စာရှုသူများထံမှ မေးခွန်းလွှာ
▪ ပဋိညာဉ်သစ်တွင်ပါဝင်မည့် အခြားတပည့်တော်များမပါဘဲ တမန်တော်များနှင့်သာ သတိရအောက်မေ့ရာပွဲကို ယေရှုအဘယ်ကြောင့် ကျင်းပခဲ့ရသနည်း။
ပဋိညာဉ်သစ်တွင်ပါဝင်ပြီးသား ဘိသိက်ခံခရစ်ယာန်အသင်းတော်နှင့် သခင့်ညစာစားရန် တမန်တော်များနှင့်ယေရှုစုဝေးခဲ့သည်ဟူသော အယူအဆမှားကိုအခြေပြုပြီး ဤမေးခွန်းမေးပုံရှိသည်။ အမှန်မှာ၊ စီအီး ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်နေ့တွင် ခရစ်ယာန်အသင်းတော်မတည်ထောင်သေးပါ။ တမန်တော်များနှင့်အတူ ဂျူးထုံးစံအရ နှစ်စဉ်ပသခါပွဲကိုကျင်းပရန် ယေရှုစုဝေးခဲ့ခြင်းဖြစ်သည်။
တမန်တော်များဟုခေါ်ဝေါ်ကြသော ၁၂ ဦးအပြင် ယေရှုမှာအခြားတပည့်တော်များလည်းရှိပါသည်။ ကိုယ်တော်မသေမီတစ်နှစ်အလိုတွင် ဟောပြောခြင်းခရီးစဉ်လှည့်ရန် တပည့်တော် ၇၀ ကိုစေလွှတ်တော်မူခဲ့သည်။ ရှင်ပြန်ထမြောက်ပြီးနောက် “ညီအစ်ကိုငါးရာမက တစ်ပြိုင်နက်မြင်ရကြ၏။” ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော် “တစ်ရာနှစ်ဆယ်” စုဝေးခဲ့သည်။ (၁ ကောရိန္သု ၁၅:၆။ တမန်တော် ၁:၁၅၊ ၁၆၊ ၂၃။ လုကာ ၁၀:၁-၂၄) သို့သော် သခင့်ညစာစားပွဲဟုအမည်တွင်သော နှစ်စဉ်ကျင်းပသည့်ပွဲတော်ကို ယေရှုစတင်ကျင်းပချိန်တွင်ရှိသောလူစုကို သုံးသပ်ကြည့်စို့။
လုကာ ၂၂:၇၊ ၈ ကထိုအချိန်ကာလကို ဤသို့ဖေါ်ပြသည်။ “ပသခါသိုးသငယ်ကိုသတ်ရသောနေ့တည်းဟူသော အဇုမပွဲရောက်သောအခါ ကိုယ်တော်က ‘ငါတို့စားဖို့ရာ သင်တို့သည်သွား၍ ပသခါပွဲကိုပြင်ဆင်ကြလော့’ ဟုပေတရုနှင့်ယောဟန်တို့ကိုစေလွှတ်တော်မူ၏။” မှတ်တမ်းကဤသို့ဆက်တင်ပြသည်။ “‘ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း ဆရာကမေးသည်’ ဟု အိမ်ရှင်ကိုပြောကြလော့။” ထိုကြောင့် ထိုညနေတွင် ဂျူးပွဲတော်ကိုကျင်းပခြင်းငှာ တမန်တော် ၁၂ ပါးနှင့်ယေရှုရှိတော်မူသည်။ သူတို့အား “ငါသည်အသေမခံမီ ဤပသခါပွဲကို သင်တို့နှင့်အတူ စားခြင်းငှာ အလွန်အလိုရှိလေပြီ” ဟုကိုယ်တော်မိန့်မြွက်သည်။—လုကာ ၂၂:၁၁၊ ၁၅။
