စိတ်ဝင်စားဖွယ်ကောင်းခြင်းထက်မကသော ကျောက်ဆောင်တိုင်များ
မြေထဲပင်လယ်ရှိ ရှေးဣသရေလကမ်းခြေ၏ဆိပ်ကမ်းဖြစ်ခဲ့သော ကဲသရိ (စီဇရီးယာ) ရှိ ကျောက်ဆောင်တိုင်များကို ဧည့်သည်များစိတ်ဝင်စားကြသည်။ မဟာဟေရုဒ်သည် ဤဆိပ်ကမ်းကိုတည်ဆောက်ခဲ့ပြီး ကဲသာသြဂုတ္တု (စီဇာသြဂတ်စ္စတပ်) ကိုဂုဏ်ပြုရန် ဤအမည်ပေးခဲ့ခြင်းဖြစ်သည်။
ရှေးဟောင်းသုတေသနပညာရှင်တို့သည် ထိုင်ခုံတန်းများပါသော ဇာတ်ရုံဝိုင်းကြီးများအပါအဝင် မြို့တော်၏အစိတ်အပိုင်းတော်တော်များများကို ပြန်လည်တွေ့ရှိခဲ့ကြသည်။ သဲသောင်ကမ်းခြေတွင် ဆိပ်ကမ်းကိုမည်သို့တည်ဆောက်ခဲ့ကြောင်း သိနားလည်နိုင်ရန်အတွက်လည်း ပညာရှင်တို့သည် ရေအောက်သို့ဆင်း၍ စူးစမ်းကြသည်။
နယူးယောက်တိုင်းမ် သတင်းစာ (၁၉၉၁ ခု၊ ဇန်နဝါရီ ၈ ရက်) က ယခင်ပင်လယ်ဘက်သို့ထိုးထွက်နေခဲ့သော နန်းတော်အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိကြောင်း ထုတ်ပြန်ကြေညာသည်။ ယင်းတို့တွင် ယခင်ကမသိခဲ့ဖူးသော ရောမအာဏာပိုင်များ၏အမည်များကို ရေးထွင်းထားသည့်အချက်မှာ ထူးခြားသည်။ သင်္ဘောများကို “ကြီးကြပ်ကွပ်ကဲသူ” ဟုဖော်ပြထားသည်။ ယင်းသည် “ဆိပ်ကမ်းနှင့်ပတ်သက်၍ ပထမဆုံးတွေ့ရှိရသောရေးမှတ်ချက်ဖြစ်သည်။”
တမန်တော်ပေါလုသည် သူ၏သာသနာပြုခရီးစဉ်နှစ်ခုအပြီးတွင် ဤဆိပ်ကမ်းသို့ဝင်ရောက်ခဲ့ကြောင်းကို ကျမ်းစာကျောင်းသားများသိကြသည်။ ထိုနေရာတွင် သတင်းကောင်းဟောသူ ဖိလိပ္ပုနှင့်အတူနေခဲ့ပြီး သူ၏တွေ့ကြုံမှုများသည် တပည့်တော်များကို များစွာခွန်အားရှိစေပေမည်။ (တမန်တော် ၁၈:၂၁-၂၂။ ၂၁:၇၊ ၈၊ ၁၆) ဤစိတ်လှုပ်ရှားဖွယ်တွေ့ကြုံမှုများကို သမ္မာကျမ်းစာရှိ တမန်တော်ဝတ္ထုကျမ်းစာစောင်တွင် ဖတ်ရှုနိုင်သည်။
ထို့ကြောင့် ကမ်းခြေတစ်လျှောက်ရှိဤကျောက်ဆောင်တိုင်ကြီးများသည် တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအထောက်အထားသက်သက်မျှသာမဟုတ်ပါ။ ရှေးခရစ်ယာန်ညီအစ်ကိုများသည် ဆိပ်ကမ်းများနှင့် “မြေကြီးစွန်းတိုင်အောင်” သတင်းကောင်းကို စိတ်အားထက်သန်စွာဖြန့်ဖြူးခဲ့ကြကြောင်း ခရစ်ယာန်များအား ပြန်လည်အမှတ်ရစေသည်။—တမန်တော် ၁:၈။
[Picture Credit Line on page 32]
Garo Nalbandian