဉ်ကျင်းပကြသည်။ သိုးအကောင်အတော်များများကို သတ်ဖြတ်ကြသည်။ သိုးမွေးနှုတ်နိုင်ရန် သတ်ပြီးသားအကောင်များကို ရေနွေးပူအိုးကြီးများထဲထည့်ပြီး၊ အသားကိုမူ မြေတွင်းများတွင် နာရီပေါင်းများစွာ ချက်ပြုတ်ကြပါသည်။ သန်းခေါင်အချိန်တွင် ယေရုရှလင်မြို့မှအများအားဖြင့်ဖြစ်သော ရှမာရိလူမျိုးရာနှင့်ချီ၍ ပါစ်ခါလ်ပွဲတော်အစာကို စားသုံးကြပါသည်။ ခေါင်းအုပ်ထားသည့် ရှမာရိယဇ်ပုရောဟိတ်တစ်ဦး ဂေရဇိမ်တောင်ပေါ်တွင်ကျင်းပသည့် ပသခါပွဲ၌ ကမကထပြုနေသည်ကို လက်ဝဲဘက်တွင်တွေ့ရှိနိုင်ပါသည်။
ယေရှုအား ရှမာရိအမျိုးသမီးက “အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏” ဟုပြောခဲ့သည်ကို သတိရပါ။ သူမနှင့် ကျွန်ုပ်တို့ကိုပါ သဘောပေါက်နားလည်စေရန် ယေရှုဤသို့မိန့်တော်မူခဲ့သည်။ “ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန်ကာလ ရောက်ဆဲရှိ၏။ . . . ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။”—ယောဟန် ၄:၂၀-၂၄။
[အောက်ခြေမှတ်ချက်များ]
a ပုံကြီးချဲ့ထားသည့် ဤရုပ်ပုံကို 1993 Calendar of Jehovah’s Witnesses တွင် ကြည့်ရှုနိုင်ပါသည်။
[Picture Credit Line on page 24]
Pictorial Archive (Near Eastern History) Est.
[Picture Credit Lines on page 25]
Garo Nalbandian
Garo Nalbandian