ဘုရားသခင့်နာမတော်ပြန်လည်ဖော်ထုတ်ခံရ
“ဂျူးမျာ၏ဘုရားသာမက ခရစ်ယာန်များ၏ဘုရားလည်းဖြစ်သော ဘုရားသခင်၏နာမတော် ‘ယဟဝဟ’ ကို ပုံနှိပ်သူမူလထည့်ထားသည့်နေရာသို့ ပြန်ထည့်သွင်းနိုင်ရန် နှစ်ပေါင်း ၆၀ နီးပါး ကြာညောင်းခဲ့သည်။” ယင်းကား ဂျာမနီနိုင်ငံတောင်ပိုင်း ဟော့ဘ်မြို့ရှိ မြို့တော်ခန်းမမျက်နှာစာနံရံရှိ ဘုရားသခင့်နာမတော်ပြန်လည်ဖော်ထုတ်ရေးနှင့်ပတ်သက်၍ ဂျာမန်သတင်းစာ ရွှာဇဝါလ်ဒါဘို့တ် ၏မှတ်ချက်ဖြစ်သည်။ သို့သော်၊ ဘုရားသခင့်နာမတော်အဘယ်ကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရသနည်း။
ယင်းနောက်သတင်းစာက မြို့တော်ခန်းမအထက်ဘက်မျက်နှာစာကို အလှအပပန်းချီရုပ်များဖြင့် ပြုပြင်မွန်းမံချယ်သခဲ့သည်ဟု ဖော်ပြသည်။ ယင်းသို့ပြုရာတွင် ဘုရားသခင့်နာမတော်အသံထွက်ကို ဟေဗြဲစာဖြင့်ပေါင်းထားသော တက်တြာဂရမ်မီတန်ခေါ်စာလုံးလေးလုံးပုံစံလည်း ပါသွားသည်။
“သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၆,၀၀၀ ကျော်ပါဝင်သော ဤနာမတော်မှာ ‘ဂျေဟိုဗာ’ သို့မဟုတ် ဂျာမန်ဘာသာစကားတွင် အလားတူအသံထွက်မျိုးဖြစ်သည်။ အသံထွက်အတိအကျမှာ မသေချာပါ။ အကြောင်းမှာ ဟေဗြဲစာအရေးအသားတွင် ဗျည်းသာပါပြီး သရမပါသောကြောင့်ဖြစ်သည်။ သရကို ဖတ်သောသူက ထည့်ဖတ်ရသည်” ဟုသတင်းစာကဆက်ပြောသည်။
သို့ရာတွင် ၁၉၃၄ ခုနှစ်တွင် နာဇီပါတီ၏ကိုယ်စားလှယ်များက တက်တြာဂရမ်မီတန်သည် “ခေတ်အတွေးခေါ်နှင့်မညီညွတ်တော့” သဖြင့် ယင်းအပေါ်ထပ်၍ ဆေးသုတ်ပစ်ရမည်ဟု ဆုံးဖြတ်ကြသည်။ ဝမ်းသာစရာကား တက်တြာဂရမ်မီတန်သည် ယခုပြန်လည်ဖော်ထုတ်မွမ်းမံခြင်းခံခဲ့ရပြီးဖြစ်သည်။ သတင်းစာက ဤသို့ဖော်ပြသည်။ “ယနေ့ [မြို့တော်ခန်းမ] မျက်နှာစာရှိ သမိုင်းမြင်ကွင်းများ၊ အမှတ်တံဆိပ်များ၊ နံရံကပ်ရုပ်ကြွများသည် ဟော့ဘ်မြို့၏မြင်ကွင်းဖြစ်သည်။”