ဘုရားသခင်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
ဗင်နီဇွဲလားနိုင်ငံ၌ ‘ရိတ်သိမ်းခြင်း’
ဟောပြောခြင်းလုပ်ငန်းကို နှစ်စဉ်ရိတ်သိမ်းချိန်နှင့် တစ်ခါကယေရှုခိုင်းနှိုင်းတင်ပြခဲ့သည်။ (မဿဲ ၉:၃၆-၃၈) ရိတ်သိမ်းချိန်၏သခင်ကား ယေဟောဝါဘုရားသခင်ဖြစ်တော်မူသည်။ ကမ္ဘာတစ်ဝန်း ရိတ်သိမ်းစရာများစွာရှိနေပါသည်။ ယင်း၌ဗင်နီဇွဲလားနိုင်ငံရှိ အမှုဆောင်ခဲ့သည့်ရပ်ကွက်များပါဝင်သည်။
ဂူအာရီကိုပြည်နယ်၊ စာဘာနာဂရမ်မြို့ရှိ ရပ်ကွက်တွင် သက်သေခံအချို့အမှုဆောင်ထွက်စဉ် မည်သို့ဖြစ်ပျက်ခဲ့ကြောင်း ကင်းမျှော်စင်အသင်း၏ ဗင်နီဇွဲလားဌာနခွဲရုံးက ဤသို့အကြောင်းကြားပါသည်။ သက်သေခံများဤသို့ဆိုသည်။ “ကျွန်မတို့တည်းခိုသည့်နေရာသည် စည်းဝေးများပြုလုပ်ရန်နေရာကောင်းဖြစ်သည့်အတွက် လူများအားစည်းဝေးသို့ချက်ချင်းဖိတ်ခေါ်သည်။ ယေဟောဝါသက်သေများအကြောင်း မကြားဖူးသူကများသည်။ ထိုမြို့တွင် ဧဝံဂေလိအဖွဲ့လေးခုရှိသော်လည်း သမ္မာကျမ်းစာကို သူတို့သင်ယူလိုစိတ်ပြင်းပြခဲ့သည်။
“နံနက်ပိုင်းတွင် သုံးနာရီ၊ မွန်းလွဲပိုင်းတွင် သုံးနာရီ တစ်အိမ်မှတစ်အိမ်လည်ပတ်ကာ နောက်တစ်နေ့ညကျင်းပမည့်စည်းဝေးသို့ လူတို့အားဖိတ်ကြားပါသည်။ ထိုင်ခုံများမရှိသည့်အတွက် မိမိထိုင်ခုံများနှင့်လာကြရန် အားပေးခဲ့ပါသည်။ စည်းဝေးစခါနီးတွင် လူတို့သည် ထိုင်ခုံကိုယ်စီယူလာကာ စည်းဝေးတက်ကြပါသည်။ စည်းဝေးပြီးနောက် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုရလိုသူများ၏ နာမည်နှင့်လိပ်စာရေးထားလိုကြောင်းကြေညာသည့်အခါ တက်ရောက်လာသူ ၂၉ ယောက်စလုံးက စာရင်းသွင်းကြပါသည်။
“နောက်ဆုံးဧည့်သည်ပြန်သွားချိန်တွင် တံခါးပိတ်နေစဉ် အိမ်ထောင့်၌လူသုံးဦးရပ်နေသည်ကို ကျွန်ုပ်တို့တွေ့ရှိကြသည်။ ၉ နာရီတွင် အစာစားရန်အသင့်ရှိသည့်အခါ ထိုလူသုံးဦးတံခါးလာခေါက်သည်။ ‘ဒီမြို့မှာ ဘာတွေလာဟောနေတာလဲ။ ညနေက ဘာအတွက်စည်းဝေးကြတာလဲ” အစရှိသည့်မေးခွန်းများကို သူတို့မေးမြန်းကြသည်။
