ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
ပါရဂွေးနိုင်ငံတွင် သီးခြားရပ်ကွက်၌အမှုဆောင်ခြင်းမှ အသီးသီးခြင်း
ကင်းမျှော်စင်အသင်း၏ ပါရဂွေးဌာနခွဲသည် မိမိနယ်မြေတစ်ရပ်ကွက်လုံးတွင် ဘုရားသခင်၏နိုင်ငံသတင်းကောင်းကို ဟောပြောဖို့လိုကြောင်း ကောင်းစွာသိရှိထားပါသည်။ (တမန်တော် ၁:၈) ဤအချိန်ကား ဘုရားသခင့်နိုင်ငံတော်အကြောင်းသင်ယူပြီး လာမည့် “ကြီးစွာသောဒုက္ခ” တွင်ဆိုးယုတ်မှုကို မဖျက်ဆီးမီ ယေဟောဝါအမှုတော်ထမ်းရမည့်အချိန် ဖြစ်သည်။ (မဿဲ ၂၄:၂၁၊ ၂၂) အသင်းတော်လက်အောက်၌မရှိသောရပ်ကွက်များနေ လူများကိုကူညီပေးရန် အဘယ်အမှုကိုထမ်းဆောင်နေကြောင်း အောက်ပါတွေ့ ကြုံမှုများက ဖော်ပြသည်။ ဌာနခွဲမှသတင်းကား ဤသို့–
ယာယီအထူးရှေ့ဆောင်များအကူအညီဖြင့် အသင်းတော်လက်အောက်၌မရှိသောရပ်ကွက်များတွင် အမှုဆောင်ရန် စီစဉ်ပါသည်။ ၁၉၉၀ လုပ်ငန်းတော်နှစ်၏ နိုဝင်ဘာမှဇန်နဝါရီလများအတွင်း ညီအစ်ကိုညီအစ်မ ၃၉ ဦးတို့သည် ဘုရားသခင့်နိုင်ငံအကြောင်း ကြေညာသူမရှိသည့် မြို့နှင့်ရွာကလေးပေါင်းတစ်ရာကျော်တွင် အမှုဆောင်ခဲ့ကြသည်။ စာအုပ်ပေါင်း ၆,၁၁၉၊ စာအုပ်ကလေးပေါင်း ၄,၂၆၂၊ မဂ္ဂဇင်းပေါင်း ၅,၁၄၄ အုပ်ဝေငှနိုင်ခဲ့ကြသည်။ ဤလုပ်ငန်း၏ရလဒ်အနေနှင့် ကြေညာသူအုပ်စုအသစ်များရှိလာပါပြီ။
▫ အသင်းတော်လက်အောက်၌မရှိသောရပ်ကွက်တစ်ခုတွင် အမှုဆောင်ခဲ့သော ရှေ့ဆောင်ညီအစ်မတစ်ဦးသည် အမျိုးသမီးတစ်ဦးအား သင်သည်ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုဝေငှခဲ့သည်။ ရှေ့ဆောင်က သူမအားကျမ်းစာသင်အံမှုကမ်းလှမ်းခဲ့ရာ ဝမ်းသာစွာလက်ခံသည်။ ရှေ့ဆောင်ပြန်လာသောအခါ အိမ်ရှင်မသာမက သူမ၏ယောက်ျားနှင့်သားသမီးဆယ်ယောက်ပါ စောင့်မျှော်နေကြသည်။ နောက်တစ်ကြိမ်လည်ပတ်သည့်အခါ ထိုအိမ်ထောင်စုအပြင် သူတို့မိတ်ဆွေများနှင့်အိမ်နီးချင်းများပါ ကျမ်းစာသင်အံမှုအတွက် အသင့်ရှိနေကြသည်။ သင်အံမှုသည် အလွန်ကောင်းကြောင်း၊ ယေဟောဝါပေးသောမျှော်လင့်ချက်နှင့်ကောင်းချီးများသည် အလွန်အားရရွှင်လန်းဖွယ်ရာကောင်းကြောင်း အိမ်ရှင်မက သူတို့အားပြောဆို၍ ခေါ်ဖိတ်ထားသည်။ မိမိအား မည်သူမျှ မပြောဖူးသည့်အကြောင်းများကို ကြားသိနေရ၍ ဤသတင်းကောင်းကို အိမ်နီးချင်းနှင့်မိတ်ဆွေများပါ ကြားသင့်သည်ဟု သူထင်မှတ်သည်။
