“လွန်ကဲသော တန်ခိုးတော်”
မည်မျှအထိ ခရစ်ယာန်တစ်ဦး ညှဉ်းဆဲခံနိုင်မည်နည်း။ ယနေ့ ခရစ်ယာန်များသည် ဆင်းရဲနွမ်းလျခြင်း၊ မိသားစုပြိုကွဲမှု၊ စိတ်ဒုက္ခ၊ ဖျားနာမှု၊ စစ်နှင့်ညှဉ်ပန်းနှိပ်စက်ခြင်းကို ကမ္ဘာချီခံစားနေကြရသည်။ ယင်းတို့ကိုကြုံရလျက်နှင့် သူတို့သမာဓိစောင့်သိရန် မျှော်လင့်နိုင်ပါမည်လော။ မျှော်လင့်နိုင်သည်ဟု တမန်တော်ပေါလုဤသို့ဆိုသည်။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ကိုယ်တော်အားဖြင့် ခပ်သိမ်း သောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၃။
အရာခပ်သိမ်းအတွက် ယေဟောဝါထံတော်မှခွန်အားသည် လုံလောက်ကြောင်း သမိုင်းကတင်ပြခဲ့ပြီ။ ဥပမာ၊ ဂျာမနီနိုင်ငံ၊ နာဇီခေတ်တွင် ယေဟောဝါသက်သေများသည် ရက်စက်ကြမ်းကြုတ်မှုများကို ခံစားခဲ့ကြရသည်။ သူတို့ခံနိုင်ရည်ရှိကြပါသလော။ လေဘီဘဲလ်ဖော့စ်ရှာအက်လီနာဇီမ် (ကျမ်းစာကျောင်းသားများနှင့် နာဇီဝါဒ) စာအုပ်က ဤသို့ဆိုသည်။ “ရိုက်နှက်ကြိမ်းမောင်း၊ ပိတ်ပင်တားဆီးခံရလျက်ပင်၊ လူအများရှေ့ အမျိုးမျိုးအရှက်ခွဲခံရခြင်း၊ အကျဉ်းချခြင်းနှင့် ချွေးတပ်စခန်းများတွင် ချုပ်နှောင်ထားခြင်းခံရလျက်ပင် ကျမ်းစာကျောင်းသားများ [ယေဟောဝါသက်သေများ] သည် တစ်ခါမျှ ‘ပြန်ပညာပေးခြင်း’ ကိုမခံယူကြပါ။”
ချွေးတပ်စခန်းများတွင် သက်သေခံများကို အင်္ကျီလက်ပေါ် ခရမ်းရောင်တြိဂံအစငယ်များ ချုပ်ထား၍ခွဲခြားသတ်မှတ်ပေးသည်။ သူတို့အား အထူးရက်စက်ရန်ဖြစ်သည်။ ယင်းကသူတို့ကို လက်မြှောက်အရှုံးပေးစေပါသလော။ စိတ်ပညာရှင် ဘရူနိုဘက်တဲလ်ဟိမ်းက ဤသို့သတိပြုပါသည်။ “သူတို့သည် မြင့်မားသောလူ့ဂုဏ်သိက္ခာနှင့် စာရိတ္တကောင်းများကို အထူးတင်ပြကြရုံမက ကျွန်တော်နှင့် ကျွန်တော်၏စိတ်ပညာရှင်မိတ်ဆွေများက စိတ်သဘောပြီးပြည့်စုံသည့်သူများဟု ယူမှတ်သူတို့၏စိတ်ဓာတ်ကိုပင် ဖျက်ဆီးဖြိုခွင်းသည့် တပ်စခန်းအတွေ့အကြုံတို့သည် သူတို့အားမဖြုံစေပါ။”
မှန်သည်၊ သူတို့မှာ ‘ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်သည့်ခွန်အား’ ရှိသည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါကို သူတို့အားထားကြသောကြောင့်ဖြစ်သည်။ ပေါလုက “လွန်ကဲသောထိုတန်ခိုးတော်သည် ငါတို့မှမဟုတ်၊ ဘုရားသခင့်ပိုင်ရာတော်ဖြစ်ကြောင်း ထင်ရှားစေရန် ဆိုခဲ့သည့်ဘဏ္ဍာတည်ရှိသော ငါတို့သည် မြေအိုးသဖွယ်ဖြစ်ကြ၏။” (၂ ကောရိန္သု ၄:၇၊ သမ) ခဲယဉ်းသောအခြေအနေမျိုးကို သင်တို့ကြုံတွေ့နေမည်ဆိုလျှင် ယေဟောဝါထံတော်မှ ကူညီမစမှုရရန်မျှော်လင့်ပါ။ ကိုယ်တော်ပေးသနားတော်မူသည့် လွန်ကဲသောတန်ခိုးတော်မှ ခွန်အားပြည့်တင်းလာသဖြင့် သင်သည် ခံနိုင်ရည်အမှန်ရှိပါလိမ့်မည်။—လုကာ ၁၁:၁၃။