သူမ,ဆုရခဲ့
“ကျွန်မအပေါ်သင်တို့ရဲ့ကျေးဇူးလုံးလုံးရှိပါတယ်” ဟု အထက်တန်းကျောင်းသူကီယိုက ဂျပန်နိုင်ငံရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးသို့ စာရေးလှာသည်။ သူမဘာကို ဤမျှကျေးဇူးတင်နေသနည်း။ မကြာမီက ဂျပန်သယ်ယူပို့ဆောင်မှုလုံခြုံရေးအသင်းက ကြီးမှူးကျင်းပသော အမျိုးသားစာစီစာကုံးပြိုင်ပွဲတွင် ကီယိုသည် အမြင့်ဆုံးဆုကို ဆွတ်ခူးရရှိခဲ့သောကြောင့်ဖြစ်သည်။ တန်ဖိုးမြင့်မားသည့်ဆုတွင် ဆွီဒင်နိုင်ငံသို့သွားရောက်လည်ပတ်ခွင့်လည်းပါဝင်သည်။
ကီယိုက သူမအတွက် ကြီးမားသောအထောက်အကူဖြစ်စေသည်ဟုယူမှတ်သော ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းကထုတ်ဝေသည့် စာကောင်းပေကောင်းများစွာတို့အတွက် ကျေးဇူးတင်စာရေးသားခြင်းဖြစ်သည်။ ဤပြိုင်ပွဲအပြင် ဟောပြောခြင်းနှင့်စာစီစာကုံးပြိုင်ပွဲများစွာတို့တွင် သူမ၏ကျောင်းကို ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ သူမက “အဲဒီပြိုင်ပွဲအများစုမှာ ခေါင်းစဉ်ကိုပေးထားပြီး ကျောင်းသားတွေက သူတို့ပြိုင်ပွဲဝင်ဖို့အတွက် စာကြည့်တိုက်တစ်ခုမှာလေ့လာဆည်းပူးမှုလုပ်ကြတယ်။ ဒါပေမယ့် ကျွန်မကတော့ အဲဒီဒုက္ခတွေလုံးဝခံစရာမလိုဘူး။ ကျွန်မအိမ်ကစာကြည့်စင်ကပဲ စာအုပ်ကောင်းတွေကို ကျွန်မရှာတွေ့ခဲ့တယ်။ ခေါင်းစဉ်ကဘာပဲဖြစ်ဖြစ်၊ သက်ကြီးရွယ်အိုရဲ့ပြဿနာတွေလား၊ ပတ်ဝန်းကျင်လား၊ အပြည်ပြည်ဆိုင်ရာဆက်သွယ်မှုလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ခြင်းလား အားလုံးဟာ ကင်းမျှော်စင် နဲ့ နိုးလော့ မဂ္ဂဇင်းတွေထဲမှာ အသေးစိတ်ရှင်းပြထားတယ်” ဟုပြောခဲ့သည်။
မည်သို့ဆိုစေ ကီယိုအားအကူအညီဖြစ်စေသည်မှာ ယင်းစာစောင်များချည်းသာမဟုတ်။ ယေဟောဝါသက်သေများ၏သင်ကြားမှုအစီအစဉ်အားဖြင့် သူမလက်ခံရရှိသောပညာရေးသည် အရေးအဖတ်တွင်တိုးတက်ရန် သူမအားအကူအညီဖြစ်စေပြီး ပြိုင်ပွဲများတွင် သူမအားအကောင်းဆုံးဖြစ်စေသည်။ “တစ်ချိန်က တက္ကသိုလ်ပညာကို ကျွန်မတကယ့်ကိုလိုချင်ခဲ့တယ်။ ဒါပေမယ့် ခုလိုလေ့ကျင့်မှုမျိုးကို ကျွန်မဘယ်မှာရနိုင်မှာလဲ” ဟုသူမပြောခဲ့သည်။ ယခုတွင် သူမလက်ခံရရှိထားသောပညာရေးအားဖြင့် အခြားသူများအားကူညီပေးသည့် အချိန်ပြည့်လုပ်ငန်းတွင်ပါဝင်ရန် သူမမျှော်လင့်နေသည်။ စာစီစာကုံးပြိုင်ပွဲဆုဖြင့် သူမကျေနပ်ပျော်ရွှင်နေသကဲ့သို့ အသက်ဆုကျေးဇူးကိုဆွတ်ခူးရရှိရန်လည်း ကီယိုစိတ်စွဲလျက်ရှိသည်။—ဖိလိပ္ပိ ၃:၁၄ နှိုင်းယှဉ်။