ရှေ့ဆောင်သည် သင်အံမှုကျင်းပတိုင်း တက်ရောက်သူများသည့်အတွက် အသင်းတော်ကလေးတစ်ခုနှင့်တူပါသည်။ ဤစိတ်ဝင်စားသူများသည် မေးခွန်းများစွာမေးမြန်းပြီး သင်အံမှု၌ ပါဝင်ဖြေဆိုကြသည်။ ထိုရပ်ကွက်တွင်အမှုဆောင်ပြီးနောက် မိမိ၏မိတ်ဆွေများနှင့်အတူ အခြားနေရာသစ်သို့ ဆက်သွားရလိမ့်မည်အကြောင်း ရှေ့ဆောင်ကရှင်းပြသောအခါ အိမ်ရှင်မက သူတို့မည်သို့ဖြစ်ကျန်ရစ်ခဲ့မည်ကို စိုးရိမ်တကြီးမေး၏။ သို့နှင့်အနီးဆုံးအသင်းတော်ရှိ ညီအစ်ကိုများ သင်အံမှုလာဆက်လုပ်ကိုင်ပေးရန် စီစဉ်ပေးပါသည်။ ယခုဆိုလျှင် ဤစိတ်ဝင်စားသော သိုးကဲ့သို့သူများကို ကူညီပေးရန် အထူးရှေ့ဆောင်များအား တာဝန်ခန့်အပ်ပေးထားပါသည်။
▫ အသင်းတော်လက်အောက်၌မရှိသောအခြားရပ်ကွက်တစ်ခုတွင် တစ်အိမ်မှတစ်အိမ်သွားစဉ် ရှေ့ဆောင်ညီအစ်မတစ်ဦးသည် ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား စာအုပ်ကို လွန်ခဲ့သောဆယ်နှစ်ခန့်ကရရှိထားသူတစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ ထိုအချိန်ကတည်းက ယေဟောဝါသက်သေများနှင့် လုံးဝအဆက်ပြတ်သွားခဲ့သည်။ သို့ရာတွင် ဗိုလ်ခြေတို့၏အရှင်ယေဟောဝါဟု သူခေါ်ဆိုသော ယေဟောဝါရှင်သည် တစ်ဆူတည်းသောဘုရားမှန်ဖြစ်ကြောင်းနှင့် ကိုယ်တော်ကိုသာ ကိုးကွယ်ရမည်ဖြစ်ကြောင်း သူကောင်းစွာသိထားသည်။ သူ့ဟာသူစ၍ တွေ့ရှိသူအားလုံးကို ယေဟောဝါအကြောင်း ပြောဆိုနေခဲ့သည်။ အမှန်ဆိုလျှင် စိတ်ဝင်စားသောမောင်နှံစုံတစ်စုံထံ ပတ်စဉ်နှစ်မိုင်လမ်းလျှောက်သွား၍ ဘုရားသခင်အကြောင်းပြောပြပါသည်။ သူပြောသည်အတိုင်းဆိုလျှင် ‘သူတို့ထံ ကျွန်တော်မသွားတော့လျှင် ယေဟောဝါကို သူတို့မေ့သွားမည်’ ဟုဆိုသည်။ ဤအိမ်ထောင်သည်နှစ်ဦးအပြင် ကျမ်းစာသင်အံမှုတောင်းဆိုသော အခြားသူဆယ်ဦးခန့်ရှိနေပါသည်။ ဤစိတ်ဝင်စားသူက သူတို့အားဟောပြောသက်သေခံထားသောကြောင့်ပင် ဖြစ်သည်။
မှတ်သားဖွယ်ရာမှာ ရှေ့ဆောင်သည် သူအားမလည်ပတ်မီ ရက်အနည်းငယ်လောက်တွင် ဤသူသည် ဒေသခံဘာသာရေးဆရာအား အပျိုစင်ရုပ်ပုံနှင့်အတူ ထုံးတမ်းများပြုရန် အိမ်ထဲဝင်ခွင့်မပြုဘဲ ဤရုပ်ပုံများ၌ မယုံကြည်ကြောင်းရှင်းပြခဲ့သည်။ ဘာသာရေးဆရာသည် အမျက်ဒေါသထွက်ခဲ့သည်။ ထိုညတွင် ထိုသူသည် ယေဟောဝါထံမှ အကူအညီတောင်းဆိုလိုက်သည်။ ထိုကြောင့် ရှေ့ဆောင်ရောက်လာသည့်အခါ သူမည်မျှရွှင်လန်းလိုက်မည်ဖြစ်ခြင်း! စည်းစနစ်ကျနစွာကျမ်းစာသင်အံမှုပြုပေးရန် ချက်ချင်းပင်စီစဉ်လိုက်ပါသည်။ သီအိုကရက်တစ်အဖွဲ့အစည်းနှင့် ရင်ပေါင်တန်း၍ သူဆက်တိုးတက်နေပါသည်။
ပါရဂွေးနိုင်ငံရှိ ဤအသင်းတော်လက်အောက်၌မရှိသောရပ်ကွက်များတွင် စေ့စပ်စွာသက်သေခံရန် ညီအစ်ကိုများကြိုးစားနေကြစဉ် စုသိမ်းခြင်းလုပ်ငန်းကို ယေဟောဝါကောင်းချီးပေးနေပါသည်။—မဿဲ ၂၄:၁၄။ (က၉၂ ၄/၁ [လိပ်])