“ကျွန်မတို့ဥပဒေကိုချိုးဖောက်မိသလားဟုမေးသော် မချိုးဖောက်ပါဟုဖြေဆို၍ သူတို့သည် မြို့တွင်းရှိဧဝံဂေလိအသင်းသုံးသင်း၏ တရားဟောဆရာများဖြစ်ကြောင်းပြောကြသည်။ ထိုညနေတွင် သူတို့အစည်းအဝေး၌ လူမရှိသဖြင့် စိတ်အနှောင့်အယှက်ဖြစ်မိကြောင်းပြောသည့်အခါ သူတို့အားအိမ်ထဲဝင်ရန်ဖိတ်ခေါ်၍ ကျွန်မတို့အလုပ်ကိုရှင်းပြပါသည်။ သူတို့အားစာအုပ်အနည်းငယ်ဝေပြီး လာမည့်အပတ် ကြာသပတေးနေ့တွင်ပြန်တွေ့ဆုံမည်ဟု ရက်ချိန်းလိုက်သည်။
“နောက်အပတ်ကြာသပတေးနေ့တွင် ထိုတရားဟောဆရာများ ပြန်လာကြသည်။ သူတို့နှင့်အတူ တရားနာလိုသူ ၂၂ ယောက်ပါ ပါလာသည်။ ကျွန်မတို့မှာ အမျိုးသမီးများဖြစ်သည့်အတွက် ကျမ်းစာဆွေးနွေးသည့်အခါ သူတို့နှင့်ယှဉ်နိုင်မည်မဟုတ်ဟုထင်နေကြသည်။ မည်သို့ဆိုစေ ကျွန်မတို့သဘောအရ ထိုဆွေးနွေးပွဲသည် အောင်မြင်ပါသည်။ အဆုံး၌ သမ္မာကျမ်းစာကိုပိုသိနားလည်လိုသူများ၏နာမည်စာရင်းကို ကျွန်မတို့ယူထားမည်ဟုရှင်းပြသည်။ သို့နှင့်တရားဟောဆရာများ၏အဖော်တို့ကလည်း သူတို့၏နာမည်များကို ထည့်ရေးပေးရန်တောင်းဆိုသည့်အပြင် ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်မတို့နှင့်လိုက်ကြည့်လိုကြောင်းပြောကြသေးသည်။
“ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်မတို့နှင့်တွဲမသွားမီ ကျမ်းစာပညာနှင့်လေ့ကျင့်မှုအလုံအလောက်ရှိဖို့လိုကြောင်း ကျွန်မတို့ရှင်းပြပါသည်။ ကျမ်းစာကိုသိလို၍ရှင်းပြပေးစေလိုသူများ ကျွန်မတို့အိမ်သို့နေ့တိုင်းလာကြသည်။ တစ်ခါတစ်ရံညဉ့်နက်သွားလွန်းသည့်အတွက် သူတို့ကိုအိမ်ပြန်ခိုင်းရသည်။ ယင်းရပ်ကွက်မှ ကျွန်မတို့ပြန်ထွက်သွားရသည့်အချိန်တွင် သူတို့အတော်ဝမ်းနည်းကြသည်။ နောင်တစ်ကြိမ်ပြန်လာသည့်အခါ ကျွန်မတို့နှင့်အတူ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်မည်ဟု ပြောကြပါသည်။ ထိုအချိန်ကျလျှင်သူတို့တိုးတက်သင့်သလောက်တိုးတက်နေပါလိမ့်မည်ဟု သူတို့ကတိခံကြသည်။”
ထိုရပ်ကွက်မှသက်သေခံများထွက်ခွာသွားသောအခါ သမ္မာကျမ်းစာလေ့လာသူ ၄၀ ရှိနေပါသည်။ ဤစိတ်ဝင်စားသူများ၏အမည်ကို မိုင် ၃၀ ခန့်ရှိသောအနီးဆုံးအသင်းတော်သို့အပ်ထားခဲ့သည်။ ထိုနောက်တွင် အခြားမြို့တစ်မြို့မှ သက်သေခံအချို့သည် ဤမြို့သို့ရွှေပြောင်းနေထိုင်ကြပြီဖြစ်၍ သတင်းကောင်းကိုဇွဲလုံ့လနှင့်ဟောပြောသည့်အုပ်စုကလေးတစ်စု ရှိနေပါပြီ။