မိသားစုဘဝ တိုက်ခိုက်ခံနေရ
“မိသားစုသည် ရှေးအကျဆုံးလူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အဘက်ဘက်မှကြည့်လျှင်လည်း ယင်းသည် အလွန်အရေးကြီးပါသည်။ လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံးအရာလည်းဖြစ်သည်။ မိသားစုဘဝ ခိုင်မာသည် သို့မဟုတ် အားနည်းသည်အပေါ်မူတည်ပြီး ယဉ်ကျေးမှုတစ်ခုလုံး တည်မြဲတည်ရှိခဲ့သည်၊ သို့မဟုတ် ပျောက်လွင့်သွားခဲ့သည်။”
၁၉၇၃ ခုနှစ်က ဤအတိုင်းပင် The World Book Encyclopedia ဆိုခဲ့သည်။ သို့ရာတွင်ခေတ်သဘောအရဆိုလျှင် ထိုစကားများသည် စိတ်ထင့်စရာဖြစ်ပြီး နိမိတ်ပြေးပင်ဖြစ်သည်။ အကြောင်းမှာ မိသားစုဘဝကိုရှေ့တန်းမှ ဝင်တိုက်ခိုက်ပုံရှိသည့်အဖြစ်မျိုးကို လွန်ခဲ့သောနှစ်အနည်းငယ်က တွေ့မြင်ခဲ့ကြပြီ။ လူကြိုက်များသောအကြံပေးအရာရှိ ဂျောန် ဘရက်ရှောဤသို့ရေးသားခဲ့သည်။ “မိသားစုအတွင်း ယနေ့အရေးအခင်းကြုံတွေ့နေသည်။ . . . လင်မယားကွာရှင်းမှုနှုန်းထား မြင့်မားခြင်း၊ ဆယ်ကျော်သက်တို့၏ရမ်းကားမှုများခြင်း၊ မူးယစ်ဆေးဝါးတလွဲသုံးသူများပြားခြင်း၊ သွေးသားနီးစပ်သူချင်း လိင်ဆက်ဆံသည့်ကပ်ဘေး၊ အစာမမှန်ခြင်းကြောင့် ရောဂါဖြစ်ခြင်းများ၊ ရိုက်နှက်သတ်ပုတ်ခြင်းတို့က အရင်းအမြစ်မှတစ်ခုခု၊ တစ်နေရာရာတွင် ပျက်ပြားနေကြောင်းထင်ရှားသည်။”
မိသားစု၌ “အရင်းအမြစ်မှတစ်ခုခု၊ တစ်နေရာရာတွင် ပျက်ပြားနေကြောင်း” ကမ္ဘာတစ်ဝန်းတွေ့ မြင်နေရပါသည်။ The Unesco Courier ကဥရောပရှိအခြေအနေအကြောင်း ဤသို့ဆိုသည်။ “၁၉၆၅ ခုနှစ်ကတည်းက တစ်တိုက်လုံးတွင် လင်မယားကွာရှင်းမှုနှုန်း အလွန်တိုးများလာသည်။ . . . သားသမီးများကိုပြုစုစောင့်ရှောက်ပေးရန် ကြင်ဖော်မဲ့မိဘ အိမ်ထောင်များ တိုးများလာသည်ကိုတွေ့ရှိရ၏။” ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း မိသားစုပူပင်သောက တိုးများလာသည်ကိုတွေ့ရှိရသည်။ စာရေးဆရာမ အဲလင် ထရွန်ဘလေး ဤသို့သတိပြုသည်။ “နှစ်ရာစုပေါင်းများစွာ အပြောင်းအလဲမရှိ ပုံမှန်သာနေထိုင်ခဲ့သော လူအဖွဲ့အစည်းအဝင် လူသန်းပေါင်းများစွာအတွက် မျက်မှောက်ခေတ်သည် အလွန်ရုန်းရင်းဆန်ခတ်ဆန်သည်။”
အထူးစိုးရိမ်စရာကောင်းနေသည်ကား ယနေ့အိမ်ထောင်စုအများ၏အခြေအနေဖြစ်သည်။ အမေရိကန်တစ်နိုင်ငံတည်းတွင် အရက်စွဲသူမိဘလက်အောက်နေ ကလေးသူငယ်သန်းနှင့်ချီရှိသည်။ မိသားစုအကြမ်းဖက်မှုများ တိုးများလာခြင်းသည်လည်း အလွန်စိုးရိမ်စရာဖြစ်နေသည်။ ရစ်ချာဒ် ဂျဲလ်စ် နှင့် မာရေး စတရော့စ်တို့ရေးသားသော Intimate Violence စာအုပ်တွင်ဤသို့တင်ပြထားသည်။ “အခြားအဘယ်နေရာ၌မျှမဟုတ်၊ လူ့အဖွဲ့အစည်းမှ အခြားသူတို့၏လက်ချက်ဖြင့်မဟုတ်ဘဲ မိမိအိမ်ထဲမှ မိမိချစ်မြတ်နိုးရသူ၏လက်ချက်ဖြင့် အိမ်တွင်း၌ပင် ထိုးနှက်ရိုက်ပုတ်၊ သတ်ဖြတ်ခံရရန်အကြောင်းရှိနေသည်။”
လူ့ယဉ်ကျေးမှုတည်တံ့ရေးအတွက် မိသားစုစည်းလုံးမှုပေါ် များစွာမူတည်သည်မှန်လျှင် လူ့ယဉ်ကျေးမှု၏ နောင်ရေးအတွက် အလွန်စိုးရိမ်စရာရှိနေပါသည်။ မည်သို့ဆိုစေကာမူ လူ့ယဉ်ကျေးမှု၏အဖြစ်သနစ်အတွက် သင်ထည့်စိုးရိမ်ချင်မှစိုးရိမ်မည်။ ယင်းအစား ဤကဲ့သို့သောဖရိုဖရဲဖြစ်မှုကြောင့် သင့် မိသားစုအတွက် အဘယ်စိုးရိမ်ဖွယ်ရာရှိသနည်း ဟူသည့်အကြောင်းကို စိတ်ဝင်စားပါလိမ့်မည်။ နောက်ဆုံးတွင် မည်သို့ဖြစ်ပျက်လာမည်နည်း။ ပိုင်နိုင်စွာ ပြောရေးဆိုခွင့်ရှိသူထံမှရသည့်အဖြေသည် သင့်အား အံ့သြသွားစေနိုင်သည်။