ဂိဗောင်မြို့သားများ—ငြိမ်းချမ်းမှုရရန်သူတို့ကြိုးစားခဲ့ကြ
အထက်ပါတောင်ထိပ်မြို့သည် ယေရုရှလင်မြို့မြောက်ဘက် ခြောက်မိုင်ခန့်ဝေးသော ရှေးဂိဗောင်မြို့သားများနေထိုင်ခဲ့သည့်နေရာကို ဖော်ပြထားခြင်းဖြစ်သည်။
ယောရှုသည် ဣသရေလလူမျိုးကို ကတိထားရာပြည်သို့ဦးဆောင်၍ ယေရိခေါမြို့ကိုအောင်နိုင်ပြီး မကြာမီမှာပင် ဂိဗောင်မြို့သားများသည် အထင်ကရဖြစ်လာခဲ့ကြောင်းကို သင်သိပေမည်။ ခါနာန်ပြည်သားဂိဗောင်မြို့သားများသည် ဘုရားသခင်ကျောထောက်နောက်ခံပြုသောဣသရေလတို့ကို မခံရပ်နိုင်ကြောင်းသိကြသည်။ မည်သို့ပြုကြမည်နည်း။ ဂိဗောင်မြို့သားများသည် ပရိယာယ်သုံးပြီး ဝေးသောတိုင်းပြည်မှခရီးသည်များအသွင်ဆောင်သည့် ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ကြသည်။ ငြိမ်းချမ်းရေးကိုရည်စူးသောဤအားထုတ်မှုသည် အောင်မြင်သွားသည်။ ဣသရေလတို့က သူတို့နှင့်ပဋိညာဉ်တစ်ခုဖွဲ့ခဲ့ကြသည်။ သူတို့၏ပရိယာယ်ဆင်မှုဖော်ထုတ်ခံလိုက်ရသောအခါ ဂိဗောင်မြို့သားများသည် ထင်းခွေရေခပ်သူများဖြစ်လာကြသည်။
ငြိမ်းချမ်းရေးအတွက်သူတို့၏အားထုတ်မှုကို ယေဟောဝါသဘောမကျဘဲနေတော်မူမည်မဟုတ်ပါ။ ဘုရင်ငါးပါး၏တိုက်ခိုက်ခြင်းခံရသောဂိဗောင်မြို့သားများအား ယောရှု၏ခုခံကာကွယ်ပေးမှုကို ယေဟောဝါထောက်မ ခဲ့သည်။ ထိုစစ်ပွဲတွင် နေ့တာရှည်စေသည့်အံ့ဖွယ်အမှုကိုပင် ကိုယ်တော်ပြုတော်မူခဲ့သည်။—ယောရှု ၉:၃-၂၇၊ ၁၀:၁-၁၄။
တူးဖော်ရှာဖွေရေးသမားများသည် ဤတောင်ကုန်းပေါ်တွင် ကျောက်သားဖြင့်ပြီးသော နက်သောတွင်း သို့မဟုတ် ကန်တစ်ခုကို တွေ့ရှိကြသည်။ ဂိဗောင်မြို့သားများသည် ဤတွင်းထဲသို့ဆင်းပြီး မြေအောက်လှိုင်ခေါင်းတစ်ခုထဲမှ ရေရယူနိုင်ခဲ့သည်။ ယင်းသည် ၂ ဓမ္မရာဇဝင် ၂:၁၃ တွင်ဖော်ပြထားသော “ဂိဗောင်ရေကန်” မဖြစ်နိုင်ပေလော။ ရှေးဟောင်းသုတေသနပညာရှင်များသည် ကျောက်ဖြင့်ပြုလုပ်ထားသော မြေတိုက်ခန်းများ၊ စပျစ်ရည်ပြုလုပ်သည့်ပစ္စည်းကိရိယာများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ မှန်ပါသည်။ ဂိဗောင်သည် စပျစ်ရည်ပြုလုပ်ရာအချက်အချာဒေသဖြစ်ခဲ့ဖွယ်ရှိသည်။
ဒါဝိဒ်၏အချိန်၌ စစ်မှန်သောဘုရားသခင်၏တဲတော်သည် ဤနေရာတွင်ရှိခဲ့သည်။ ရှောလမုန်မင်းသည် ဤနေရာသို့လာ၍ ယဇ်ပူဇော်ခဲ့သည်။ ယေဟောဝါသည် ရှောလမုန်၏အိပ်မက်တွင်ပေါ်လာပြီး သူ့အား “ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဉ်” နှင့် စည်းစိမ်ဥစ္စာကို ပေးမည့်အကြောင်း ကတိပြုတော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၄-၁၄။ ၂ ရာဇဝင်ချုပ် ၁:၃) ဤစာစောင်၏ စာမျက်နှာ ၁၂-၁၇ တွင်ပါသောဆောင်းပါးသည် ဂိဗောင်မြို့တွင်နေထိုင်ခဲ့သူများမှဆင်းသက်လာသူများသည် နောက်ပိုင်းအချိန်များတွင် ဘုရားသခင်၏လူမျိုးတော်အတွင်း အထူးအခွင့်အရေးပေးခြင်းခံခဲ့ရသည်။ မည်သို့အားဖြင့်နည်း။
[Picture Credit Line on page 32]
Pictorial Archive (Near Eastern History) Est.