အီဂျစ်နိုင်ငံတွင် ယင်းကိုစတင်ကျင်းပကတည်းက ပသခါပွဲတော်သည် မိသားစုလိုက်ကျင်းပသောပွဲဖြစ်ခဲ့သည်။ ပသခါပွဲစတင်ကျင်းပချိန်က အိမ်ထောင်တစ်အိမ်ထောင်စီ မိမိတို့အတွက် သိုးတစ်ကောင်သတ်ရမည်ဟု မောရှေအား ဘုရားသခင်မိန့်တော်မူခဲ့သည်။ အိမ်ထောင်စုနည်း၍ သိုးတစ်ကောင်လုံးကို စားမကုန်လျှင် အနီးနားအိမ်ထောင်တစ်ခုအား ခေါ်ဖိတ်သုံးဆောင်စေနိုင်ပေသည်။ သို့ဖြစ်၍ စီအီး ၃၃ ခုနှစ်တွင် ပသခါပွဲကျင်းပရန် ယေရှု၏တပည့်အများစုသည် မိမိတို့အိမ်ထောင်လိုက်စုဝေးခဲ့ပေမည်။
သို့သော် ယေရှု၏ဓမ္မအမှုဆောင်ရွက်ရာကာလအတွင်း ကိုယ်တော်နှင့်ခရီးလှည့်လည်ခဲ့သော အရင်းနှီးဆုံးတပည့်နောက်လိုက်များနှင့် နောက်ဆုံးတရားဝင်သည့်ပသခါပွဲကို ယေရှုစားခြင်းငှာ “အလွန်အလိုရှိ” ခဲ့သည်။ ထိုအချိန်ကား ကိုယ်တော်မသေမီ နောက်ဆုံးညလည်းဖြစ်သည်။ ထိုပသခါပွဲအဆုံးတွင် အနာဂတ်ကာလ၌ မိမိ၏တပည့်နောက်လိုက်အားလုံးကျင်းပမည့် ပွဲတော်အသစ်အကြောင်း သူတို့အားယေရှုမိန့်တော်မူခဲ့သည်။ ထိုအချိန်က အနာဂတ်၌ကျင်းပမည့် ခရစ်ယာန်ပွဲတော်တွင်အသုံးပြုသောစပျစ်ရည်သည် ပဋိညာဉ်ဟောင်းအစားဝင်မည့် “ပဋိညာဉ်သစ်” ၏အသွေးကိုတင်စားပါသည်။—လုကာ ၂၂:၂၀။
သို့သော် စီအီး ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်ညတွင် ပဋိညာဉ်အသစ်မှအကျိုးမခံစားရသေးချေ။ အကြောင်းမူကား တရားဝင်စေမည့်ယဇ်ကောင်တည်းဟူသောယေရှုကို မဆက်သရသေး၍ဖြစ်သည်။ ပဋိညာဉ်ဟောင်းရှိနေဆဲပင်။ သစ်တိုင်ပေါ် ယင်းကိုမရိုက်ရသေးချေ။ ၄င်းပြင် ဇာတိပကတိဣသရေလနှင့်ဖွဲ့သော ပဋိညာဉ်ဟောင်းအစား ဝိညာဏဣသရေလနှင့်ဖွဲ့သော ပဋိညာဉ်အသစ်ရှိနေပြီဖြစ်ကြောင်း ပင်တေကုတ္တေပွဲနေ့၌သာ ထင်ရှားလိမ့်မည်ဖြစ်သည်။—ဂလာတိ ၆:၁၆။ ကောလောသဲ ၂:၁၄။
သို့ဖြစ်သောကြောင့် သစ္စာရှိတမန်တော် ၁၁ ပါးသော်လည်းကောင်း၊ အခြားတပည့်တော်များသော်လည်းကောင်း ထိုညနေချိန်တွင် ပဋိညာဉ်သစ်တွင်မရှိကြပါ။ ယေရှုကအခြားဂျူးတပည့်တော်များအား ပသခါပွဲတော်ကိုကျင်းပရန် မိမိတို့အိမ်ထောင်စုများနှင့်စုဝေးစေခဲ့ခြင်းက သူတို့ကိုမနှစ်မြို့ကြောင်းတင်ပြနေခြင်း လုံးဝမဟုတ်ပါ။